ခေါင်းအရမ်းရှုပ်လာပြီလို့ ထင်တဲ့အခါ ဘာလုပ်သင့်သလဲ။

ခေါင်းတွေအရမ်းရှုပ်လာတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ ခေါင်းရှုပ်ရာကနေ စိတ်ရှုပ်လာပြီး ဘာကိုမှ ဆက်လုပ်လို့မရလောက်အောင် စိတ်ရှုပ်ထွေးလာတတ်ပါတယ်။ အဲဒါကြောင့် ခေါင်းအရမ်းရှုပ်လာပြီလို့ထင်ရင် ကိုယ့်ကိုယ်ကိုယ်အနားပေးဖို့လိုနေပါပြီ။ အထူးသဖြင့် ခေါင်းထဲမှာအတွေးတွေများနေတဲ့အချိန်ပေါ့။ ခေါင်းထဲတွေအတွေးတွေအားလုံးကို ခဏရပ်နားထားလိုက်ပါ။ ဒီလိုခေါင်းရှုပ်ချိန်မှာ ထပ်တွေးနေလဲ ပိုခေါင်းရှုပ်တာကလွဲပြီး ဘာအဖြေမှထွက်မလာနိုင်ပါဘူး။ အဲဒါကြောင့် အောက်ပါအချက်လေးတွေလုပ်ကြည့်လိုက်ပါနော်။


၁) အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။
အသက်ကို ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်လိုက်ပါ။ အသက်ရှုလေ့ကျင့်ခန်းလိုမျိုးပေါ့။ ဒါမှမဟုတ် တရားထိုင်သလို ဝင်လေထွက်လေကိုပဲ အာရုံစိုက်လိုက်ပါ။ အဲဒါဆိုရင် ခေါင်းက တခြားဘာကိုမှမတွေးနိုင်တော့ဘဲ အသက်ရှုခြင်းကိုသာ အာရုံရသွားပါလိမ့်မယ်။

၂) လက်ရှိအချိန်ကိုသာ စဉ်းစားပါ။
အသက်ရှုလေ့ကျင့်ခန်းလုပ်လို့ စိတ်ငြိမ်သွားပြီထင်ရင် လက်ရှိအချိန်မှာ လုပ်စရာဘာရှိလဲကိုသာ စဉ်းစားပြီး လုပ်နေလိုက်ပါ။ အဲဒါသည်လည်း ဘာကိုမှမတွေးဖြစ်စေတော့ပါဘူး။

၃) ကိုယ့်မှာရှိတဲ့ ကျေးဇူးတင်စရာလေးတွေပြန်တွေးပါ။
ကိုယ့်မှာ ဘာတွေကံကောင်းနေသေးတယ်၊ ဘာတွေတော့ ရှိနေသေးတယ်၊ တချို့တွေထက်စာရင် ကိုယ်က ရရှိထားတာပိုင်ဆိုင်ထားတာလေးတွေကို ပြန်တွေးကြည့်ပါ။ တခါတလေ လူတွေက ကိုယ့်မှာမရှိတာတွေကိုသာ မြင်ပြီး တွေးရင်း စိတ်ရှုပ်ထွေးလာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်မှာရှိတဲ့ကျေးဇူးတင်စရာလေးတွေပြန်တွေးကြည့်သင့်ပါတယ်။

၄) ဘာကိုမှမတွေးဘဲ တစ်ယောက်တည်း စိတ်အေးချမ်းစွာနေပါ။
တခါတလေ အဲဒီလိုခေါင်းရှုပ်လာတဲ့အချိန်မှာ တစ်ယောက်တည်း အေးချမ်းတဲ့နေရာတစ်ခုမှာ ထိုင်နေလိုက်တာလည်း အေးချမ်းပါတယ်။ ဘာကိုမှမတွေးဘဲ ပတ်ဝန်းကျင်က လေကောင်းလေသန့်ရှုတာပဲဖြစ်ဖြစ်၊ စိတ်ပြေလက်ပျောက် ဘုရားတစ်ခုခုသွားပြီး ရေသပ္ပာယ်တာမျိုး၊ တံမြက်စည်းလှဲတာမျိုး စိတ်အေးချမ်းမယ့်အရာတစ်ခုခုကိုပြောင်းလုပ်ကြည့်လိုက်ပါ။

၅) ဝါသနာပါရာတစ်ခုခုကို အာရုံပြောင်းလိုက်ပါ။
အဲဒီလိုမဟုတ်ရင်လည်း ကိုယ့်ဝါသနာအရ ကိုယ့်အာရုံကို ဆွဲခေါ်သွားနိုင်မယ့်အရာတွေကို လုပ်ကြည့်သင့်ပါတယ်။ တချို့ကတော့ ပန်းချီဆွဲတာဝါသနာပါတာမို့ ပန်းချီဆွဲနေရင်း အာရုံက ပန်းချီဆွဲတာကိုပဲအာရုံရသွားနိုင်ပါတယ်။ စာဖတ်တာ၊ လက်မှုပညာတခုခုလုပ်တာ စသဖြင့် ကိုယ်ဝါသနာပါရာကိုလုပ်နိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။