သင်ဘယ်လိုကျရှုံးခဲ့တယ်ဆိုတာ အရေးမကြီးပါဘူး။ ဘယ်လို ပြန်လည် ဆောက်တည်ပြီးကြိုးစားခဲ့တယ်ဆိုတာပဲအရေးကြီးတာပါ။

လူတိုင်းရှုံးနိမ့်ဖူးခဲ့တဲ့အချိန်ရှိမှာပါပဲ။ ဒါပေမယ့် သင့်ရှုံးနိမ့်မှုကို လူတွေနားမလည်နိုင်ပါဘူး၊ သင်အောင်မြင်သွားရင်သာ အသိအမှတ်ပြုကြမှာပါ။ အဲဒါကြောင့် သင်ဘယ်လောက်ရှုံးနိမ့်ခဲ့ပါစေ သင်ဘယ်လိုပြန်လည်တည်ဆောက်ပြီးကြိုးစားသလဲဆိုတာသာအရေးကြီးတာပါ။ အောင်မြင်ခဲ့တယ်ဆိုတဲ့လူတွေကြားထဲ သင်လေ့လာကြည့်လိုက်ပါ။ ဘယ်သူမှ ချက်ချင်းအောင်မြင်လာကြတဲ့သူဆိုတာမရှိပါဘူး။ အခါခါရှုံးနိမ့်ပြီး အခါအခါ ပြန်ကြိုးစားခဲ့ရတဲ့လူတွေချည်းပါပဲ။


ဒါပေမယ့် သင့်ပတ်ဝန်းကျင်ကလူတွေက သင်ဘယ်လောက်ရှုံးနိမ့်ခဲ့တယ်ဆိုတာ သူတို့ အာရုံမထားကြပါဘူး။ သင်အောင်မြင်ချိန်မှသာ “ဟာ…..သူက တော်လှချည်လား” “ဟယ်…..သူက မဆိုးဘူးပဲ” ဆိုတဲ့အတွေးမျိုးနဲ့ သင့်ကိုအာရုံရလာမှာဖြစ်ပါတယ်။ အဲဒီ့အတွက် သင်ဘယ်လောက်ပဲ ကျရှုံးခဲ့ပါစေ အရေးမကြီးပါဘူး။ တစ်ခါအောင်မြင်ဖို့သာ အရေးကြီးတာပါ။ သင်ကျရှုံးနေချိန်တိုင်းမှာ အဲဒီ့အတွေးလေး တွေးကြည့်ပေးပါ။

“ကျရှုံးပါစေ….ဘယ်နှစ်ခါ ရှုံးရှုံး တစ်ခါအနိုင်ရဖို့အရေးကြီးတယ်” ဆိုတဲ့အတွေးမျိုးပေါ့။
အဲဒီလိုအတွေးမျိုးတွေးမိလိုက်ရင် သင်ပြန်လည်ဆောက်တည်နိုင်ဖို့ ခွန်အားတွေဖြစ်လာမှာပါပဲ။ သင်တစ်ခါလောက် သင်ရည်မှန်းထားသမျှ ကြီးကြီးမားမားအောင်မြင်အောင် လုပ်ဆောင်နိုင်သွားတဲ့အခါ သင်ကျရှုံးသမျှ အားလုံး မှေးမှိန်သွားပါလိမ့်မယ်။ အဲဒီ့အတွက် သင်ကျရှုံးချိန်တိုင်းမှာ သင့်အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုရလာနိုင်စေဖို့ သင်ခန်းစာတစ်ခုတိုးတယ်လို့မှတ်လိုက်ပါ။
ဆရာဖေမြင့်ရဲ့ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား” ဆိုတဲ့စာအုပ်လေးထဲမှာ ချားလ်(စ)ရိုင်း(န) Charles S. Rhyne ဆိုတဲ့ အမေရိကန်နိုင်ငံသား ဥပဒေပညာရှင်ကို သူ့အဖေပေးခဲ့တဲ့ နမူနာလေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။ “ဒီမှာ ချာလီ လူလေး၊ ကျေညက်အောင် ထွန်ယက်မထားတဲ့လယ်ကွက်မျိုးမှာ ဘယ်တော့မှ သီးနှံကောင်းကောင်းမထွက်ဘူးကွ” ဆိုတဲ့စကားကို နာမည်ကြီး ဥပဒေပညာရှင်ဖြစ်လာမယ့် ချာလီဆိုတဲ့လူကလေးကို သူ့အဖေက ဥပမာပေး ပြောခဲ့တာပါ။

တကယ်တမ်း သေချာတွေးတောကြည့်မယ်ဆိုရင် ဘဝမှာ ကျရှုံးမှုတွေများတယ်ဆိုတာက သင်ရုန်းကန်ကြိုးစားမှုများတယ်ဆိုတာကို ပြသနေတာပါပဲ။ ဘာမှမထွန်ယက်ဘဲ ထားတဲ့ လယ်မြေဟာ ဘယ်လိုအသီးအနှံကောင်းမှ လှိုင်လှိုင်ပေါမှာမဟုတ်သလိုပဲ ဘာကိုမှ မကြိုးစားမရုန်းကန်တဲ့သူဟာလည်း ကျရှုံးမှုဆိုတာရှိမှာမဟုတ်သလို၊ ဘယ်လိုပေါက်မြောက်တဲ့အောင်မြင်မှုမျိုးကိုမှ ရရှိပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ သီးနှံကောင်းကောင်းအထွက်တိုးချင်ရင် မြေကို ကြေညက်အောင် ထွန်ယက်ရသလိုပေါ့၊ သင့်မှာ အောင်မြင်မှုများများလိုချင်ရင် သင့်ရဲ့ကျရှုံးမှုကို ပဓာနမထားဘဲ များများကျရှုံးလေ ၊ များများသင်ခန်းစာယူလေလေ၊ များများကြိုးစားသင့်တာပါပဲ။

ဘဝမှာ ကျရှုံးရတဲ့ ရှုံးနိမ့်မှုတွေဟာလည်း ထိုဥပမာအတိုင်းပါပဲ။ သင်များများကျရှုံးလေလေ သင့်ကို အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ များများပေးလေလေဖြစ်ပြီး သင့်ရဲ့ ကြိုးစားမှုကို အောက်သက်ကျေအောင် တွန်းအားပေးနေသလိုပါပဲ။ သင်များများ အတွေ့အကြုံရပြီး သင်ခန်းစာတိုးလေလေ သင်ဖြစ်ချင်တဲ့နေရာ၊ ရည်မှန်းချက်အတွက် သင်အောက်သက်ကြေလေလေ သင်ပိုပြီး ပညာရည်ပြည့်ဝလာလေလေပေါ့။ အချိန်တန် သင့်ကြိုးစားမှုနဲ့တန်တဲ့ အသီးအပွင့်တွေကို သင်ရရှိပိုင်ဆိုင်ရမှာပါပဲ။

အဲဒါကြောင့် သင်ဘယ်လောက်ကျရှုံးရပါစေ အရေးမကြီးပါဘူး၊ အချိန်တန် ကျရှုံးမှုကို ဘယ်လိုပြန်လည်ဆောက်တည်ပြီး ကြိုးစားခဲ့တယ်ဆိုတာကသာ အရေးကြီးတာပါ။ နောက်ဆုံးမှာ အောင်မြင်တဲ့ရလဒ်တစ်ခုရလာဖို့သာ အရေးကြီးတာမဟုတ်လား။ အဲဒီ့အတွက် ဘယ်လောက်ကျရှုံးပါစေ ၊ တစ်ခါအောင်မြင်နိုင်ဖို့ ဆက်ပြီး အားတင်းကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။