ပင်ပန်းလွန်းတဲ့မိခင်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစောင့်ရှောက်မလဲ။

မိခင်ဘဝဆိုတာ အလွန်ခက်ခဲပင်ပန်းပြီး ကမ္ဘာပေါ်မှာ အားအင်ကုန်ခန်းခြေကုန်လက်ပန်းကျရဆုံးအလုပ်ပါ။ အဲဒါကို နားလည်နိုင်ရင်တောင်မှ တကယ်ခံစားရတဲ့သူထက်ပိုပြီး မသိနိုင်ပါဘူး။ မိခင်တွေသာ သိနိုင်တဲ့ကိစ္စမျိုးပါ။ အဲဒါကြောင့် သင့်ရဲ့ဒီနေ့ကော၊ မနက်ဖြန်ကော အခြားသောနေ့ရက်တွေတိုင်းမှာ အနားမယူဘဲ အမြဲခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေလို့မရပါဘူး။ မိခင်ဘဝက နေ့တိုင်းပင်ပန်းရမှာဖြစ်သလို ကိုယ့်ကိုကိုယ်အပန်းဖြေဖို့အချိန်လည်း တဖန်ပြန်ပေးသင့်ပါသေးတယ်။ မိခင်ဘဝမှာ အကောင်းဆုံးအနားယူနိုင်မယ့် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁) အိပ်ရေးဝအောင်အိပ်ပါ။ အနည်းဆုံး တစ်နေ့ကို ၇နာရီအိပ်ချိန်ပြည့်အောင်တော့ အိပ်ပါ။ အိပ်ချိန်ကို ပုံမှန်ဖြစ်စေတာက ပိုကောင်းပါတယ်။ ရက်သား၊ လသားနဲ့ ကလေးငယ်လေးတွေကို ပြုစုရတဲ့မေမေတွေကတော့ အိပ်ချိန်ပုံမှန်မဖြစ်နိုင်တော့ဘဲ ကလေးအိပ်တာနဲ့ မိခင်ကပါ အနားယူအိပ်စက်တာ မိခင်အတွက်အကောင်းဆုံးပါ။ ၂) အစာအာဟာရပြည့်ဝအောင် စားပါ။ သင့်ခန္ဓာကိုယ်မှာ အာဟာရနဲ့ပြည့်ဝနေဖို့လိုပါတယ်။ သင့်ရဲ့နေ့ရက်တွေမှာ အားအင်အပြည့်နဲ့ ဖြစ်နေစေဖို့ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ပါတာတွေ စားသုံးပေးပါ။ နို့တိုက်မိခင်တွေဆိုရင် မိခင်ရဲ့နို့ရည်ကတဆင့် ကလေးဆီ အာဟာရဓာတ်တွေရောက်မှ ကလေးက အာဟာရနဲ့ပြည့်ဝမှာမို့ နို့်တိုက်မိခင်တွေ အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါတယ်။ ၃) လေ့ကျင့်ခန်းလုပ်ပါ။ မိခင်တွေက တစ်မိသားစုလုံးအတွက် နေ့မအားညမအား အချိန်ပြည့်ဖြည့်ဆည်းပေးရပေမယ့် သူတို့ကိုယ်တိုင်အတွက်တော့ တကူးတကအချိန်ပေးတာမျိုးမရှိတတ်ကြပါဘူး။ အဲဒါကြောင့် မိခင်တွေက လေ့ကျင့်ခန်းလုပ်ဖို့အချိန်သပ်သပ်လုပ်ပြီး အရမ်းပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမဟုတ်ရင်တော့ အသေးဆုံးလေ့ကျင့်ခန်းက စလုပ်ကြည့်ပါ။ အဲဒါက သင့်ကို ပိုပြီး ကျန်းမာနုပျိုလာစေမှာပါ။ သတိထားရမှာတော့ ကလေးမွေးပြီးကာစ မေမေတွေကတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုံးဝမလုပ်သင့်သေးပါဘူးနော်။ ၄) မနှိုင်းယှဉ်ပါနဲ့။ ဘယ်သူနဲ့မှ မနှိုင်းယှဉ်မိပါစေနဲ့။ နှိုှု်င်းယှဉ်မိခြင်းက သင့်ကိုသင် စိတ်ဓာတ်ကျစေသလို မကောင်းမြင်တဲ့အမြင်၊ သိမ်ငယ်စိတ်တွေပါ ဖြစ်လာစေပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်ပေါ်မှာ တင်သမျှ မိခင်ဘဝတွေကို လိုက်ကြည့်ပြီး အားကျရင်း သူတို့နဲ့ကိုယ့်ဘဝကိုနှိုင်းယှဉ်မိလာတတ်ပါတယ်။ အဲဒါက အရမ်းကို ဆိုးဝါးတဲ့စိတ်ဓာတ်ကျဆင်းခြင်းကိုတောင် ဖြစ်လာစေနိုင်ပါတယ်။ လူတိုင်းက ကိုယ့်ဘဝအခြေအနေနဲ့ကိုယ် ပျော်အောင်နေတာသာအကောင်းဆုံးပါ။ သူများဘဝနဲ့ကိုယ့်ဘဝကဘယ်လိုမှမတူနိုင်ပါဘူး။ ကိုယ်ရောက်နေတဲ့ဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ဖို့သာလိုတာပါ။ ၅) သင်ချစ်တဲ့အရာတွေကို လုပ်ဆောင်ပါ။ သင့်ရဲ့အားလပ်ချိန်မရှိရှိတဲ့ကြားက ရသလောက်အချိန်လေးမှာ သင်ချစ်တဲ့အရာလေးတွေ ဖန်တီးတာမျိုး၊ သင်လုပ်ချင်နေတာလေးတွေ လုပ်ဆောင်တာမျိုးက သင့်ကို ပျော်ရွှင်စေပါတယ်။ ၆) သင့်ကိုသင်အလိုလိုက်ပါ။ ရေချိုးပြီး လန်းဆန်းစွာနေပါ။ စာဖတ်ချင်ရင် စာဖတ်ပါ။ အနားယူချင်ရင် အနားယူပစ်လိုက်ပါ။ သင့်ကိုသင်သက်တောင့်သက်သာရှိတဲ့အချိန်လေးပေးပါ။ သင့်စိတ်တွေပြန်ပြီး လန်းဆန်းစေဖို ပိုက်ဆံတွေအများကြီးရှိစရာမလိုပါဘူး၊ အနားယူဖို့ပဲလိုတာပါ။ ၇) အကူအညီတောင်းဖို့ မခဲယဉ်းပါစေနဲ့။ စိတ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ် အကူအညီလိုအပ်တဲ့အခါ တောင်းဆိုဖို့ ဝန်မလေးပါနဲ့ ။ လေ့လာတွေ့ရှိချက်တွေအရ အမေတွေက မိသားစုကအကူအညီတောင်းရင်သာ အပြည့်အဝကူညီပေးတတ်ပြီး သူတို့အတွက်ကျတော့ အကူအညီတောင်းဆိုဖို့ကို ဝန်လေးတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေမကောင်းတဲ့အခါကျရင်လည်း ကျွမ်းကျင်တဲ့ဆရာဝန်နဲ့စကားပြော ဆွေးနွေးတာမျိုးလုပ်ပေးပါ။ ရုပ်ပိုင်းဆိုင်ရာအရ အိမ်အလုပ်တွေပုံနေတဲ့အခါမျိုးမှာလည်း ကိုယ့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်း၊ မိဘမောင်နှမကို ဝိုင်းကူလုပ်ဖို့ အကူအညီတောင်းပါ။ အဲဒါက ရှက်စရာမဟုတ်ပါဘူး။ ကိုယ်မနိုင်တဲ့ဝန်ကို အမြဲထမ်းခြင်းကသာ ကြာလာတဲ့အခါ သင့်ကိုထိခိုက်စေနိုင်ပါတယ်။ ကိုယ်မလုပ်နိုင်တာကို လုပ်နိုင်တဲ့သူတွေရှိပါတယ်။ ကူညီပေးပါလို့ ပြောရမှာ တာဝန်မကျေတာမဟုတ်ပါဘူးနော်။ ဒီအချက်လေးတွေက ရိုးရိုးလေးတွေနဲ့ တစ်နေ့တာလုံးမှာ ပုံမှန်လေး ကျင့်သုံးသွားရုံနဲ့ မိခင်ဘဝမှာ သက်သောင့်သက်တာဖြစ်စေနိုင်ပါတယ်။ မိခင်ဖြစ်သူမှာ တာဝန်တွေများလှတာကြောင့် နေ့ရက်တိုင်း ဖိစီးပြီး ပင်ပန်းနွမ်းနယ်နေလို့မဖြစ်ပါဘူးနော်။ ကျန်းမာရွှင်လန်းပြီး အမြဲတက်ကြွတဲ့မေမေတွေဖြစ်ကြပါစေ။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။