လွတ်လပ်တဲ့ ဘဝက သိပ်ကို ချိုမြန်ပါတယ်။

လွတ်လပ်တဲ့ဘဝက ဘယ်လောက် စိတ်ချမ်းသာစရာကောင်းမှန်း လူတိုင်းသိကြမှာပါ။ လူတိုင်းက ရတာမလို၊ လိုတာမရ ဖြစ်တတ်ကြတာမို့ အိမ်ထောင်ပြုပြီးသူတွေကလည်း လွတ်လပ်သူတွေကို အားကျနေတတ်သလို၊ လွတ်လပ်သူတွေကျပြန်တော့ မိသားစုဘဝလေးက ဘယ်လောက်သာယာတာ ဆိုပြီး အားကျနေတတ်ပြန်ပါတယ်။ အမှန်တော့ ဘယ်လိုဘဝကို ပိုင်ဆိုင်ထားပါစေ ဘဝကို တန်ဖိုးထားတတ်ဖို့သာ လိုတာပါ။


အဲဒီ့တော့ သင်က အခု လွတ်လပ်သူဖြစ်နေတယ်ဆိုရင် သင့်ရဲ့လွတ်လပ်တဲ့ဘဝကို မိသားစုနဲ့ဥမကွဲသိုက်မပျက်နေနေရတဲ့သူတွေကလည်း လိုချင်အားကျနေတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ သင်ဆုပ်ကိုင်ထားတဲ့ လက်ရှိဘဝကိုသာ တန်ဖိုးထားပါ။ အကောင်းဆုံးရှင်သန်ပါ။
လွတ်လပ်ရှာပါတယ်…..ဒါပေမယ့် ကိုယ့်ကို သူစိမ်းတွေထဲက ဘယ်သူကမှ အထူးတလည် ချစ်မယ့်သူမရှိဘူးလို့များ ထင်နေမိသလား။ မထင်ပါနဲ့…..လူတိုင်းက ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးမဟုတ်လား။ သင့်ကိုချစ်ဖို့ သင်တစ်ယောက်လုံးရှိနေတာနဲ့တင် ကျေနပ်ဖို့ကောင်းနေပါပြီ။ ဘာလို့လဲဆိုတော့….. အခြားသူစိမ်းတစ်ယောက်က သင့်ဘဝထဲကို ဝင်လာပြီး သင့်ကို ချစ်ပါတယ်…..ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ နေရာတိုင်းမှာ လာခြယ်လှယ်တော့မှာပါ။ သင်ကမရသေးလို့သာ လိုချင်နေတယ်ထင်ရတာပါ၊ တကယ်တမ်းရလာတဲ့အခါ စိတ်ပျော်ရာကနေ တဖြေးဖြေး စိတ်ရှုပ်ခြင်းတွေပဲ ရလာပါလိမ့်မယ်။
အစားစားရင်လည်း “ အဆီအဆိမ့်တွေ အဲလောက်စားမှတော့ ဝလာတော့မှာပေါ့” “အစပ်တွေ အဲလောက်မစားနဲ့လေ” “ဒီအင်္ကျ ီကြီးက ချစ်နဲ့မလိုက်ပါဘူး” “ ဟိုကောင်မလေးကိုပဲ ဘာလို့ မျက်လုံးကျွတ်ကျမတတ်ကြည့်နေတာလဲ” “အပေါင်းအသင်းတွေနဲ့ ညနက်တဲ့အထိ အလေလိုက်မနေနဲ့”
စတဲ့စကားတွေက သင်ဘယ်သွားသွား ချုပ်နှောင်ဖို့ အသင့်ဖြစ်နေမှာပါ။ အဲဒါက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်လာစေတော့မှာပါ။ (အစမှာ မသိသာပေမယ့် နောက်ပိုင်းပိုဆိုးလာသလို ခံစားလာရပါလိမ့်မယ်) လွတ်လပ်ချင်စိတ်ရှိတဲ့သူတွေအတွက်တော့ အဲဒါက အချုပ်အနှောင်ပါပဲ။ အချိန်တန်မိသားစုတစ်ခု တည်ထောင်သင့်တဲ့အချိန်တော့ တည်ထောင်ရမှာ အမှန်ပါပဲ။ အဲဒီ့အချိန်ရောက်ရင်တော့ တစ်မျိုးပေါ့လေ။ အချိန်မကျခင်မှာတော့ ချည်နှောင်ခံရမှာ အဆင်မပြေလောက်ပါဘူး။
ဘယ်နေရာရာ သွားသွား….ကိုယ်လက်ကလေးကို တယုတယ နွေးထွေးစွာဆုပ်ကိုင်မယ့်သူမရှိဘူးဆိုပြီးများ အားငယ်မနေပါနဲ့။ ဘယ်သူမှ မပါတော့ နောက်ဆံမငင်နေရဘူးပေါ့။ ဘယ်လောက်များ လွတ်လပ်ပေါ့ပါးလိမ့်မလဲ၊ ခံစားဖူးမှ သိတာပါနော်။ နှစ်ယောက်ဖြစ်ရင် နှစ်ယောက်အကြိုက်ညှိနေရတာနဲ့တင် ရှုပ်နေပါလိမ့်မယ်။ သုံးယောက်ရှိရင် သုံးယောက်အကြိုက်ညှိရမှာပါ။ အဲဒီ့တော့ တစ်ယောက်တည်း သွားချင်တဲ့နေရာသွား၊ စားချင်တဲ့အစားအစာဆိုလည်း ဘယ်သူနဲ့မှ တိုင်ပင်နေစရာမလိုဘဲ ကိုယ့်အကြိုက်ဝယ်စားရုံ၊ တစ်ယောက်တည်း အားလပ်ရက်တွေဆို ဘယ်သူနဲ့မှ ခေါင်းချင်းဆိုင်နေစရာမလိုဘဲ ကျောပိုးအိတ်ကောက်လွယ်လို့ ထသွားလိုက်ရုံ ဘဝက ဘယ်လောက်များ ပေါ့ပါးလိုက်ပါ့မလဲ။
ငွေရေးကြေးရေးဆိုလည်း ကုန်သွားလို့ စိတ်ညစ်စရာမရှိ၊ ကိုယ့်တစ်ယောက်တည်းဘဝမို့ တစ်ယောက်စာလောက်ငရုံကျန်ရင် အေးတာပါပဲ။ နောက်ဆက်တွဲ ဘယ်သူ့အတွက်မှ ပူစရာမလို၊ ဘယ်သူ့တာဝန်မှ တွေးစဉ်းစားနေစရာမလိုလို့ ဘယ်လောက်အပူအေးလိုက်မလဲ။ ကိုယ့်တာဝန်ကိုယ်ယူရုံပါပဲ။ ဘယ်သူ့အတွက်က ဘာ….ဘယ်သူ့အတွက် ဘယ်လို…..ဘာအတွေးနဲ့မှ ကြိုစဉ်းစားပြီး ပူပင်နေစရာမရှိတာ အပူအပင်ကင်းသောဘဝပါ။
ဘယ်လိုအကြောင်းကြောင်းနဲ့ဖြစ်ဖြစ်၊ သင်တန်ဖိုးထားတတ်ရင် တစ်ယောက်တည်းဘဝက ချိုမြိန်တဲ့အချက်တွေအများကြီးပါပဲ။ ငွေကုန်လို့၊ နေချင်သလိုနေလို့၊ သွားချင်သလိုသွားလို့၊ စားချင်သလိုစားလို့ နားပူနားဆာလုပ်မယ့် သူမရှိလို့ သင့်ဘ၀ အရမ်းတွေ ပျော်စရာကောင်းနေပါပြီ။ အဲဒါကြောင့် လွတ်လပ်တဲ့ဘဝက အရမ်းကိုချိုမြိန်ပါတယ်။ ချိုမြိန်တဲ့ဘဝကို ခါးသီးတယ်ထင်ပြီး ထွေးမထုတ်လိုက်ပါနဲ့၊ ခါးထားထက် ပူစပ်ပူလောင်ပါ ဖြစ်သွားရပါလိမ့်မယ်။ (အချုပ်အနှောင်နဲ့နေတာ မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူးနော်။) လွတ်လပ်စွာနေရတဲ့ဘဝကို အထီးကျန်မှုတစ်ခုလို ခံစားနေတယ်ထင်ရသူတွေအတွက် မမြင်တဲ့အချက်လေးတွေကို ထောက်ပြထားတာပါ။
အချိန်တစ်ခုရောက်ရင်တော့ လွတ်လပ်ခြင်းကို စွန့်လွှတ်ရတတ်တာမို့ လွတ်လပ်နေတုန်း ချိုမြိန်မှုကို တန်ဖိုးထားတတ်အောင် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ရပါတယ်။
အားလုံးပဲ လွတ်လပ်သော ဘဝမှာ အမှန်တကယ်ချိုမြိန်မှုကို တန်ဖိုးထားတတ်ပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။