သူမကောင်းပေမယ့် ကိုယ်ကောင်းပါစေ။

ကျွန်တော်တို့ အလယ်တန်းနဲ့အထက်တန်းတုန်းက ကျောင်းမှာဆိုရတဲ့စကားလေးရှိပါတယ်။ “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်” ဆိုတဲ့စကားလေးပါ။ ထိုစကားလေးက တိုပေမယ့် အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။ ဘာလို့များ “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသင့်တာလဲ”


မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်ဆိုတဲ့စကားထဲမှာ မိမိတစ်ယောက်ထဲရဲ့ အကျင့်ကောင်းအောင်ကြိုးစားမယ်၊ ကိုယ်ကျင့်တရားကောင်းအောင်ကြိုးစားမယ်၊ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့အဓိပ္ပါယ်မျိုးတွေ အများကြီး သက်ရောက်နေပါတယ်။ ဘာလို့ အဲဒီလို ဆိုခိုင်းရတာလဲဆိုတော့ ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါ စည်းကမ်းမလိုက်နာချင်တဲ့လူတွေ၊ ကိုယ့်ကျင့်တရားမကောင်းတဲ့လူတွေ၊ အကျင့်မကောင်းတဲ့လူတွေ၊ ကိုယ့်အတွက်ပဲကိုယ်ရဖို့ကြည့်တတ်တဲ့သူတွေ စတဲ့ မကောင်းဘူးလို့နာမည်တပ်နိုင်တဲ့လူအမျိုးမျိုးကို ကြုံတွေ့ကြရမှာပါ။ ထိုလူမျိုးတွေနဲ့ကြုံတဲ့အခါ ကျွန်တော်တို့တွေက သူတို့မကောင်းသလို ၊ သူတို့ကို အတုယူပြီး မကောင်းတဲ့အကျင့်စရိုက်တွေကို အတုမယူဖြစ်အောင် ကျောင်းတက်စဉ်ကတည်းက “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်” ဆိုတဲ့စကားလေးကို ဆိုခဲ့ခိုင်းတာဖြစ်ပါတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကောင်းဘူးဆိုတဲ့လူအမျိုးမျိုးကို မြင်ဖူးကြမှာပါ။ မကောင်းဘူးဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်အတွက်မကောင်းတာ၊ မိသားစုအတွက်မကောင်းတာ၊ အပေါင်းအသင်းမိတ်ဆွေအပေါ်မကောင်းတာ၊ အလုပ်ခွင်အတွက်မကောင်းတာ စသဖြင့် အများကြီးအကြုံးဝင်ပါတယ်။
ဘတ်စ်ကားစီးတဲ့အခါ ကားကြပ်လွန်းလို့ ဘတ်စ်ကားကို နောက်ပေါက်ကတိုးတက်တာကို အခွင့်ကောင်းယူပြီး ဘတ်စ်ကားခမထည့်တဲ့သူမျိုးတွေရှိလို့ ကိုယ်ပါ ဘတ်စ်ကားခမပေးဘဲ စီးလိုက်မယ်ဆိုတဲ့သူမျိုးတွေ၊ တိုက်ပေါ်ကနေ အခြားအခန်းကသူတွေ ရေမြောင်းထဲအမှိုက်ပစ်ချတာတွေ့လို့ ကိုယ်ပါ ရေမြောင်းထဲအမှိုက်ပစ်မယ်ဆိုတဲ့သူမျိုး၊ အခြားသူတစ်ယောက်က ကွမ်းတံတွေးကို မြင်ရာထွေးနေလို့ ကိုယ်ကပါ လိုက်ထွေးလိုက်တဲ့သူမျိုး၊ လမ်းသွားရင်း မိန်းကလေးတစ်ယောက်ကို အခြားလူတွေက ဝိုင်းစနေလို့ ကိုယ်ကပါ လိုက်စလိုက်တာမျိုး၊ မတော်တဆ ချော်လဲသွားတဲ့လူကို ကြည့်ပြီး မထူပေးဘဲ ရယ်စရာလုပ်ပစ်တတ်တဲ့သူတွေနဲ့ ရောယောင်ပြီး ကိုယ်ပါ ရယ်မောပစ်လိုက်တာမျိုး စသဖြင့် အများကြီးပါပဲ။ ဒါက အသေးအဖွဲလေးတွေပဲရှိပါသေးတယ်။ အရက်တွေမူးလာပြီး မိဘကို ပြန်အော်ဆဲတဲ့လူမျိုး၊ အရက်မူးလာပြီး ဇနီးနဲ့သားသမီးကို ရိုက်ပုတ်တတ်တဲ့လူမျိုး၊ ကိုယ်ချမ်းသာရင်ပြီးရော အခြားသူတွေ ဘာဖြစ်ဖြစ် ဆိုတဲ့စိတ်နဲ့ မူးယစ်ဆေးရောင်းပြီး ကြီးပွားနေတဲ့သူမျိုး စသဖြင့် အကြီးအကျယ်ဒုက္ခပေးလောက်အောင် ဆိုးဝါးတဲ့လူမျိုးတွေကိုလည်း ကြုံဖူးကြမှာပါ။

တခါတလေဆို ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ကိစ္စအသေးအဖွဲလေးတွေကို “အခြားသူတွေတောင်လုပ်နေသေးတာပဲ ငါတို့လုပ်လို့လည်းဘာမှမထူးပြီး မပျက်စီးသွားပါဘူး” ဆိုတဲ့အတွေးမျိုးတွေးပြီး လုပ်မိတတ်ကြပါတယ်။ အထက်ကပြောသလို ဘတ်စ်ကားတိုးစီးတဲ့ ကားခ ၂၀၀လေးကို သူများမထည့်လို့ မထည့်လိုက်တာမျိုးပေါ့။ အဲဒါဆိုရင် အဲဒီလိုမျိုး ကိစ္စအသေးအဖွဲလေးမို့ သူများလုပ်သလို ကိုယ်လိုက်လုပ်မယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲ။ နှမ်းတစ်လုံးထဲနဲ့ ဆီမဖြစ်ပေမယ့် နှမ်းတွေများလာတဲ့အခါ ဆီဖြစ်နိုင်ပါတယ်။ ဘာမှမဟုတ်ဘူးဆိုတဲ့ ကိစ္စအသေးအဖွဲလေးကို တစ်ယောက်ကလုပ်ရင်း နောက်တစ်ကလိုက်လုပ်ရင်းနဲ့ အများကြီးဆိုးရွားတဲ့ကိစ္စမျိုးထိ ဖြစ်လာနိုင်ပါတယ်။ “သူတို့တောင် အဲဒီ့လောက် အတိုအပြတ်လေးတွေ ဝတ်နေတာပဲ…ကိုယ်လဲဝတ်မယ်”

“သူတို့တောင် မြောင်းထဲ အမှိုက်ထုပ်သွားပစ်နေသေးတာပဲ။ ငါတို့တစ်အိမ်ပိုတိုးလာလို့ ဒီထက်မဆိုးသွားနိုင်ပါဘူး” “ သူတို့တောင် လာဘ်စားနေသေးတာပဲ။ ငါလည်း တခါလောက်စားတာ ဘာမှမဖြစ်ပါဘူး” “ သူတို့တောင် ဒီစည်းကမ်းတွေလိုက်မနာတာပဲ။ ငါမလိုက်နာလို့လည်း ဘာမှထူးမနေပါဘူး” စတဲ့ လူတွေများလာတဲ့အခါ ဘာဖြစ်လာနိုင်မလဲ။ တကယ်တော့ သူတို့ မကောင်းတာက သူတို့ပါ။ ကိုယ်ကောင်းဖို့တော့လိုပါတယ်။ သူတို့မကောင်းတာက သူတို့ image ပါ။ ကိုယ်ကောင်းတာက ကိုယ့် image ပါ။ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး စည်းကမ်းလိုက်နာနိုင်အောင်ကြိုးစားမယ်၊ ကိုယ့်ကိုယ်ကျင့်တရားကို ကိုယ့်ဟာကိုယ်အတတ်နိုင်ဆုံးထိန်းသိမ်းမယ်၊ ကိုယ့်ရဲ့အကျင့်သိက္ခာကို ကိုယ့်ဟာကိုယ်တန်ဖိုးထားမယ်ဆိုရင် အဲဒီ့အရာတွေအားလုံးဟာ ကိုယ့်ရဲ့တန်ဖိုးပါ။ ကိုယ်တန်ဖိုးရှိအောင်နေရင် ကိုယ်ကတန်ဖိုးရှိတာပါပဲ။ ငွေကြေးချမ်းသာခြင်း၊ မချမ်းသာခြင်းနဲ့ မဆိုင်ပါဘူးနော်။
Image ကောင်းတဲ့လူတစ်ယောက်က ဘယ်လောက်ပဲ ငွေကြေးချို့တဲ့နိမ့်ကျနေပါစေ။ သူ့ကိုယ်သူအမြဲ ယုံကြည်မှုရှိနေသလို၊ အမြဲရဲဝင့်စွာ ဘဝကို ဖြတ်သန်းရဲတာပါပဲ။ image မကောင်းတဲ့လူကတော့ တစ်ခါမထိတောင် တစ်ခါတော့ ကိုယ့်အရှက်ကွဲလောက်အောင် ဘူးပေါ်သလိုပေါ်တတ်တာပါပဲ။ ကိုယ့်တန်ဖိုးကျတာကို ကိုယ်တိုင်သိနေတဲ့အတွက် ဘယ်တော့မှ မရဲဝင့်သလို၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုအပြည့်အဝမရှိနိုင်ပါဘူး။ လောကမှာ သင့်ကိုဘယ်သူမှ ဖိနှိမ်ပြီး မခိုင်းပေမယ့် လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေရှိပါတယ်။ ကိုယ့်ကိုကိုယ်သာ သိနေမယ့် ကျင့်ဝတ်တွေလည်း အများကြီးပါပဲ။

အဲဒီ့တော့ ဘယ်လိုပဲဖြစ်ပါစေ၊ ဘယ်လိုအကြောင်းတရားတွေပဲရှိပါစေ။ အခြားသူတွေ မကောင်းရင်တောင် ကိုယ်ကတော့ ကောင်းအောင်နေမယ်၊ ကောင်းအောင်ကြိုးစားမယ်ဆိုတဲ့စိတ်လေး မွေးသင့်ပါတယ်။ အခြားသူရဲ့မကောင်းခြင်းက ထိုသူရဲ့ တန်ဖိုးနဲ့ ထိုသူရဲ့ ပုံရိပ်သာဖြစ်ပြီး ကိုယ်ကောင်းအောင်နေထိုင်ခြင်းက ကိုယ့်ရဲ့တန်ဖိုးနဲ့ ကိုယ်ပုံရိပ်သာဖြစ်ပါတယ်နော်။ ကိုယ့်ပုံရိပ်ကို ကိုယ်တိုင်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြုပြင်နေထိုင်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။