စွန့်လွှတ်သင့်တာကို စွန့်လွှတ်လိုက်ခြင်းရဲ့ကောင်းကျိုးများ

စွန့်လွှတ်သင့်တာကို မစွန့်လွှတ်နိုင်ခြင်းက မပြတ်သားခြင်းပါပဲ။ တကယ်တော့ လောကမှာ နေပျော်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ပြတ်သားသင့်တာပြတ်သားဖို့လိုပါတယ်။ စွန့်လွှတ်သင့်တာစွန့်လွှတ်ဖို့လိုပါတယ်။ ပြတ်သားတတ်တဲ့လူတွေက ဘဝမှာပိုပြီးနေပျော်ကြတယ်ဆိုရင် မယုံချင်စရာမရှိပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ ပြတ်သားတတ်တဲ့သူတွေမှာ သူတို့ကို စိတ်ရှုပ်စေတဲ့အကြောင်းအရာတွေကို ပြတ်သားစွာ ရှင်းလင်းစေတတ်တဲ့အကျင့်ရှိလို့ပါပဲ။ အဲဒီလိုပါပဲ သူတို့အတွက် မကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင်လည်း ချက်ချင်းဖယ်ခွာလိုက်ဖို့ ဝန်မလေးပါဘူး။ သူတို့ကို အန္တရာယ်ဖြစ်စေတဲ့အပေါင်းအသင်းမျိုးဆိုရင်လည်း ချက်ချင်း ပြတ်သားစွာ ရှောင်ကျဉ်ဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ အဓိကကတော့ သူ့အပေါ်ထိခိုက်စေနိုင်သူမှန်သမျှကို ရှောင်ဖယ်ခြင်း၊ ဘဝထဲက ဖယ်ထုတ်လိုက်ခြင်းက ကိုယ့်ကိုကိုယ်လေးစားမှုရှိခြင်းဆိုတာကို သူတို့က သူများထက်ပိုသိသူတွေပဲဖြစ်ပါတယ်။


အဲဒါဆိုရင် မပြတ်သားသူတွေကတော့ ဘဝမှာ နေရကျိုးမနပ်ဆုံးလူတွေလို့ ဆိုကြမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်အပေါ်ထိခိုက်စေသူ၊ နစ်နာစေသူတွေကို မကောင်းတဲ့သူတွေမှန်းသိသိကြီးနဲ့ကို ပြတ်သားစွာ ကိုယ့်ဘဝထဲက မဖယ်နိုင်လို့ပါပဲ။ အဲဒါကြောင့်အဲဒီလိုလူတွေအတွက် ရခဲလှတဲ့လူ့ဘဝတိုတိုလေးက ပျော်ရွှင်ချိန်နည်းပါးပါတယ်။ ကိုယ့်ကိုအမျိုးမျိုးဒုက္ခတွေပေးတတ်တဲ့သူတွေကြောင့်ပဲ အမြဲလို စိတ်ညစ်ရ၊ စိတ်ရှုပ်ရ၊ ပြဿနာတွေရှင်းရနဲ့ အမြဲတမ်းဒုက္ခပေါင်းသောင်းခြောက်ထောင်ကြားမှာ ရှင်သန်နေရတတ်ပါတယ်။
တကယ်တော့ လူ့ဘဝကြီးက ရှုပ်ထွေးလွန်းတာမဟုတ်ပါဘူး။ လူတွေက ရှုပ်ထွေးလွန်းတာဖြစ်ပါတယ်။ ပြဿနာကို လူတွေက ဖန်တီးနေတာများပါတယ်။ ပြဿနာတွေထဲကို လူတွေကတိုးဝင်နေတာဖြစ်ပါတယ်။ ဥပမာ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့မိသားစုတစ်ခုမှာဆိုရင် အမျိုးသားဖြစ်သူက အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုပါတော့။ အမျိုးသမီးဖြစ်သူက အမျိုးသားကို ကွာရှင်းပေးလိုက်ရင် ပြဿနာက ပြီးသွားပါပြီ။ ဒါပေမယ့် များသောအားဖြင့် အဲဒီလိုမဟုတ်ကြဘဲ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့သူကိုပဲ လက်မလွှတ်ချင်တဲ့စိတ် ဒါမှမဟုတ် သားသမီးတွေရှိတယ်ဆိုတဲ့စိတ်နဲ့ မကွာရှင်းနိုင်ဘဲ အတင်းပြန်လည် လက်တွဲတတ်ကြပါတယ်။ အဲဒီ့အခါမှာ ဖောက်ပြန်တတ်တဲ့ အမျိုးသားဖြစ်သူက တစ်ဖက်လူကို စိတ်မပြတ်တာကြောင့် မသိအောင် တိတ်တိတ်ပုန်းဖောက်ပြန်နေတာမျိုးတွေဖြစ်နေတတ်ပြန်ပါတယ်။ ဒီလိုပြဿနာမျိုးမှာဆိုရင် အပြတ်သားဆုံး လွှတ်ချလိုက်နိုင်တဲ့သူက အရင်ဆုံး အေးချမ်းသွားမှာဖြစ်ပြီး စိတ်အေးချမ်းမှုကိုလည်း အရင်ဆုံးရသွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လူတွေရဲ့သဘောကိုက မရနိုင်လေ ပိုတမ်းတလေနဲ့ ဆန့်ငင်နေတတ်ကြပါတယ်။
ထိုကဲ့သို့ လူကြီးတွေမပြတ်သားမှုကြောင့် ကြားထဲကခံရတာက သားသမီးတွေပါပဲ။ တိခနဲဖြတ်ချပြီး ကွာရှင်းလိုက်တာက သားသမီးအတွက်ပိုကောင်းသလို၊ အိမ်ရှင်မအတွက်လည်း ပိုပြီး အပူနည်းစေပါတယ်။ အမြဲတကျက်ကျက်ရန်ဖြစ်နေတဲ့မိသားစုကြောင့် သားသမီးမှာ စိတ်အနာဖြစ်စေပါတယ်။
ကိုယ့်အပေါ်မကောင်းတဲ့ချစ်သူကိုလည်း တစ်နေ့နားလည်လာနိုးနဲ့ ပြတ်သားစွာ လက်တွဲမဖြုတ်ဘဲ လက်တွဲနေခြင်းကလည်း အလားတူပါပဲ။ ကိုယ့်အပေါ် ရလိုတဲ့အချိန်တော့ လာရောက်ပတ်သက်ပေါင်းသင်းတဲ့ အပေါင်းအသင်းမျိုးကိုလည်း သိသိကြီးနဲ့ အပေါင်းအသင်းမရှိမှာ စိုးတဲ့စိတ်နဲ့ အနိုင်ကျင့်သမျှ ခံနေတတ်ခြင်းကလည်း အလားတူပါပဲ။ ကိုယ့်ကို အမြဲအပြစ်တင်နေတတ်တဲ့ ပတ်ဝန်းကျင်ကိုလည်း မရှောင်ထွက်နိုင်ဘဲ စိတ်ဒဏ်ရာအရခံနေတာလည်း ထိုကဲ့သို့ပါပဲ။ ကိုယ့်ကို အမြဲလို bully လုပ်နေတတ်တဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် အလုပ်ခွင် စတဲ့ ကိုယ့်အတွက် toxic environment ဆိုလည်း ချက်ချင်း ပြတ်သားစွာ လှည့်ထွက်ခဲ့ရမှာကို မလုပ်ရဲတာ ဒါမှမဟုတ် မလုပ်နိုင်တာကလည်း နောက်ဆုံးရလာတဲ့ဆိုးကျိုးက ကိုယ်ပဲခံစားရတာဖြစ်ပါတယ်။
အဲဒီလိုပါပဲ ကိုယ့်ကိုလိမ်ညာနေမှန်းသိရက်နဲ့ ဆက်လက်ပေါင်းသင်းနေတယ်၊ ပတ်သက်နေတယ်ဆိုရင်လည်း ပြဿနာကို ကိုယ်ကပဲသွားရှာနေသလိုပါပဲ။ ကိုယ့်အတွက်လုံးဝမကောင်းနိုင်တဲ့သူမှန်းသိပြီဆိုတဲ့အချိန်ကတည်းက ကိုယ့်ကိုကိုယ် ဘယ်လိုမထိခိုက်ရအောင် ရှောင်ထွက်မလဲ၊ ကိုယ့်ကိုကိုယ်ဘယ်လိုအကောင်းဆုံးကာကွယ်မလဲဆိုတာကို ဦးနှောက်နဲ့စဉ်းစားပြီး ပြတ်သားစွာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲဒါက အတ္တကြီးတာမဟုတ်ဘဲ ကိုယ့်ကိုထိခိုက်နိုင်တဲ့ ရေရှည်ပြဿနာ၊ ရေရှည်အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ကြိုးစားတာပဲဖြစ်ပါတယ်။
ပြတ်သားခြင်းက ဦးနှောက်က ပိုအလုပ်လုပ်တာဖြစ်ပြီး မပြတ်သားခြင်းက နှလုံးသားကို ဦးစားပေးတာများနေလို့ပဲဖြစ်တတ်ပါတယ်။ တခါတလေမှာ လူတချို့အတွက် နှလုံးသားနဲ့အများကြီး စဉ်းစားနေလို့မဖြစ်တဲ့လူ့အဆိပ်တွေ ဘဝထဲမှာ ရှိနေတတ်ပါတယ်။ ဥပမာ။ သင့်ကို အသုံးအဖြုန်းကြမ်းတဲ့အပေါင်အသင်းတစ်ယောက်က သင့်နာမည်နဲ့ သင့်ပတ်ဝန်းကျင်မှာ ငွေပမာဏများများစားစား ချေးယူပေးဖို့ အကူအညီတောင်းတယ်ဆိုပါတော့ ။ သင်ဘာလုပ်သင့်ပါသလဲ။ သင့်အတွက် ငွေပမာဏအရမ်းများနေပေမယ့် သူ့အတွက်ကတော့ တစ်ထိုင်သုံးစာတောင်မရှိတဲ့အပြင် သူ့မှာ သင်သိပြီးသား အကြွေးပေါင်းများစွာလည်း ရှိနေတယ်ဆိုရင် သင်ဘယ်လိုလုပ်မယ်ထင်ပါသလဲ။
ထိုပြဿနာမျိုးကို သင်က မပြတ်သားမှု၊ အားနာမှုကြောင့် သင်ခေါင်းငြိမ့်လက်ခံလိုက်ရင် ပြဿနာကို သင်တိုးဝင်လိုက်တာဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် “ငွေကြေးကိစ္စ မလုပ်ချင်ဘူး….မဖြစ်နိုင်ဘူး” လို့ ပြတ်သားစွာ တခါထဲငြင်းလိုက်ရင် သင့်မှာ ချက်ချင်း အပူကင်း၊ ခေါင်းအေးသွားမှာမဟုတ်ဘူးလား။
တကယ်တော့ လူတွေကသာ ပြဿနာကိုဖန်တီးပြီး ပြဿနာထဲကို မပြတ်သားမှုနဲ့ တိုးဝင်ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ပြတ်သားစွာ ရဲဝင့်စွာ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ။ ကိုယ့်ကိုအန္တရာယ်ရှိစေတဲ့ ရေရှည်မှာ ထိခိုက်နစ်နာနိုင်လာတဲ့ကိစ္စမျိုးကို ရှောင်ရှားခြင်းက သဘာဝပါပဲ။ လောကမှာ ဘယ်သူမဆို ကိုယ့်ကို ထိခိုက်မယ့်ကိစ္စမျိုးကို ရှောင်တတ်ကြတာ ဓမ္မတာပါ။ အဲဒါက အတ္တကြီးပြီး တကိုယ်ကောင်းဆန်တာမဟုတ်ဘဲ ကိုယ့်ကိုကိုယ်လေးစားမှုရှိတာပဲဖြစ်ပါတယ်။
အဲဒီလို စွန့်လွှတ်သင့်တာကို စွန့်လွှတ်သင့်မှန်းသိလိုက်တဲ့အချိန်မှာ ပြတ်သားစွာ လွှတ်ချခဲ့ခြင်းက သင့်ကို စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်စေပါတယ်။ သင့်စိတ်ချမ်းသာစေတဲ့အတွက် သင့်အတွက်လုပ်သင့်လုပ်ထိုက်တာကို သင်ပိုပြီးလုပ်ဆောင်နိုင်လာပါတယ်။ စိတ်ရှု့ပ်စရာတွေ နည်းပါးစေတဲ့အတွက် သင့်ကို ကိုယ်ရော စိတ်ပါကျန်းမာစေမှာဖြစ်ပါတယ်။ ဘဝကို ပြဿနာနည်းနည်း ၊ အရှုပ်အထွေး ကင်းကင်းနဲ့ နေပျော်စရာဘဝဖြစ်စေမှာဖြစ်ပါတယ်။
အဲဒါကြောင့် ပြတ်သားသင့်တာ ပြတ်သားပါ၊ စွန့်လွှတ်သင့်တာကို ခပ်ရဲရဲစွန့်လွှတ်ပါ။ သင့်ဘဝရဲ့ လှပတဲ့နေ့ရက်တွေက ပြတ်သားစွာစွန့်လွှတ်ခြင်းရဲ့နောက်မှာမှ ပေါ်ထွက်လာနိုင်တာဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။