စိတ်ကြည်လင်နေစေဖို့ လုပ်ဆောင်သင့်အရာများ။

စိတ်ကြည်လင်နေခြင်းက အရာရာတိုင်းမှာ ပိုပြီးအာရုံစိုက်ရလွယ်ကူစေပါတယ်။ အဲဒါကြောင့် ကိုယ်လုပ်သမျှ အရာတိုင်း အလွယ်တကူပြီးမြောက်စေနိုင်ပါတယ်။ အကောင်းမြင်စိတ်လည်း ပိုတိုးလာပါတယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ လူမှုအသိုင်းအဝန်းမှာပဲဖြစ်ဖြစ် ပိုပြီးလည်း ပျော်ရွှင်ကျေနပ်စိတ်ဖြစ်စေမှာပါ။ အဲဒါကြောင့် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး စိတ်ကြည်လင်နေစေဖို့ လုပ်ဆောင်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁)နေရောင်နဲ့အတူ နိုးထပါ။
အထူးသဖြင့် တစ်နေ့တာလုံး စိတ်ကြည်လင်လန်းဆန်းနေစေဖို့ မနက်စောစော အိပ်ရာထချိန်က အရေးကြီးပါတယ်။ မနက်ခင်းအလင်းရောင်က စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ alarm ကို ပြန်ပိတ်ပြီး ပြန်အိပ်လိုက်တာက သင့်ကိုလေးလံထိုင်းမှိုင်းစေပြီး စိတ်ကြည်လင်စေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပထမဆုံး alarm မြည်တဲ့အချိန်မှာ ထကိုထမယ်လို့တွေးပြီး တကယ်အိပ်ရာထကြည့်လိုက်ပါ။ မနက်ခင်းအလင်းရောင်ထွက်လာတာကို မြင်ရတာက သင့်ကိုစိတ်ကြည်လင်စေသလို၊ လတ်ဆတ်တဲ့လေနုအေးက သင့်စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။

၂) ကိုယ်လက်သန့်စင်ပါ။
နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ ကိုယ်လက်သန့်စင်ဖို့ပါ။ မနက်ခင်းအလင်းရောင်နဲ့အတူ နိုးထလိုက်တာက သင့်ကိုစိတ်ကြည်လင်စေပေမယ့်။ တစ်နေရာမှာ ထိုင်နေပြီး ဘာမှမလုပ်ဖြစ်ဘဲ နေရင်တော့ သင့်ကို ချက်ချင်းပြန်ပြီးလေးလံထိုင်းမှိုင်းချင်စိတ်တွေ ပြန်ဖြစ်ပေါ်လာမှာပါ။ တစ်နေ့တာလုံး စိတ်ကြည်လင်နေစေချင်တယ်ဆိုရင် မနက်ခင်းအလင်းရောင်နဲ့အတူ နိုးထပြီးတာနဲ့ သင့်ရဲ့ ကိုယ်လက်သန့်စင်ဖို့၊ ရေချိုးဖို့၊ ခေါင်းလျှော်ဖို့ စသည်ဖြင့် ဆက်လုပ်သင့်ပါတယ်။


၃)တရားထိုင်ပါ။
နောက်တစ်ချက်ကတော့ တရားထိုင်ဖို့ပါ။ တရားထိုင်ခြင်းက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ စိတ်တည်ငြိမ်နေတဲ့အခါ တခြား စိတ်အနှောင့်အယှက်ဖြစ်မယ့်ကိစ္စတွေကို တော်တန်ရုံနဲ့ ဒေါသထွက်တာ၊ ပေါက်ကွဲတာတွေ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် တရားထိုင်ခြင်းက တစ်နေ့တာလုံး စိတ်ကြည်လင်စွာ ဖြတ်သန်းနိုင်ဖို့ လုပ်သင့်ပါတယ်။

၄)သန့်ရှင်းရေးလုပ်ပါ။
အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ် မြင်သမျှ ရှုပ်ပွ၊ ပေညစ်နေရင် အလိုလိုကို စိတ်ရှုပ်ထွေးမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်က ရှုပ်ပွနေသမျှကို စိတ်ကြည်နေတုန်းမှာ ရှင်းလင်းလိုက်ပါ။ အဲဒါမှ ထပ်ပြီး စိတ်ကြည်လင်နေစေမှာပါ။

၅) အပင်လေးတွေ ရေလောင်းပါ။
အပင်လေးတွေ စိုက်ခြင်းက လူကိုကျန်းမာစေနိုင်ပါတယ်။ အပင်လေးတွေ လန်းဆန်းလာတာမျိုး၊ ပန်းလေးတွေ ပွင့်လာတာမျိုး ၊ အသီးလေးတွေ သီးလာတာမျိုး၊ အရွက်လေးတွေ ဝေလာတာမျိုး စသည်ဖြင့် မြင်ရတဲ့အခါ ခံစားရတဲ့ခံစားမှုက အပင်စိုက်ဖူးသူမှ သိတာပါနော်။ အဲဒါကြောင့် အတတ်နိုင်ဆုံး အပင်လေးတွေ စိုက်ပါ။ ထိုအပင်လေးတွေကို မနက်ခင်းတိုင်းမှာ ရေလောင်း၊ ပေါင်းသင်၊ မြက်နုတ် စသည်ဖြင့် ပြုလုပ်ခြင်းက သင့်ကိုစိတ်ကြည်လင်လန်းဆန်းစေမှာပါ။

၆) လမ်းလျှောက်ထွက်ပါ။
မနက်စောစော လမ်းလျှောက်ထွက်ခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်စေသလို လေကောင်းလေသန့်ရခြင်းကြောင့် စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ သင့်မှာ မွေးထားတဲ့ခွေးလေးတွေရှိရင်လည်း သူတို့နဲ့အတူလမ်းလျှောက်ထွက်ခြင်း၊ ပြေးခြင်းက သင့်အတွက်လည်း အဖော်ရသလို၊ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ စိတ်ကိုလည်း လန်းဆန်းစေပါတယ်။

၇) ပြုံးရွှင်ရယ်မောပါ။
မနက်စောစောမှာကတည်းက စိတ်ရှုပ်စိတ်ညစ်စရာတွေနဲ့ ပြည့်နေရင် တစ်နေ့လုံး စိတ်ကြည်လင်လန်းဆန်းနိုင်မှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် မနက်ခင်းမှာ စိတ်ပျော်ရွှင်စရာတွေ တွေးပါ၊ ပြောပါ၊ ဖလှယ်ပါ။ ပြုံးရွှင်ရယ်မောပါ။ အဲဒါက သင့်ကို စိတ်ကြည်လင်စေနိုင်မှာပါ။

အလွယ်ဆုံးအချက်လေးတွေမို့ လိုက်လုပ်ကြည့်ပြီး စိတ်ကြည်လင်စေခြင်းဖြင့် တစ်နေ့တာလုံး ကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။