ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ခြင်းဟာ သင့်ကိုယ်သင်ချစ်ခင်ခြင်းပါပဲ။

ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ခင်ခြင်းဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံနိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကိုယ့်ရဲ့ မလှပခြင်းအတွက် မခံစားရတော့ဘူး၊ ကိုယ့်ရဲ့အားနည်းချက်အတွက် ထူးပြီး မနာကျင်တော့ဘူး။ ကိုယ့်ရဲ့အသားအရောင်နဲ့ပတ်သက်ပြီး နိမ့်ကျတယ်လို့မထင်တော့ဘူး စတာတွေပေါ့။ ဘာလို့လဲဆိုရင် ကိုယ်ကိုယ်ကိုယ် လက်ခံနိုင်သွားလို့ပါ။


ကိုယ့်ကိုယ်ကိုယ်လက်မခံနိုင်တဲ့သူက ကိုယ့်ရဲ့အားနည်းချက်နဲ့ပတ်သက်ပြီး အခြားလူတစ်ယောက်က ပြောလာတဲ့အခါ အများကြီး နာကျင်ရပါတယ်။ ဥပမာ။ နင်က အသားမဲလိုက်တာလို့ပြောရင် ကိုယ့်ရဲ့အသားမဲခြင်းကို စိတ်ထဲမှာ မနှစ်သက်တော့ဘဲ ငါ့ကျမှ ဘာကြောင့်အသားမဲရတာလဲ.....၊ ဆိုတဲ့အတွေးမျိုးနဲ့ အသားဖြူတဲ့သူတွေကို အားကျမယ်၊ သူတို့လိုအသားဖြူချင်လာမယ် အစရှိသဖြင့် ခံစားချက်ပေါင်းစုံဖြစ်လာတာမျိုးပေါ့။

အဲဒီလိုဖြစ်လာခြင်းဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်မခံနိုင်လို့ပေါ့။ ကိုယ့်ကိုယ်ကိုယ်လက်မခံနိုင်ခြင်းဟာ နောက်ဆက်တွဲ ဆိုးကျိုးတေွပါလာနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ်မုန်းတီးမိတာပါပဲ။ အခြားလူတစ်ယောက်နဲ့ ယှဥ်မိပြီး ဘာလို့ငါ့ကျမှ......ဆိုတဲ့စိတ်ဖြစ်လာမယ်။ ငါ့ရဲ့ သွားကျိုးတို့ကျဲတဲဖြစ်နေတာကို မုန်းလိုက်တာ။ ငါ့အသားမဲနေတာကို မုန်းလိုက်တာ၊ ငါ့ရဲ့အရိုးချည်းဖြစ်နေတဲ့ ခန္ဓာကိုယ်ကို မုန်းလိုက်တာ၊ ငါ့ရဲ့ဆင်းရဲမွဲတေတဲ့ဘဝကို မုန်းလိုက်တာ၊ ငါ့ကို မချစ်ခင်မကြင်နာတဲ့မိဘတွေကို မုန်းလိုက်တာ၊ ငါ့ကို နားလည်အောင်မကြိုးစားတဲ့ မိဘဆွေမျိုးတွေကို မုန်းလိုက်တာ ဆိုတဲ့စိတ်မျိုးတွေဖြစ်လာပါတယ်။ အဲဒီ့အခါ သင့်ကိုယ်သင် ချစ်ခင်ခြင်း ဆုံးရှုံးသွားပါတယ်။

အဲဒီ့တော့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားနိုင်တော့ပါဘူး။ အရမ်းဆိုးဝါးလာတဲ့အခါ စိတ်ဓာတ်ကျခြင်းပါ တွဲပါလာပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်လက်ခံနိုင်ဖို့ အ‌ရေးကြီးပါတယ်။ ကိုယ်မှ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်မခံရင် ဒီကမ္ဘာလောကကြီးမှာ ဘယ်သူကလက်ခံမယ်ထင်ပါသလဲ။
အဲဒါဆိုရင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံနိုင်အောင် ဘယ်လိုလုပ်မလဲလို့မေးစရာရှိပါတယ်။ တခုသိထားရမှာက လောကမှာရှိသမျှလူတိုင်းဟာ သူတို့ကိုယ်သူတို့ စိတ်တိုင်းကျ ပြီးပြည့်စုံတယ်လို့ထင်နေတဲ့သူ တစ်ယောက်မှမရှိပါဘူး။ တခုမဟုတ်တစ်ခုတော့ စိတ်တိုင်းမကျဖြစ်နေတဲ့လူချည်းပါပဲ။ အဲဒီ့တော့ ကိုယ့်ရဲ့စိတ်တိုင်းမကျမှုဟာ ဘယ်လောက်ပြီးပြည့်စုံအောင် ကြိုးစားပါစေ၊ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အပေါ်ယံအရေပြားတစ်လျှောက်က ဖြစ်တည်မှုဟာ ဘာကြီးဖြစ်နေနေ......ကိုယ့်ရဲ့အသက်ရှင်နေထိုင်မှုဟာ တန်ဖိုးရှိနေသရွေ့ ကိုယ်ဟာတန်ဖိုးရှိတဲ့လူဖြစ်နေမှာပါ။ ကိုယ့်ကြောင့် အခြားလူတစ်ယောက်ယောက်မထိခိုက်ဘူး။ ကိုယ့်ကြောင့် သူမျးမိသားစုမပျက်စီးဘူး။ ကိုယ့်ကြောင့် အခြားသူအသက်မသေဘူး။ ကိုယ့်ကြောင့် အခြားသူတွေ ဘာမှမထိခိုက်သရွေ့ လူသားတစ်ယောက်ရှိသင့်တဲ့ လူသားဆန်မှုတွေရှိနေသရွေ့ သင်က တန်ဖိုးရှိတဲ့လူပါပဲ။ အဓိကက သင့်ရဲ့ ကြင်နာတတ်တဲ့စိတ်ထားနဲ့ ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း စတဲ့ လူသားတစ်ယောက်ရဲ့အခြေခံရှိသင့်ရှိထိုက်တဲ့ ကွာလတီရှိနေရင် သင့်ကို အကြောင်းသိသွားတဲ့အခါ လူတိုင်းကလက်ခံလာမှာပါပဲ။ အများကြီးမတွေးပါနဲ့ ခုအရမ်းအောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ဆိုရင် တောကတက်လာတယ်၊ သာန်ရွက်ကြမ်းရည်ကြိုရုပ်ရည်ပဲ၊ သူ့ရဲ့တောရွာက နေထိုင်မှု၊ မပြည့်စုံမှုကို ချပြတယ်၊ ရိုးသားစွာ နေထိုင်ပြုမူတယ်၊ အကြောင်းမသိခင်ကတော့ မြန်မာဝတ်စုံဝတ်ပြီး ကခုန်ခြင်းကို ဆဲဆိုကြပေမယ့် အခု သူ့ရဲ့လူသားဆန်ခြင်းနဲ့ အခြားလူတွေအပေါ်ချစ်ခင်ကြင်နာတဲ့စိတ်ကို ဝိုင်းလက်ခံအားပေးလာကြတယ်မဟုတ်လား။ ဒါပါပဲ။(မင်းသမီးကိုစော်ကားနှိမ်ချလိုစိတ်မပါပါ)
သင့်ဘဝက ဘယ်လောက်နိမ့်ကျနေပါစေ.......ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်းလက်ခံပြီး လူသားဆန်ခြင်းကသာ ပိုအရေးကြီးပါတယ်။
ကိုယ့်ရဲ့ဖြစ်တည်မှုကို ချစ်ခင်တတ်သွားတဲ့အခါ ဘယ်လိုဘာပြောပြောမမှုတော့သလို၊ ဘယ်သူဘာပြောပြော မဖြုံတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လက်ခံတတ်သွားတဲ့လူက ကိုယ့်ကိုယ်ကိုယ်လည်း ချစ်တတ်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်သွားတဲ့လူက အခြားသူတွေကိုလည်း မေတ္တာထားတတ်သွားပါတယ်။

“If everything is imperfect in this imperfect world, love is most perfect in its perfect imperfection.” - Gunar Björnstrand ဘယ်အရာမှ ပြီးပြည့်စုံခြင်းမရှိတဲ့ လောကကြီးထဲမှာ ချစ်ခြင်းမေတ္တာကသာ ပြီးပြည့်စုံတဲ့ မပြည့်စုံခြင်းပါပဲတဲ့။ သင်က ချစ်ခင်တဲ့စိတ်နဲ့ ချစ်ခင်တဲ့မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါ မပြည့်စုံတဲ့လူဟာလည်း ချစ်စရာကောင်းပြီး ပြီးပြည်စုံတဲ့လူတစ်ယော်ကအဖြစ်မြင်သွားစေနိုင်တာပဲမဟုတ်လား။ အဲဒါကြောင့် သင့်စိတ်ထဲက ချစ်ခြင်းတရားနဲ့ အကြင်နာတရားနဲ့သာကြည့်ရင် လူတိုင်းက အားနည်းချက်မရှိ ပြီးပြည်စုံတဲ့လူဖြစ်နေမှာပါပဲ။
အဲဒီ့အတွက် ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာပါမယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတဲ့လူဟာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ချစ်တဲ့စိတ်နဲ့ကြည့်ရင်း ကမ္ဘာကြီးပိုလှလာတယ်လို့ထင်နေမှာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။