ပေးသူနဲ့ ယူသူ
လောကမှာ ပေးတဲ့လက်ကသာ အမြတ်ဆုံးလို့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ပေးနိုင်တိုင်းလည်း ပေးကမ်းတိုင်းလည်း အမြတ်ဆုံးလို့ ယူဆလို့မရနိုင်ပါဘူး။ ပေးတဲ့သူရဲ့စိတ်ရင်းပေါ်မူတည်ပြီးမှ မွန်မြတ်တယ်၊ မွန်မြတ်ခြင်းမရှိဘူးရယ်လို့ ကွဲလွဲသွားနိုင်ပါတယ်။ အဲဒီလိုပါပဲ ယူတဲ့သူမှာလည်း လိုချင်တပ်မက်တဲ့စိတ်နဲ့ တကယ်လိုအပ်လို့ မဖြစ်မနေယူရမယ့်စိတ်ပေါ်မူတည်ပြီး တန်ဖိုးထားခြင်း မထားခြင်းရယ်လို့ ကွဲလွဲသွားနိုင်ပြန်ပါတယ်။
ပေးတဲ့သူမှာ (၁) တကယ့်စိတ်ရင်းအမှန်နဲ့ပေးသူ ရယ်၊ (၂) အခြားသူတွေရဲ့အမြင်မှာ ကောင်းတဲ့သူအဖြစ် အထင်ခံချင်စိတ် ဒါမှမဟုတ် ကိုယ်ရည်သွေးချင်တဲ့စိတ်နဲ့ပေးကမ်းသူဆိုပြီး ၂မျိုးခွဲနိုင်ပါတယ်။
၁) တကယ့်စိတ်ရင်းအမှန်နဲ့ ပေးကမ်းသူက တကယ်လိုအပ်နေတဲ့သူကို သဒါ္ဒတရားအမှန်၊ ဘာကိုမှ ပြန်လိုချင်စိတ် မရှိဘဲ ပေးကမ်းသူမျိုးပါ။ ထိုသူမျိုးက အမှန်တကယ်လိုအပ်နေတဲ့သူအတွက် အမှန်တကယ်လိုအပ်နေတဲ့အရာကို ပေးချင်စိတ်တဖွားဖွားဖြစ်ပေါ်လာလို့သာ ပေးကမ်းလိုက်ခြင်းပါပဲ။ ယူလိုက်တဲ့သူဆီကနေ ဘာဆိုဘာမှ ပြန်ပြီးရယူလိုစိတ်မရှိသလို၊ “ငါတော့ ဘယ်သူ့ကိုဘယ်လိုပေးကမ်းလိုက်တာ…..” ဆိုပြီး ကိုယ်ရည်သွေးချင်စိတ်လည်း မရှိပါဘူး။ ပြန်လိုချင်စိတ်လည်း မရှိဘဲ ဘာမျှော်လင့်ချက်မှ မရှိတဲ့သူမျိုးပါ။ ကိုယ်ပေးလိုက်ရတဲ့သူနဲ့ ဓာတ်ပုံချင်းတွဲရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်ဖို့ဆိုတာမျိုးလည်း လုံးဝအတွေးမရှိတဲ့သူမျိုးပေါ့။ သူ့ခမြာ တကယ်လိုအပ်နေရှာပါလား…..ဆိုတဲ့စိတ်ကြောင့်တကယ်ပေးချင်စိတ်တဖွားဖွားဖြစ်ပေါ်လာပြီး ပေးကမ်းလိုက်မယ်။ အဲဒီ့အတွက် ယူလိုက်ရတဲ့သူမှာလည်း တကယ်မဖြစ်မနေလိုအပ်နေလို့ အများကြီး အကျိုးရှိသွားသလို နှစ်ဦးစလုံးရဲ့စိတ်ထဲမှာလည်း ပြောမပြနိုင်တဲ့ခံစားမှုမျိုး အပြန်အလှန်ခံစားနေရမှာဖြစ်ပါတယ်။ ပေးလိုက်ရတဲ့သူမှာလည်း သူပေးလိုက်ခြင်းက အခြားသူအတွက် အမှန်တကယ်အသုံးဝင်သွားတာမို့ စိတ်ထဲမှာ ပြည့်ပြည့်၀၀နဲ့ပီတီဖြစ်နေမှာဖြစ်သလို၊ ယူလိုက်ရတဲ့သူမှာလည်း တကယ်လိုအပ်နေတဲ့အရာဖြစ်တဲ့အတွက် လှိုက်လှဲစွာ စိတ်ထဲကကျေးဇူးတင်နေမှာပါ။ ထိုအမျိုးအစားပေးကမ်းသူမှာလည်း ဘယ်လိုပေးကမ်းလိုက်ရတယ်ဆိုပြီး ယူတဲ့သူကို တစ်ချိန်မှာ နှိမ်တဲ့စကားမျိုး၊ အဆင့်အတန်းခွဲခြားတဲ့စကားမျိုး ဘယ်လိုအကြောင်းနဲ့မှ ပြောဖြစ်မှာမဟုတ်ပါဘူး။
များသောအားဖြင့်ကတော့ ထိုကဲ့သို့ ဘာကိုမျှ မမျှော်ကိုးဘဲ ပေးကမ်းခြင်းမျိုးက မိဘများကသာ လုပ်နိုင်တာဖြစ်ပြီး အခြားဘယ်သူကမှ လုပ်နိုင်မှာမဟုတ်ပါဘူးလို့ အထင်မှားတတ်ကြပါတယ်။ တကယ်တော့ ထိုနံပါတ် ၁အမျိုးအစား ပေးကမ်းသူနဲ့ ယူတဲ့သူမျိုး ပတ်ဝန်းကျင်မှာ အမှန်တကယ်ရှိပါတယ်။ ထိုပေးကမ်းသူမျိုးက ဘာကိုမှ ကိုယ်ရည်သွေးခြင်းမျိုးမရှိလို့ မသိလိုက်ရတာဖြစ်မှာပါ။ ဥပမာ။ လမ်းလျှောက်နေရင်း ဖိနပ်ပြတ်သွားတဲ့သူတစ်ယောက်ကို ကိုယ်စီးလာတဲ့ဖိနပ်ချွတ်ပြီး ပေးခဲ့တာမျိုးပေါ့။ ကိုယ်တိုင်ကျခြေဗလာနဲ့လျှောက်ရပေမယ့် အခြားသူလိုအပ်နေချိန်မှာ ကိုယ့်ကျိုးစွန့်ပေးကမ်းနိုင်ခြင်းမျိုးပါ။
နံပါတ် ၂အမျိုးအစား ပေးကမ်းသူကတော့ ပေးကမ်းချင်စိတ်က အပေါ်ယံအတွက်သာဖြစ်ပါတယ်။ များသောအားဖြင့် ထိုအမျိုးအစားပေးကမ်းသူက သူ့ထံမှာ ပိုလျှံနေလိုပဲဖြစ်ဖြစ်၊ သူမလိုချင်တော့လို့ပဲဖြစ်ဖြစ် အခြားသူနဲ့ အဆင်ပြေမပြေ သိပ်လေးနက်စွာမတွေးတောတတ်ပါဘူး။ အဲဒါအပြင် ယူလိုက်ရတဲ့သူရဲ့ခံစားချက်ကိုလည်း သိပ်ထည့်မတွေးတတ်ပါဘူး။(တစ်ချို့ဆို မယူရင်တောင် မာနကြီးလိုက်တာဆိုပြီး အပြစ်တင်တတ်ပါသေးတယ်) တနည်းအားဖြင့် တစ်ဖက်သတ်ဆန်တဲ့ ပေးသူမျိုးပေါ့။ ပြီးတော့ သူ့ရဲ့ပေးကမ်းခြင်းအတွက် တစ်ခုခုကို ပြန်ပြီးမျှော်လင့်တတ်သူမျိုးပါ။ အထူးသဖြင့် လူအများရှေ့မှာ ကြွားဝါချင်စိတ်များတဲ့သူမျိုးက နံပါတ်နှစ်အမျိုးအစားဖြစ်လေ့ရှိပါတယ်။ ထို့ထက်ဆိုးတဲ့သူမျိုးကတော့ ယူလိုက်တဲ့သူက ယခင်ထက်အဆင်ပြေပုံရတဲ့အခြေအနေမျိုးမှာဆိုရင် “တစ်ချိန်တုန်းက သူဘယ်လိုပေးခဲ့ကြောင်း၊ အဆင့်က သူပေးတာယူတဲ့အဆင့်ပဲရှိတယ်” ဆိုတဲ့စကားမျိုးနဲ့ တဖက်လူကို နှိမ်တာမျိုးလုပ်တတ်ပါသေးတယ်။
ဒီလိုရေးတော့ “ပေးလည်းပေးရသေးတယ်…..အပြစ်ကအတင်ခံရသေးတယ်” လို့ ပြောနိုင်ပါတယ်။ တကယ်တော့ ကိုယ့်မှာရှိနေတာ၊ ကိုယ့်အတွက်အသုံးဝင်နေတာကို စွန့်လွှတ်ခံနိုင်ပြီး အခြားသူအဆင်ပြေစေလိုစိတ်နဲ့ အခြားသူကိုပေးကမ်းနိုင်ခြင်းကသာ ချီးကျူးစရာကောင်းတာပါ။(အပေါ်က နံပါတ် တစ်အမျိုးအစားလူမျိုးပေါ့)။
ပေးကမ်းချင်စိတ်က ကောင်းပါတယ်။ ဒါပေမယ့် တခါတရံမှာ တစ်ဖက်လူရဲ့စိတ်ထဲကခံစားချက်ကိုလည်း ဝင်ခံစားပေးတတ်ဖို့ အထူးသဖြင့် ကိုယ်ချင်းစာတတ်ဖို့လိုပါသေးတယ်။ ဥပမာ။ ကိုယ်မလိုချင်တဲ့အင်္ကျ ီအဟောင်းတွေကို ဗီရိုရှင်းပြီးရောဆိုပြီး အခြားသူလိုချင်မှန်းမသိ မလိုချင်မှန်းမသိ ပေးလိုက်တာမျိုးပေါ့။ (ထိုပေးကမ်းမှုမျိုးရဲ့အဓိက ရည်ရွယ်ချက်နဲ့စိတ်ရင်းက ကိုယ့်ဗီရိုကြီး ရှင်းသွားဖို့မဟုတ်လား။ )
ကိုယ်ပေးလိုက်တဲ့ပစ္စည်းဟာ တစ်ဖက်လူတကယ်လိုအပ်ရဲ့လား၊ တဖက်လူကကော အမှန်တကယ်လက်ခံချင်စိတ်ရှိရဲ့လား၊ သူ့အတွက် ကိုယ့်ကိုငြင်းဆန်ရမှာကို အားတုံ့အားနာဖြစ်စွာနဲ့များ လက်ခံလိုက်ရတာမျိုးလား ဆိုပြီး ပြန်တွေးပေးသင့်ပါတယ်။ ဒီနေရာမှာ ယူတဲ့သူရဲ့စိတ်ကလည်း “ငါလိုအပ်နေတာနဲ့အတော်ပဲ” ဆိုတဲ့စိတ်မျိုးက ပြဿနာမဟုတ်ပါဘူး။ ယူတဲ့သူကိုယ်တိုင်က “ဒါတွေက ငါ့အတွက်မှ အသုံးမဝင်တာ” ဆိုတာမျိုးဆိုရင် ပေးကမ်းသူကော ယူတဲ့သူကော အဆင်မပြေနိုင်ပါဘူး။ ပေးတဲ့သူရဲ့စိတ်ထဲမှာ လေးနက်တဲ့ပီတိမခံစားရသလို၊ ယူတဲ့သူရဲ့စိတ်ထဲမှာလည်း လေးနက်တဲ့ကျေးဇူးတင်စိတ်ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါက ပေးတဲ့သူက ပေါ့တန်စွာတွေးပြီးပေးတဲ့အတွက် ယူတဲ့သူရဲ့စိတ်မှာလည်း ပေါ့တန်တဲ့အတွေးဖြစ်လာရတာပါပဲ။ အဲဒါကြောင့် ပေးကမ်းသူသာ မြတ်တယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူးနော်။ မြန်မာစကားတစ်ခုကြားဖူးမှာပါ “မကောင်းကျောင်းပို့….” ဆိုတာပါ။ ထိုကဲ့သို့မဖြစ်ဖို့လိုပါတယ်။
နောက်တစ်ခုကတော့ ယူတဲ့သူပါ။ ယူတဲ့သူက တကယ်လိုအပ်တဲ့အရာဖြစ်နေတဲ့အခါ ပေးကမ်းသူကို လေးနက်စွာကျေးဇူးတင်စိတ်ဖြစ်ပေါ်မယ်။ ထိုစိတ်ကြောင့် ပေးသူကော၊ ယူသူကောရဲ့ခံစားချက်က ကောင်းမွန်ပါလိမ့်မယ်။ ဒါပေမယ့် ယူတဲ့သူက လိုချင်တပ်မက်စိတ်၊ အဓိက လောဘစိတ်နဲ့တောင်းဆိုပြီး လိုချင်တာမျိုးဆိုရင်တော့ ယူတဲ့သူက မကောင်းပါဘူး။ တကယ်လိုအပ်နေတာ ၊ မလိုအပ်နေတာထက် အခြားသူရဲ့ပစ္စည်းကို လိုချင်တပ်မက်တဲ့စိတ်ကိုက မကောင်းတာဖြစ်တဲ့အတွက် လောဘက ဆက်ပါလာမှာပါ။ အဲဒီ့အခါ ပေးရမယ့်သူက မပေးချင်တာမျိုး ဒါမှမဟုတ် သူ့အတွက် တကယ်လိုအပ်နေတဲ့အရာမျိုးမို့ အခြားသူကို အနစ်နာခံပြီး မပေးချင်တာမျိုးဖြစ်လာတဲ့အခါ ပေးသူရဲ့ခံစားချက်ကလည်း မကောင်းနိုင်ပါဘူး။(သူတကယ်စွန့်လွှတ်ပြီး ပေးကမ်းချင်တာမျိုးမှ မဟုတ်တာနော်) အဲဒီစိတ်ကြောင့် ပေးကမ်းသူစိတ်မကောင်းနိုင်သလို၊ ယူတဲ့သူလည်း လောဘများလာပါတယ်။ အဲဒါက ယူချင်တဲ့သူက အခြားသူပိုင်ဆိုင်မှုကို လိုချင်တပ်မက်စိတ်နဲ့လိုချင်တာမို့ နှစ်ဦးနှစ်ဖက်မကောင်းပါဘူး။
အဲဒါကြောင့် ပေးတဲ့သူကလည်း မကောင်းကျောင်းပို့ချင်စိတ်နဲ့ ပေးကမ်းမှုမျိုးမဖြစ်စေဘဲ…..နောင်တစ်ချိန်ပြန်နှိမ်တာမျိုး၊ အနိုင်ကျင့်တာမျိုးမလုပ်ပါနဲ့။ အခြားသူအမှန်တကယ်လိုအပ်နေတာကို ကိုယ့်ကျိုးစွန့်ပေးကမ်းနိုင်ခြင်းကသာ မြတ်သောပေးကမ်းခြင်းမည်ပါတယ်။ ယူသူကလည်း အမှတ်တကယ်လိုအပ်ပြီးကိုယ့်ခွန်ကိုယ်အားနဲ့မတတ်သာလို့သာ ယူရတာမျိုးဖြစ်ပါစေ။ အလိုလောဘတပ်မက်စိတ်နဲ့ ရတိုင်းလိုချင်စိတ်ဖြစ်တာမျိုးက မကောင်းသောစိတ်ပါပဲလို့ ဖော်ပြပေးလိုက်ရပါတယ်။ #BAWA101