မအောင်မြင်တဲ့အခါ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်တဲ့အရာတွေ

မအောင်မြင်ချင်တဲ့သူရှိမယ်မထင်ပါဘူးနော်။ လူတိုင်းလိုလိုက အနည်းနဲ့အများတော့ အောင်မြင်ချင်ကြတယ်လို့ ဖြေကြမှာချည်းပါပဲ။ လူတိုင်းက သူတို့ဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေအရတော့ အောင်မြင်မှုကို အမျိုးမျိုး သတ်မှတ်ထားတတ်ကြမှာပါ။ ဒါပေမယ့်လည်း မအောင်မြင်ချင်တဲ့သူရယ်လို့တော့ ရှိမယ်မထင်ပါဘူး။ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့အောင်မြင်မှုကို မရောက်နိုင်သေးဘူးဆိုတဲ့အတွေးမျိုးကိုကော တွေးမိတတ်ကြမှာပါ။ ဘာဖြစ်လို့ပါလိမ့်……။ “ဟယ်….သူက ကျောင်းတုန်းက ငါနဲ့အတန်းတူတူပဲ၊ ခုတော့ သူကအောင်မြင်နေပြီ။” ဆိုတာမျိုး “သူကတော့ ငါ့နောက်မှာ ဒီလမ်းကြောင်းထဲဝင်လာတာ….ခုတော့ သူက ငါ့ထက်တောင် နာမည်ရသွားပြီ” ဆိုတာမျိုးနဲ့ အလားတူ စကားမျိုးတွေကြားဖူးကြမယ်ထင်ပါတယ်။ အဲဒါဆို သူတို့တွေက ဘာလို့အောင်မြင်ပြီး မအောင်မြင်တဲ့သူတွေကျတော့ ဘာကြောင့်မအောင်မြင်နိင်သေးတာလဲ။ ဒါမှမဟုတ် ကိုယ်တိုင်စိတ်မပါတဲ့အလုပ်ကို စားဝတ်နေရေးအတွက် မဖြစ်မနေ၊ မတတ်သာလို့လုပ်နေရတာလား၊ ကိုယ်ဖြစ်ချင်တဲ့အလုပ်ကို ဘာလို့ လုပ်ခွင့်မရတာလဲ။ စသဖြင့် တွေးဖူးကြမှာပါပဲ။ အဲဒီလိုတွေးဖူးတယ်ဆိုရင်တော့ ဘာလို့များ ကိုယ်သတ်မှတ်ာထးတဲ့အောင်မြင်မှုကို မရနိုင်တာလဲဆိုတာကို ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ ဘယ်အချက်တွေပြန်ဆန်းစစ်ကြည့်သင့်လဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) ကိုယ့်ကိုကိုယ်စည်းကမ်းမသတ်မှတ်ထားမိဘူးလား။
ဒီအချက်က ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်း ဒါမှမဟုတ် ကိုယ်သတ်မှတ်ထားတဲ့အောင်မြင်မှုဆီရောက်နိုင်ဖို့ အဓိက အချက်လည်းဖြစ်ပါတယ်။ ကိုယ်မနက်ဘယ်အချိန်အိပ်ရာထဖြစ်အောင်ထမယ်၊ နေ့တိုင်းဘီယာမသောက်ဖြစ်အောင်ကြိုးစားမယ်၊ ကိုယ့်ကျင့်တရားကို စောင့်ထိန်းဖြစ်အောင်စောင့်ထိန်းမယ်၊ ဒီတစ်လအတွင်း အင်္ဂလိပ်စာဘယ်အဆင့်ထိရောက်အောင် ကြိုးစားမယ် စတာတွေက ကိုယ့်ကိုကိုယ်သတ်မှတ်တဲ့စည်းကမ်းပါပဲ။ ကိုယ့်ကိုကိုယ်စည်းကမ်းမသတ်မှတ်မိဘဲ နေချင်သလိုနေရင်တော့ အဓိပါ္ပယ်ရှိတဲ့နေ့ရက်တွေဖန်တီးနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဖြစ်ချင်တာတွေ ဖြစ်လာအောင်လုပ်နိုင်ဖို့ ဒါမှမဟုတ် သတ်မှတ်ထားတဲ့အောင်မြင်မှုကိုဖမ်းဆုပ်နိုင်ဖို့က ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ခြင်းက စပါတယ်။ ကိုယ့်သတ်မှတ်ထားတဲ့စည်းကမ်းကို ကိုယ်လိုက်နာနိုင်လေလေ ကိုယ်ပိုပြီးတိုးတက်လာလေလေပါပဲ။ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်လာလေလေ ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းကို ရောက်အောင်သွားနိုင်လေလေပဲဖြစ်ပါတယ်။ အဲဒါကြောင့် သင်မအောင်မြင်ရခြင်းမှာ ဒီအချက်ပါနေသလားဆိုတာ ဆန်းစစ်ကြည့်ပါ။

၂) ကိုယ့်အမှားကို အမှန်အတိုင်းလက်မခံချင်တဲ့စိတ်မျိုးရှိနေသလား။
အောင်မြင်တဲ့သူတိုင်းက သူတို့ရဲ့အမှားကို အပြုသဘောဝေဖန်ထောက်ပြတဲ့အခါ အကောင်းဆုံးလက်ခံတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ့လို အပြုသဘောဝေဖန်မှုတွေကနေမှ သူပြန်မမြင်နိုင်တဲ့ သူရဲ့အမှားတွေ၊ သူပြုပြင်ရမယ့်အချက်တွေကို သိနိုင်တာကိုး။ အဲဒီ့လို ကိုယ်မှားနေတာ ဒါမှမဟုတ် ကိုယ်ထပ်ပြီးပြုပြင်သင့်တာကိုသိပြီး ပြုပြင်ယူလိုက်တဲ့အခါ ကိုယ့်မှာ အမှားနည်းသွားပါတယ်။ အမှားသွားခြင်းက ကိုယ်ပိုပြီးတိုးတက်လာစေတာပဲမဟုတ်လား။ တချို့လူတွေကတော့ ကိုယ့်ရဲ့အမှားကို ဘယ်သူပြောပြော ဂရုမစိုက်သလို၊ ပြုပြင်ဖို့လည်း စိတ်မဝင်စားတတ်ပါဘူး။ သူတို့ရဲ့အတွင်းစိတ်ထဲမှာကိုက သူတို့ရဲ့အမှားကို သိရက်နဲ့ လက်မခံကြတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလိုလူမျိုးတွေက တခါမှားဖူးတဲ့အမှားကိုပဲ ထပ်ခါထပ်ခါ ကျူးလွန်တတ်ကြပြီး သူတို့ကိုယ်သူတို့ မှားလို့မှားမှန်းလည်း လက်မခံတတ်တဲ့အတွက် မှားတဲ့အခါတိုင်းလည်း ဘယ်လိုသင်ခန်းစာမျိုးမှ ရယူနိုင်သူတွေမဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ အမှားကိုမပြင်နိုင်၊ အမှားတွေချည်းထပ်နေပြီး ဘယ်တော့မှ မတိုးတက်နိုင်တဲ့သူတွေဖြစ်ပါတယ်။ မအောင်မြင်တတ်တဲ့သူတွေမှာလည်း ထိုအကျင့်မျိုးရှိနေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်သင့်ပါတယ်။

၃) ကိုယ့်ရဲ့အားနည်းချက်နဲ့ ကိုယ့်ရဲ့အားသာချက်ကို မသိဘူးလား။
လူတိုင်းလိုလိုမှာ အားနည်းချက်နဲ့ အားသာချက်ရှိကြပါတယ်။ ထိုအချက်ကို နားလည်ပြီး ကိုယ့်ကိုကိုယ်သဘောပေါက်ကာ ကြိုးစားတတ်တဲ့သူက အောင်မြင်နိုင်ပါတယ်။ ဥပမာ။ ကိုယ့်ဖြစ်ချင်တာက tour guide ဒါပေမယ့် ကိုယ်က အင်္ဂလိပ်စာအားနည်းတယ်ဆိုပါတော့။ ကိုယ်ဖြစ်ချင်တာလုပ်နိုင်ဖို့ ကိုယ့်ရဲ့အားနည်းချက်ကို အရင် ပြုပြင်ရပါလိမ့်မယ်။ တကယ်ပြုပြင်နိုင်တဲ့အခါ ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းပေါ်ရဲရဲကြီးလျှောက်နိုင်မှာပါ။ အဲဒါက အားနည်းချက်ကိုသိပြီး ကိုယ်ဖြစ်ချင်တာနဲ့ ပြန်လည်ညှိုနှိုင်းဖို့လိုတာပါ။ ဥပမာ။ ကိုယ်ဖြစ်ချင်တာတော့ ဘာမှန်းမသိဘူး၊ ဒါပေမယ့် ကိုယ်က ကုန်ပစ္စည်းတွေကို လူအများကြားပြောပြရတာ၊ ဆွေးနွေးရတာ အားသန်တဲ့သူဆိုပါတော့။ ကိုယ့်ရဲ့အားသာချက်က လူအများနဲ့ထိတွေဆက်ဆံနိုင်တယ်ဆိုရင် marketing သမားလုပ်ဖို့ ရွေးချယ်နိုင်ပြန်ပါတယ်။ အဲဒါကကိုယ့်ရဲ့အားသာချက်ကို ကောင်းကောင်းအသုံးချပြီး ကိုယ်ဖြစ်ချင်တာကို ရွေးချယ်တာပေါ့။ အဲဒါကြောင့် လမ်းကြောင်းတခုခုကို အောင်မြင်အောင်သွားချင်တယ်၊ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အားသာချက် ၊ အားနည်းချက်ကို ကောင်းကောင်းသဘောပေါက်ဖို့လိုပါတယ်။ အားနည်းချက်ကို ဖြည့်သင့်တာဖြည့်ပြီး ပြုပြင်၊ အားသာချက်ကို ကောင်းကောင်းအသုံးချတတ်ရင် တိုးတက်လာနိုင်တာပါပဲ။ အဲဒါကြောင့် မအောင်မြင်ရတဲ့အကြောင်းရင်းက ဒီအချက်ကြောင့်လားဆိုတာ ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်ပါအုံးနော်။

၄) လမ်းကြောင်းအသစ်မဖောက်နိုင်ဘူးလား။
ဘယ်နေရာမှာမဆို သူများဖောက်ပြီးသားလမ်းကြောင်းကို လျှောက်ရတာက သက်သာလွန်းမှာပါ။ ဒါပေမယ့် လမ်းရိုးအတိုင်းဆိုတော့ ရိုးလွန်းလို့ အောင်မြင်ဖို့ ခက်ခဲနိုင်ပါတယ်။ Vincent van Gogh ရဲ့စကားတစ်ခွန်းက အရမ်းလှပါတယ်။ “Normality is a paved road: it’s comfortable to walk but no flowers grow” ပါတဲ့။ ပုံမှန်အတိုင်းဖြစ်နေတဲ့လမ်းကတော့ သက်တောင့်သက်သာရှိပေမယ့် ပန်းတွေတော့ဘယ်ပွင့်ပါ့မလဲလေ။ ကိုယ်တိုင်ဖောက်တဲ့လမ်းက ကြမ်းချင်ကြမ်းမယ်၊ ဒါပေမယ့် အောင်မြင်သွားတဲ့အခါ ကိုယ့်အတွက် ခံစားမှုအရကော၊ အောင်မြင်မှုအရကော ကြီးမားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်က လမ်းရိုးအတိုင်းသွားမိနေတာလား၊ အကြံဉာဏ်သစ်မထုတ်လို့များလား၊ ကိုယ်ပိုင်စတိုင်လ်မရှိလို့လား စသဖြင့် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်သင့်ပါတယ်။

၅) အဆိုးမြင်နေတတ်တဲ့စိတ်မျိုးရှိနေသလား။
အခြားသူတွေရဲ့အောင်မြင်မှုကို ကြည့်ပြီး အမျိုးမျိုးမကောင်းတဲ့ဘက်က အမြင်နဲ့ပြောနေမိတတ်သလား။ တနည်းအားဖြင့် အောင်မြင်တဲ့သူတွေဆီက အတုမယူဘဲ မနာလိုတတ်တဲ့စိတ်ဖြစ်နေမိလား။ အခြားသူတွေရဲ့ ဘယ်လိုကြိုးစားလဲ၊ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတဲ့စိတ်မျိုးနဲ့ အတုယူပြီး ကြိုးစားရမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ အဆိုးတွေချည်းလိုက်မြင်နေတတ်တယ်ဆိုရင်တော့ သင့်အမြင်တွေကို သင်ပြုပြင်သင့်ပါတယ်။ အဆိုးမြင်တတ်ခြင်းက သင့်ကိုပဲ ထိခိုက်စေတာဖြစ်ပါတယ်။

၆) ကိုယ့်ကိုကိုယ်အထင်ကြီးတတ်တဲ့စိတ်ရှိနေသလား။
ကိုယ့်ကိုကိုယ်အထင်ကြီးနေတတ်ခြင်းကြောင့် တခုခုဆိုရင်
“ခုနေမလုပ်သေးလဲ ကိစ္စမရှိပါဘူး….သူတို့အသေအလဲကြိုးစာနေတဲ့အချိန် ငါအောင်မြင်အောင်လုပ်နိုင်တယ်” ဆိုတဲ့စိတ်ဖြစ်နေတတ်ပါလိမ့်မယ်။ အဲဒီ့စိတ်ကြောင့်ပဲ အရာအားလုံးအေးဆေးပါဆိုပြီး နေတတ်တာကြောင့် တိုးတက်သင့်သလောက်မတိုးတက်တော့ပါဘူး။ အချိန်အလဟဿကုန်စေပြီး စိတ်ကူးယဉ်နေတာနဲ့တင် ပြီးနေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်အထင်ကြီးနေတတ်တယ်ဆိုရင် ပြုပြင်ပြီး ကိုယ့်ကိုကိုယ်အမှန်မြင်တတ်အောင်ကြိုးစားပါ။

ကိုယ့်ကိုကိုယ်အထက်က အချက်တွေဖြစ်ပေါ်နေသလားဆိုတာ ဆန်းစစ်ကြည့်ပြီးတဲ့အခါ တကယ်ပြုပြင်သင့်တာကို လက်တွေပြုပြင်ဖို့လိုပါတယ်။ အဲဒါမှ တကယ်တိုးတက်ပြီး ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်း ဒါမှမဟုတ် ကိုယ်သတ်မှတ်ထားတဲ့အောင်မြင်မှုကို ရောက်အောင် လှမ်းနိုင်မှာဖြစ်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။