ပိုကောင်းတဲ့ဘဝဖြစ်လာဖို့ သင်လေ့ကျင့်ယူရမယ့်အကျင့်များ

သင့်ဘဝကို ခုထက်ပိုပြီး အဆင်ပြေစေဖို့၊ ရည်မှန်းချက်တွေဖြစ်လာဖို့၊ ပိုပြီး အောင်မြင်နိုင်ဖို့ စသဖြင့် ပိုကောင်းတဲ့ဘဝဖြစ်လာဖို့ မလိုလားတဲ့သူရှိမယ်မထင်ပါဘူးနော်။ လူတိုင်းဟာ ကိုယ့်ဘဝကိုယ်တော့ အကောင်းဆုံးဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီလို ပိုကောင်းတဲ့ဘဝဖြစ်ချင်တာနဲ့ တပြိုင်တည်း ကိုယ့်မှာရော ပိုကောင်းတဲ့အကျင့်တွေရှိလာရဲ့လား၊ ဒါမှမဟုတ် မကောင်းတဲ့အကျင့်တွေကိုပြင်နိုင်ပြီးလား ဒါမှမဟုတ် မကောင်းတဲ့အကျင့်တွေနည်းပြီး ပိုကောင်းတဲ့အကျင့်တွေတိုးလာသလားဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်နေပါသေးတယ်နော်။ အဲဒါကြောင့် သင့်ဘဝကို ပိုကောင်းတဲ့ဘဝဖြစ်လာဖို့အတွက် သင်လေ့ကျင့်ယူရမယ့်အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုယ်ကိုယ်ပိုဂရုစိုက်ပါ။
ကိုယ့်ရဲ့ကိုယ်စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းပါပဲ။ အဲဒါက သင့်ကိုစိတ်ချမ်းသာစေလို့ သင့်ဘဝပိုကောင်းလာမယ့်အခြားကိစ္စတွေမှာ ပိုအာရုံစိုက်နိုင်ပါလိမ့်မယ်။

၂) အတိတ်ကိုလွှတ်ချခဲ့ပါ။
ဒါကတော့ သိပြီးသားပါနော်။ အတိတ်ကနာကျင်စရာတွေကို လွှတ်ချပါ။ ခုလက်ရှိနာကျင်နေတာတွေကိုလည်း လွှတ်ချနိုင်အောင်ကြိုးစားပါ။ ကိုယ့်အတွက်ကိုယ် အကောင်းဆုံးဖြစ်မယ့်ကိစ္စကိုသာအာရုံစိုက်ပါ။ ကိုယ့်စိတ်ချမ်းသာမှုရှိပြီး ကိုယ့်ကိုလည်း ဒုက္ခမပေး၊ အခြားသူများကိုလည်း ဒုက္ခမပေးနိုင်တဲ့စိတ်ချမ်းသာမှုမျိုးကိုသာ အဓိက ရွေးချယ်ပါ။ သူများစိတ်ချမ်းသာပြီး ကိုယ်စိတ်ညစ်တာမျိုးလည်း မဖြစ်ရသလို၊ ကိုယ်စိတ်ချမ်းသာပြီးသူများစိတ်ဆင်းရဲနေတာမျိုးလည်း မဖြစ်သင့်ပြန်ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုနာကျင်စေတဲ့အရာမှန်သမျှကို စွန့်လွှတ်ဖို့ဝန်မလေးဘဲ ဘယ်သူ့ကိုမှလည်း မထိခိုက်စေတဲ့ စိတ်အေးချမ်းမှုမျိုးကို ရှာပါ။

၃)ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချပါ။
အခုလက်ရှိအချိန်ကိုသာ အကောင်းဆုံးအသုံးချဖို့မမေ့ပါနဲ့။ အခြားအရာတွေကြောင့် အာရုံပျက်တတ်တာမို့ ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးပါ။ အခုအချိန်ကို ကောင်းကောင်းအသုံးချခြင်းဟာ အနာဂတ်အတွက် မျှော်မှန်းထားသမျှ ဖြစ်လာအောင်ကြိုးစားခြင်းပါပဲ။

၄)ပိုပြီးခွင့်လွှတ်တတ်ပါစေ။
ခွင့်လွှတ်တတ်ခြင်းက သင့်ကိုပေါ့ပါးစေတယ်။ ပိုပြီး ကောင်းမွန်တဲ့စိတ်ထားတွေဖြစ်လာစေပါတယ်။ အကောင်းမြင်စိတ်တိုးလာတဲ့အခါ ကိုယ့်ဘဝအတွက် ပိုကောင်းတဲ့အပိုင်းတွေကိုသာ ပိုမြင်လာပြီး ပိုကြိုးစားလာနိုင်ပါတယ်။

၅)ကိုယ့်ရည်မှန်းချက်တွေကိုသာ အာရုံထားပါ။
သင့်ရဲ့ ရှင်သန်ရခြင်း ရည်မှန်းချက်အစစ်အမှန်ကဘာလဲဆိုတာကို သိတဲ့အခါ ထိုရည်မှန်းချက်ကိုပုံဖော်ရင်းနဲ့သာ သင်လျှောက်နေတဲ့လမ်းကို သင်တိကျစွာရွေးချယ်နိုင်မှာပါ။ အဲဒီ့မှာ ကြုံလာသမျှ အခက်အခဲ အနှောင့်အယှက်ပြဿနာဆိုသမျှကိုလည်း သင်ရဲ့အောင်မြင်ချင်စိတ်ကြောင့်ပဲ ကျော်လွှားနိုင်အောင် ကြိုးစားမှာပါ။ အဲဒီ့လို သင်မျှော်မှန်းသမျှတွေဖြစ်လာလေ သင့်ဘဝက ပိုပြီးပျော်ရွှင်လာလေလေ၊ ပိုပြီး ကောင်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်လာနိုင်လေလေပါပဲ။ အဲဒါကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်ကလွဲပြီး တခြားအာရုံနှောက်စရာတွေကို ခေါင်းထဲသိပ်မထည့်ပါနဲ့။

၆)ကိုယ့်စိတ်အေးချမ်းမှုကိုအလေးထားပါ။
အဓိကက သင့်စိတ်ပါ။ သင်စိတ်ရှုပ်နေရင် ပိုကောင်းတဲ့အရာတွေကို အာရုံမစိုက်နိုင်ပါဘူး။ သင့်ရဲ့ရည်မှန်းချက်ကို အရောက်သွားနိုင်မယ့် နည်းလမ်းတွေအပေါ်လည်း အာရုံမရနိုင်ပါဘူး။ အဲဒါကြောင့် သင့်စိတ်ကို ဂရုစိုက်ပါ။ သင့်စိတ်အေးချမ်းမှုကို အလေးထားခြင်းဟာ သင့်စိတ်ချမ်းသာစေပြီး သင့်စိတ်အေးချမ်းလေ သင့်ဘဝရဲ့ပိုကောင်းတဲ့နေရာတွေကို ပိုမြင်တတ်လာစေပါတယ်။ သင့်ဘဝရဲ့အခွင့်အလမ်းတွေကိုလည်း ပိုမြင်လာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ချမ်းသာမှုကို အလေးထားပါ။

၇) အကောင်းဘက်ကရှာတွေးတတ်ပါစေ။
ကိုယ့်ဘဝမှာ အဆုးိတွေကြုံရတာမဟုတ်ပါဘူး။ အခြားလူတွေရဲ့ဘဝမှာလည်း သူ့အခက်အခဲနဲ့သူပါပဲ။ သင်မသိတာနဲ့ သိတာသာ ကွာခြားသွားတာပါပဲ။ အဲဒါကြောင့် အဆိုးတွေထိုင်မြင်နေတာထက်စာရင် သင့်ဘဝမှာ အဆိုးကြုံနေတဲ့ကြားထဲကပဲ ပိုကောင်းတဲ့နေရာလေးတွေကို ရှာကြံတွေးတတ်ဖို့လိုပါတယ်။ အဲဒါကသာ အဆိုးတွေထဲက အကောင်းကိုမြင်မှာဖြစ်သလို သဲကန္တရထဲမှာ လမ်းလျှောက်ရင်း ရေသောက်ရတဲ့သူလို ဖြစ်မှာပေါ့။
အထက်ကဖော်ပြထားတဲ့အချက်တွေက ရိုးရှင်းသလိုထင်ရပေမယ့် ကျင့်ယူဖို့ လိုပါတယ်။ ထိုအကျင့်တွေကို ကျင့်ယူတတ်လေလေ သင့်ဘဝအတွက်လည်း ပိုကောင်းတဲ့အမြင်၊ ပိုကောင်းတဲ့အခြေအနေတွေပိုမြင်လာပြီး ပိုကြိုးစားချင်စိတ်၊ စိတ်အားထက်သန်မှုတွေဖြစ်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။