ဘယ်သူကောင်းကောင်းမကောင်း ကိုယ်ကောင်းဖို့သာ အဓိကပါ။

ဒီစာသားလေးကို မြင်မိတော့ ဘယ်လိုခံစားရပါသလဲ။ ဘဝမှာ ကိုယ်ကကောင်းကောင်းနေခဲ့သားနဲ့ ကိုယ့်ကိုမကောင်းမြင်တတ်တဲ့လူတွေနဲ့ ကြုံးဖူးခဲ့တယ်မဟုတ်လား။ ကိုယ်ကစိတ်စေတနာကောင်းကောင်းထားခဲ့ပေမယ့် ကိုယ့်စေတနာကို အကောင်းမထင်တဲ့သူတွေနဲ့ ကြုံဖူးခဲ့တယ်မဟုတ်လား။ အဲဒီ့အခါ သေချာတာကတော့ ကိုယ့်စိတ်ထဲနာကျင်ရတယ်ဆိုတာပါပဲနော်။ ပြီးတဲ့အခါ “ဘာလို့များ ကိုယ့်ကိုနားမလည်ကြတာလဲ” “ဘာလို့များ ကိုယ့်စိတ်စေတနာကောင်းထားရဲ့သားနဲ့ တူညီတဲ့တုံ့ပြန်မှုမျိုးပြန်မရတာလဲ” “ကိုယ်ကောင်းရင် ရောင်ပြန်ဟပ်မယ်ဆိုတာအလကားပါပဲလား” ဆိုတဲ့အတွေးမျိုးတွေဝင်လာတော့တာပါပဲ။ လူတစ်ရာမှာ ၈၀လောက်က အဲဒီလိုဖြစ်တတ်ကြပါတယ်။


အဲဒီ့အခါ စိတ်တိုမယ်၊ ဒေါသထွက်မယ်၊ နာကျင်ရမယ်၊ ကိုယ်ဘယ်လောက်ကောင်းကောင်း ကိုယ့်အပေါ်ပြန်မကောင်းတဲ့လူကို မုန်းတီးတာမျိုးအထိဖြစ်လာနိုင်ပါတယ်။ “ကိုယ့်အပေါ် သူကမှ မကောင်းတာ၊ ကိုယ်လည်းသူ့အပေါ်ပြန်မကောင်းနိုင်ဘူး….ဘာဖြစ်သေးလဲ” ဆိုတဲ့အတွေးတွေပါ ဝင်လာတတ်ပါတယ်။

အသိဉာဏ်နည်းပါးသူတွေအတွက်ဆို ကိုယ်ကောင်းတာကိုပြန်မကောင်းရကောင်းလားဆိုတဲ့အတွေးနဲ့ ပြန်ပြီးတော့တောင် ကလဲ့စားချေတုံ့ပြန်တာမျိုးအထိ လုပ်နိုင်ပါသေးတယ်။ တကယ်တော့ လူတစ်ကိုယ်စိတ်တစ်မျိုးပါ။ လူချင်းတူပေမယ့် စိတ်ချင်းမတူနိုင်ဘူး။ ကိုယ်က စိတ်ကောင်းစေတနာထားလိုက်ပေမယ့် ကိုယ့်ရဲ့စိတ်စေတနာကို ထပ်တူနားလည်မယ့်သူက ရှားပါတယ်။ ထပ်တူနားလည်ဖို့မပြောနဲ့ တူညီစွာ ပြန်လည်တုံ့ပြန်မှုရဖို့လည်း မျှော်လင့်ထားလို့မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ကိုယ်က လူတိုင်းအပေါ် စိတ်ကောင်းစေတနာကောင်းမထားတော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။
အခု ဆောင်းပါးခေါင်းစဉ်လို “ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းဖို့အဓိကပါ” ဘာကြောင့်လဲ…..ဆိုရင် ကိုယ်ကောင်းစွာပြုမူတုံ့ပြန်လိုက်တဲ့ အပြုအမူဖြစ်ဖြစ်၊ အပြောအဆိုဖြစ်ဖြစ် ကိုယ့်ဆီမှာ အရင်ဆုံးသက်ရောက်မှုရှိစေတာဖြစ်လို့ပါပဲ။ ဥပမာ။ သင်ကို ဒေါသတကြီးဆဲဆိုနေတဲ့သူကို သင်က ပြန်ပြီးဒေါသတကြီးဆဲဆိုလိုက်တဲ့တခဏမှာ သင့်စိတ်ထဲ ဒေါသကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပါပြီ။ သင့်စိတ်မလန်းဆန်းနိုင်တော့သလို၊ သင့်ကိုဒေါသတကြီးဆဲဆိုသူကို သင်ကတဖန်ပြီး ကိုယ်ထိလက်ရောက်လုပ်ချင်စိတ်၊ ပြန်ပြီးအနိုင်လိုချင်စိတ်၊ ပြန်ပြီး ဒေါသအလျောက်တုံ့ပြန်ချင်စိတ်ဖြစ်ပေါ်လာပါတယ်။ အဲဒီ့အခါ သင့်စိတ်ထဲမှာ စတင်ပြီး ထိခိုက်ရတော့တာပါပဲ။ သင့်စိတ်ကိုအရင်ဆုံး သင့်ဒေါသဖြစ်တဲ့စိတ်က တိုက်ခိုက်တော့တာပါ။ အဲဒါကြောင့် တဖက်လူက ဘယ်လိုတုံ့ပြန်ပါစေ၊ သင်က ကောင်းမွန်တဲ့တုံ့ပြန်မှုပြုလုပ်ခြင်းကသာ သင့်အတွက်ပါပဲ။ ဆိုးတဲ့တုံ့ပြန်မှုလုပ်မိရင်လည်း သင့်အတွက်ပါပဲ။

အဲဒါကြောင့် ကိုယ့်အတွက်¬ကောင်းတဲ့အရာကိုယူမလား၊ ဆိုးတဲ့အရာကိုယူမလားဆိုတာ ကိုယ်ဆုံးဖြတ်ရမှာပါ။ တဖက်လူဘယ်လောက်ဆိုးဆိုး ကိုယ်မယူရင် မရပါဘူး။ သာမန်ပုထဇဉ်မို့ လူတိုင်းတော့ ဘယ်ကောင်းနိုင်ပါ့မလဲ။ ဒါပေမယ့် ကိုယ် ဆိုးဝါးစွာပြန်တုံ့ပြန်မိတော့မယ်ဆိုတဲ့အတွေးဝင်လာချိန်မှာ သတိလေးနဲ့ အတတ်နိုင်ဆုံးပြန်ထိန်းဖို့လိုပါတယ်။ မှန်လိုပဲဆက်ဆံမယ်…..သူပြုံးရင် ကိုယ်ပြုံးမယ်၊ သူမဲ့ရင် ကိုယ်မဲ့မယ်ဆိုတာက မရင့်ကျက်သေးတဲ့အတွေးပဲဖြစ်ပါတယ်။ သူမဲ့လို့ကိုယ်မဲ့ရင် ကိုယ့်စိတ်ထဲပါ အနှောင့်အယှက်ဖြစ်သွားတော့မှာပေါ့။ သင့်ကို မဲ့ပြနေတဲ့လူတစ်ယောက်ကြောင့် သင့်စိတ်ထဲတစ်မျိုးဖြစ်သွားပြီဆိုရင် သင်ကမမဲ့ပြဘဲ ပြန်ပြုံးပြကြည့်လိုက်ပါ။ သင့်စိတ်ထဲက အကြိတ်အခဲပါ ပြေလျော့သွားစေပါလိမ့်မယ်။ အဲဒါက သင်ပေးလိုက်တဲ့အတိုင်း သင်ပြန်ရတာပါပဲ။
Wayne Dyer ရဲ့ ကောက်နုတ်ချက်လိုပေါ့ “How people treat you is their karma; how you react is yours.” လူတွေသင့်ကို ဘယ်လိုဆက်ဆံတယ်ဆိုတာက သူတို့ကိစ္စပါ၊ သင်ဘယ်လိုတုံ့ပြန်လိုက်သလဲဆိုတာကသာ သင့်ကိစ္စပါတဲ့။ သင့်ကိုလူတစ်ယောက်က စောင်းမြောင်းပြောဆိုနေတယ်ဆိုပါစို့….သင်က ကြားတဲ့အခါ ဒေါသတွေထွက်လာပြီး သူ့ကိုရန်သွားရှာမယ်ဆိုရင် သင်ကသာ လူဆိုးဖြစ်သွားမှာပါ။ သင့်ကို လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်ဆဲဆိုနေတာကို သင်ကပြန်ဆဲဆိုနေရင် သူ့နဲ့သင် အဆင့်အတန်းခြင်းတူသွားမှာပေါ့။ Marcus Aurelius က ပြောထားပါတယ် “Our life is what our thoughts make it.” တဲ့ သင့်ဘဝကိုသင့်အတွေးတွေက ပုံဖော်သွားတာပါသတဲ့။ သူတို့ဘဝကိုလည်း သူတို့အတွေးတွေက ပုံဖော်သွားမှာပါပဲ။ သင်က ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းချင်တယ်ဆိုရင် စိတ်ညစ်စရာတွေကို သင့်ဘဝထဲ ထည့်မတွေးနဲ့ပေါ့။ အတိုင်းအတာလေးနဲ့သာ တွေးပါ။ သင့်ကို စိတ်ဒုက္ခ၊ စိတ်အနှောင့်အယှက်ပေးတဲ့လူတွေကို သင့်အာရုံထဲထည့်ပြီးတွေးနေရင် သင့်အာရုံထဲ သူတို့ကြောင့် စိတ်ဒုက္ခရောက်၊ စိတ်ညစ်၊ စိတ်အနှောင့်အယှက်ဖြစ်မှာ အသေအချာပါပဲ။ အဲဒါကြောင့် သင့်အတွေးတွေထဲကို သင်မလိုချင်တာတွေ ထည့်မတွေးမိအောင် ကြိုးစားပါ။ သင့်အပေါ် မကောင်းတဲ့လူတွေက မကောင်းမြဲမကောင်းပါစေနဲ့။ အဲဒီ့ခံစားချက်ကို သူတို့ဟာ သူတို့ခံစားနေပါစေ၊ သင်မခံစားပါနဲ့။ သင်မခံစားရင် ၊ သင်မယူရင်၊ သင့်ဘဝထဲ သင်ထည့်မတွေးရင် သင်စိတ်ဒုက္ခရောက်စရာမလိုတော့ဘူးပေါ့။

နောက်ဆုံး သူတို့မကောင်းတာက သူတို့စိတ်အာရုံကို အရင်အနှောင့်အယှက်ပေးသွားတာပါ။ သင်မယူရင် သင့်စိတ်အာရုံကို အနှောင့်အယှက်မဖြစ်စေတော့ပါဘူး။ သင်ကောင်းစွာတုံပြန်လိုက်ခြင်းက သင့်အတွက်ဖြစ်သွားတာပါ။ နောက်ဆုံး သင်ကောင်းစွာတုံံ့ပြန်ခြင်းအတွက် သင်စိတ်ချမ်းသာခြင်းတော့ အရင်ဆုံးရသွားတာပေါ့။ အဲဒါကြောင့် သင်စိတ်ထဲ အခြားသူတွေဘယ်လို မကောင်းတာသည် သူတို့ကိစ္စသာဖြစ်ပြီး သင်ကောင်းဖို့သာအဓိကလို့တွေးကြည့်လိုက်ပါ။ သင်တော်တော်စိတ်ချမ်းသာသွားပါလိမ့်မယ်လို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။