ဓမ္မတာ ရာသီလာခြင်း သည် ရှက်စရာမဟုတ်ပါ။

သိပ္ပံနဲ့ဆေးပညာမထွန်းကားခင်တုန်းကတော့ ရာသီလာခြင်းကို မကောင်းသောကိစ္စရပ်ကြီးတစ်ခုလို အမျိုးသမီးတွေကိုနှိမ့်ချဆက်ဆံတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တစ်ချို့သော အယူကြီးသူတွေက ဒီကိစ္စကြီးက မနှစ်မြို့ဖွယ်ရာ ကိစ္စရပ်ကြီးတစ်ခုလိုမျိုး ဖယ်ကျဉ်ထားတတ်ကြပါတယ်။ ဒါ့အပြင် ဒီလိုကိစ္စမျိုးကို ထုတ်ဖော်ပြောတာကို ဟန့်တားတတ်ကြပါသေးတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်ကို ဘုန်းကံနိမ့်လို့ပါဆိုတဲ့ အတွေးအခေါ်မျိုးတွေနဲ့လည်း ရှုံ့ချတတ်ကြပါသေးတယ်။ တကယ်တော့ အဲဒါဟာ မှားယွင်းတဲ့အယူအဆတွေဖြစ်ပါတယ်။


ယုတ္တိရှိရှိစဉ်းစားကြည့်ရင် အမျိုးသမီးတွေက နောက်ထပ်
လူသားမျိုးနွယ်တစ်ဦးအောင်မြင်စွာဖွံ့ဖြိုးလာဖို့အတွက် ကလေးတစ်ယောက်အဖြစ်
သန္ဓေမတည်လာခင်မှာကတည်းက သဘာဝက ပုံမှန်လည်ပတ်ပေးထားတဲ့ ရာသီစက်ဝန်းကို ခံယူထားရခြင်းသာဖြစ်ပါတယ်။
ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားဖို့အတွက်ကို
သီးခြားတာဝန်တစ်ခုအနေနဲ့ သဘာဝကပေးအပ်ပြီးသားဖြစ်ပါတယ်။ အဲဒီအတွက်ကို အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက အမျိုးသားတွေ ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်းမတူကြပါဘူး။ အမျိုးသားတွေက ကိုယ်ခန္ဓာကြံံ့ခိုင်သန်မာပြီး
ဦးဆောင်နိုင်သူတွေအဖြစ်မွေးဖွားလာကြပြီး အမျိုးသမီးတွေကတော့ သဘာဝအရ မျိုးဆက်သစ်ရင်သွေးငယ်လေးတွေမွေးဖွားဖို့အတွက် သန္ဓောသားမှီတွယ်ဖို့
သားအိမ်ဆိုတဲ့အရာတစ်ခုကို လက်ဆောင်အဖြစ်ပါလာခဲ့ပြီးသားဖြစ်ပါတယ်။ မျိုးပွားအဂါၤရပ်အရ
ရှိသင့်ရှိထိုက်တာကို သဘာဝက ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့
သားသမီးကိုရင်ခွင်ထားပြုစုစောင့်ရှောက်ဖို့ကို စိတ်ထားနူးညံ့သူအမျိုးသမီးတွေရဲ့
မျိုးပွားအဂါၤတစ်ရပ်အနေနဲ့ သဘာဝက တမင်ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဓမ္မတာလာခြင်းဆိုတာ ကြောက်ရွံ့စရာ၊ ရှက်စရာမဟုတ်ဘဲ သဘာဝကပေးအပ်ထားတဲ့ သားအိမ်ကနေ သန္ဓေသားလောင်းမဖြစ်နိုင်တဲ့သားဥတွေက ကြွေဆင်းလာခြင်းပဲဖြစ်ပါတယ်။
အဲဒါကြောင့် အမျိုးသမီးတွေမှာ သန္ဓေတည်မှ ဂရုစိုက်ရတာမျိုးလည်း မဟုတ်ဘဲ
ပုံမှန်လို ဓမ္မတာလာချိန်မျိုးမှာဆိုရင် နာကျင်ခြင်း၊ ကိုက်ခဲခြင်းစတဲ့ဝေဒနာပေါင်းစုံကို ခံစားကြရပါသေးတယ်။
ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်း တဝိုက်၊ခါးနဲ့တင်ပါးဆုံပိုင်း၊ပေါင်တို့မှာ ကိုက်ခဲတာ၊တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တေ်ာ များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကိုလုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိခံစားကြရတာမျိုးတောင်ရှိပါတယ်။ တချို့ဆို အိပ်ရာထဲကနေမထနိုင်လောက်တဲ့အထိ ပြင်းထန်စွာခံစားကြရပါတယ်။ အဲဒီလို ဆိုးရွားမှုတွေကို အမျိုးသမီးတွေပဲ လက်ခံထားရတာပါ။ အဲဒါကြောင့် မျိုးဆက်ပြန့်ပွားဖို့အရေး ဒီရာသီစက်ဝန်းသံသရာကြီးကို အမြဲခံစားနေရတဲ့အမျိုးသမီးတွေကို စက်ရှုံ့စရာအဖြစ်သတ်မှတ်မယ့်အစား လေးစားတောင်လေးစားသင့်ပါသေးတယ်။ လူမှုဝန်းကျင်မှာလည်း ထိုကိစ္စကို ရှက်စရာအဖြစ်မြင်ရမယ့်အစား ထိုကိစ္စကြောင့် ဝေဒနာခံစားနေရတာမျိုးကို ဝိုင်းပြီးဖေးမပေးသင့်ပါတယ်။ အမျိုးသားတွေထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့အမြင်မျိုးကို ဖယ်ရှားသင့်ပါတယ်။ အမျိုးသားတွေကပါ သဘာဝအရပေးအပ်တဲ့တာဝန်ကို ခံယူထားတဲ့အမျိုးသမီးတွေအဖြစ် မြင်သင့်ပါတယ်။ ဝိုင်းပြီး ဖေးမ ကူညီတာမျိုးလုပ်သင့်ပါတယ်။ အမျိုးသမီးတွေက သန္ဓေမတည်ခင် သားဥကြွေကျချိန်မှာလည်း ထိုကဲ့သို့နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံယူထားရသလို သန္ဓေတည်လာတဲ့အခါကျပြန်တော့လည်း သန္ဓေစတည်လာကတည်းက အနေအထိုင်၊ အပြုအမူ၊ အစားအသောက် စသည်ဖြင့် ထပ်ပြီး ဆင်ခြင်ကြရပြန်ပါသေးတယ်။
အဲဒါကြောင့် ထိုကဲ့သို့ နောက်ထပ်မျိုးနွယ်တစ်ဦးကို ဗိုက်ထဲမှာသန္ဓေတည်ဖို့အရေး ဂရုတစိုက်စောင့်ရှောက်ရတဲ့အပြင် သန္ဓေမတည်ခင်ကတည်းက နာကျင်မှုတွေကို လစဉ်ခံစားကြရတဲ့ အမျိုးသမီးတွေရဲ့ လစဉ် ဓမ္မတာလာခြင်း ကိစ္စဟာ အားလုံးအတွက်ရှက်စရာမဟုတ်ပါဘူး။ လောကမှာ လူသားလိင်အရ အမျိုးသားနဲ့အမျိုးသမီး၂မျိုးထဲရှိတဲ့အထဲမှာ အမျိုးသမီးတွေမှာသာ ထိုကဲ့သို့သားအိမ်ပါမလာခဲ့ရင် လူသားမျိုးနွယ်ဆိုတာလည်း ရှိလာတော့မှာမဟုတ်ပါဘူး။အဲဒါကြောင့် ရာသီစက်ဝန်းသံသရာဟာ သဘာဝအရ၊ လူသားမျိုးနွယ်အတွက်၊ ကျန်းမာရေးအရ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရှက်စရာမဟုတ်ပါ။ ဘုန်းကံနိမ့်တာမဟုတ်ပါ။ နိမ့်ကျသူမို့ ခံစားရတာမဟုတ်ပါ။ မကောင်းသောကိစ္စကြီးမဟုတ်ပါ။ လူသားမျိုးနွယ်အတွက် အမျိုးသမီးတွေက ဆောင်ရွက်ပေးရတာမို့ ကျေးဇူးတောင်တင်သင့်ပါသေးတယ်နော်။
ဝေဒနာပေါင်းများစွာခံစားပြီး လူသားမျိုးနွယ်ပျံ့နှံ့ဖို့အတွက် ရာသီစက်ဝန်းသံသရာကို လက်ခံထားရတဲ့အမျိုးသမီးတွေကို ခုကစပြီး ဘုန်းကံနိမ့်တယ်လို့မယူဆဘဲ၊ ရှက်စရာကိစ္စကြီးအဖြစ်မတွေးကြဘဲ ထိုဝေဒနာခံစားနေရသူအမျိုးသမီးများကို ဖေးမကူညီပေးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။