လူတွေနဲ့ပတ်သက်ပြီး ပြောင်းလဲသင့်တဲ့ခံယူချက်များ

တခါတလေမှာ ကျွန်တော်တို့ရဲ့အကျင့်က ကိုယ်နဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင် ၊ အသိုင်းအဝန်းက လူတွေရဲ့ ကိုယ်နဲ့သိပ်မအပ်စပ်တဲ့အကျင့်စရိုက်တွေကို ပြုပြင်ချင်စိတ်ဖြစ်တတ်ကြပါတယ်။ တခါတလေကျရင် အဲဒီလိုလူတွေရဲ့ အကျင့်တွေကြောင့် အာရုံနောက်ရတတ်ပါတယ်။ ကိုယ်တိုင်မှာလည်း ကိုယ့်ကြောင့်အခြားသူတွေ အာရုံနောက်ရတဲ့အကျင့်မျိုးရှိနေရင် ပွင့်လင်းစွာ မေးမြန်းပြီး ပြုပြင်သင့်ပါတယ်။ ဒါပေမယ့် တချို့လူတွေကျတော့ ကိုယ်တိုင်လည်းပြုပြင်ရကောင်းမှန်းမသိသလို၊ ကိုယ့်ကြောင့် အခြားသူတွေကို စိတ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးမှန်းမသိပေးနေတာမျိုးဖြစ်သွားတတ်ပါတယ်။ ဥပမာ ။ သင့်ကိုကြည့်ပြီး သင့်အသားအရေကို ရှုတ်ချတဲ့လူမျိုး၊ သင့်ခန္ဓာကိုယ်ကို ကြည့်ပြီး ရှုတ်ချတဲ့သူမျိုး၊ လူကိုမြင်တာနဲ့ လခဘယ်လောက်ရလဲတန်းမေးတတ်တဲ့သူမျိုး၊ လူတစ်ဖက်သားကို ချီးကျူးချင်စိတ်မဟုတ်ဘဲ အပြုသဘောမျိုးမဟုတ်ဘဲ အပျက်သဘောမျိုးနဲ့ တဖက်လူရဲ့ခံစားချက်ကိုထည့်မစဉ်းစားဘဲ ပုတ်ခတ်တတ်တဲ့သူမျိုးတွေကို ကြုံဖူးကြမှပါ။ အဲဒီလိုလူတွေနဲ့ ကြုံဆုံလာရတာများတဲ့အခါ သင့်မှာ အလိုလိုနေရင်း စိတ်ညစ်ညူးတတ်သလို၊ တစ်ခါနှစ်ခါသည်းခံနိုင်ပေမယ့် အခါပေါင်းများစွာ ထိပ်တိုက်ဖြစ်လာတဲ့အခါ သည်းခံနိုင်စွမ်းလျော့ကျလာစေသလို၊ သူတို့ရဲ့ပုတ်ခတ်တဲ့စကား၊ အဆိုးမြင်တဲ့စကားတွေကြောင့် သင့်ဘဝရဲ့အမြင်တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ အဲဒီလိုလူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ။ ဒါမှမဟုတ် အဲဒီလိုလူမျိုးနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ခံယူချက်တွေကို ဘယ်လိုပြောင်းလဲပစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါနော်။


၁) အဆိုးမြင်တဲ့သူတွေကို ဘဝထဲကထုတ်ပစ်ဖို့မကြောက်ပါနဲ့။
အဆိုးမြင်တဲ့သူတွေ ဒါမှမဟုတ် သင့်ရဲ့ခံစားချက်ကိုဆိုးဝါးစေတဲ့သူတွေ ၊ သင့်ကို ယုံကြည်မှုအားနည်းစေတဲ့သူတွေကို ရှောင်နိုင်သမျှရှောင်လိုက်ပါ။ မပတ်သက်ပါနဲ့။ မပတ်သက်လို့မဖြစ် ပတ်သက်ရမယ်ဆိုရင်တော့ ထိုအချိန်ခဏလေးသာ ပတ်သက်စရာရှိတာ၊ လုပ်စရာရှိတာမျိုး လုပ်ပေးလိုက်ပါ။ ပြီးရင် သူတို့နဲ့ အပိုအလိုစကားပြောတာမျိုးတွေ၊ ကိုယ့်ရဲ့အားလပ်ချိန်ကို သူတို့နဲ့အချိန်ဖြုန်းတာမျိုး မလုပ်မိပါစေနဲ့။ တဖြေးဖြေး သူတို့ကို စွန့်ခွာတတ်အောင် လုပ်ပါ။ အဲဒါက သင့်ဘဝကို ပိုပြီး အကောင်းမြင်စိတ်ပြန်ဖြစ်ပေါ်လာနိုင်ပါတယ်။ သူတို့ကြောင့် သင့်ကိုသင်အဆိုးမြင်၊ သင့်ဘဝကြီးက မကောင်းဘူးလို့ထင်မြင်နေတာတွေလျော့နည်းလာပါလိမ့်မယ်။ ထိုသူမျိုးတွေကို လွှတ်ချထားခဲ့ပြီးတဲ့အခါ သင့်ကိုသင်အားပေးပါ။ သင်က ဘယ်အရာကိုမဆို ဖြစ်အောင်လုပ်နိုင်တဲ့သူအဖြစ် ကိုယ့်ကိုကိုယ်အားပေးတဲ့စကားမျိုး ပြောပေးပါ။

၂) သင့်ကိုထိခိုက်နာကျင်စေတဲ့သူတွေကိုကြုံရင် သင်ခန်းစာရတယ်လို့တွေးပါ။
တခါတလေ တချို့လူတွေက ကိုယ့်ကို မထီမဲ့မြင်ပြုမူတာမျိုး၊ ကိုယ့်ကို မတူမတန်ဆက်ဆံတာမျိုး၊ ကိုယ့်ကို ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုထိခိုက်နာကျင်စေတဲ့သူမျိုးကို ကြုံလာတဲ့အခါ လူတွေအကြောင်းကို ပိုသိလာရလို့ သင်ခန်းစာရတယ်လု့ိတွေးလိုက်ပါ။ “ငါ့ကျမှဘာလို့ဒီလိုဆက်ဆံခံရတာလဲ” လို့တွေးပြီးအဖြေရှာမနေပါနဲ့။ အချိန်ကုန်သလို၊ စိတ်ပင်ပန်းပါတယ်။ အဲဒီလိုလူတွေက လူတိုင်းနီးပါးကို အဲဒီလိုဆက်ဆံတတ်သူတွေပါပဲ။ အဲဒါကြောင့် သူတို့နဲ့တွေ့ရတာ ဘဝထဲက သင်ခန်းစာတစ်ချို့ရစေတယ်လို့သာတွေးလိုက်ပြီးခေါင်းထဲကထုတ်လိုက်ပါ။

၃) အခြားသူတွေကို သင့်အပေါ်အလုံးစုံနားလည်ဖို့မမျှော်လင့်ပါနဲ့။
သင်နဲ့ပတ်သက်ပြီး အခြားသူတွေက ဘယ်လိုပဲအပြစ်တင်ပါစေ၊ ဘယ်လိုပဲ ရှုံ့ချပါစေ။ အခြားသူတွေက သင့်အပေါ်အလုံးစုံနားမလည်နိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်လည်း အခြားသူအကြောင်းကို သေချာနားမလည်နိုင်သလို၊ ကိုယ့်အကြောင်းကိုလည်း သူတို့အစအဆုံးသေချာမသိဘဲပြောတာ အာရုံထဲထည့်မနေပါနဲ့။ သင့်အကြောင်းနဲ့ပတ်သက်ပြီး အခြားသူတွေ အလုံးစုံနားလည်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အဲဒီလိုမျှော်လင့်နေခြင်းက သင့်ပဲစိတ်ပင်ပန်းစေပါတယ်။

၄) လူတွေကသင့်အပေါ်ပြုမူတဲ့အပြုအမူကို ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာ သိပါ။
လူတွေက သင့်ကိုဘယ်လိုပဲ ပြုမူသည်ဖြစ်စေ သူတို့ရဲ့အပြုအမူနဲ့ အထင်အမြင်ကို သင်ဘယ်လိုမှပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ သင်က သူတို့အပေါ်တုံ့ပြန်တဲ့ပြုမူပုံကိုသာ ပြောင်းလဲပစ်လိုက်ပါ။ အဲဒါက အကောင်းဆုံးပါပဲ။ သင်က သူတို့အပေါ်ဘယ်လိုတုံ့ပြန်မလဲဆိုတာ သင့်အပေါ်ပဲမူတည်ပါတယ်။ သူတို့ဘယ်လိုပြုမူနေပါစေ၊ သင်က သင့်အတွက်အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို ခေါင်းထဲမထည့်ဘဲ လျစ်လျူရှုနိုင်အောင်ကြိုးစားတာအကောင်းဆုံးပါပဲ။ သင့်ဘဝကို အဆိပ်အတောက်ဖြစ်စေတဲ့ ထိုလူတွေအတွက် နေရာမပေးပါနဲ့။

၅) သင့်ကိုယ်သင်လေးစားမှုရှိဖို့သာ အရေးကြီးတယ်လို့ ခံယူပါ။
သင့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေတဲ့လူတွေကို ကျောခိုင်းလိုက်ခြင်းက သင့်ကိုယ်သင်လေစားမှုရှိခြင်းပဲဖြစ်ပါတယ်။ ထိုလူတွေကို အားနာမှု၊ မပစ်မှု၊ အောင့်အီးသည်းခံပေါင်းသင်းနေခြင်းက သင့်ကိုသင်နှိပ်စက်နေခြင်းပါပဲ။ သူတို့နဲ့ ပေါင်းသင်းပတ်သက်နေသမျှ သင်ပဲ အသက်ရှုရကြပ်နေပြီး သင့်ဘဝကြီးတနေ့တခြား ဆုတ်ယုတ်လာသလိုခံစားလာရပါလိမ့်မယ်။ အဲဒါကြောင့် တခုခုကို ခံစားနေရတဲ့အခါ သင့်ကိုယ်သင်ပြန်မေးပါ။ ဒီဆက်ဆံရေးက ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေသလား၊ ကိုယ့်အရမ်းမွန်းကြပ်နေသလား၊ ကိုယ့်ကိုဖိနှိပ်နေသလိုခံစားနေရသလား။ စသဖြင့် ခံစားရတယ်ဆိုရင် သူတို့တွေကို ကျောခိုင်းလှည့်ထွက်ဖို့ ဝန်မလေးပါနဲ့။ အဲဒါက သင့်ကိုယ်သင်လေးစားမှုရှိခြင်းသာဖြစ်ပါတယ်။

၆) အားလုံးကို ခွင့်လွှတ်ပေးခြင်းက သင့်အတွက်ပဲဆိုတာ နားလည်ပါ။
ကိုယ့်ဘဝထဲက ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်တဲ့သူတွေကို ထုတ်ပယ်ပစ်ခြင်းက သူတို့ကို မုန်းတီးလို့မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်လေးစားမှုထားခြင်းသာဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တစ်နေရာမဟုတ်တစ်နေရာကြုံရတဲ့အခါ ပြုံးပြနိုင်အောင်ကြိုးစားပါ။ ကိုယ့်အပေါ်ပြုမူခဲ့သမျှ ခွင့်လွှတ်တယ်လို့တွေးလိုက်ပါ။ အဲဒါဆို ပြုံးပြနိုင်သွားပါလိမ့်မယ်။ အဲဒီလိုနားလည်ပေးခြင်းက သင်မနာကျင်စေသလို၊ သင့်ကိုယ်သင် ဝန်မပိစေပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။