လူတိုင်းရနိုင်တဲ့အခွင့်အရေး (၆) ခု

ဆင်းရဲ၊ ချမ်းသာမရွေး လူတိုင်းလိုလိုရနိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။ သတိမထားမိတာနဲ့၊ သတိထားမိပြီး သေချာထိရောက်စွာ အသုံးချနိုင်တဲ့သူချင်းသာ ကွာသွားတာဖြစ်ပါတယ်။ သတိထားမိပြီး တန်ဖိုးထား အသုံးချတတ်တဲ့သူအတွက် အရင်းအနှီးတစ်ခုလို အသုံးဝင်ပြီး တကယ့်တန်ဖိုးရှိလာပြီး အခွင့်အရေးဖြစ်လာပါတယ်။ လျစ်လျူရှုထားတတ်တဲ့လူအတွက်ကတော့ အခွင့်အရေးရယ်လို့တောင် မသိလိုက်နိုင်ပါဘူး။ အဲဒီ့အခွင့်အရေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


၁) ကြိုးစားခွင့်ရှိပါတယ်။
အောင်မြင်မှုဟာ ဈေးကြီးတယ်လို့ အိပ်မက်တွေဈေးကြီးတယ်လို့ ပြောတယ်ဆိုတာ လက်တွေ့ကျတဲ့နည်းလမ်းနဲ့ လက်တွေ့ကျတဲ့အိပ်မက်မျိုးမဖြစ်လို့ပါ။ တကယ်တမ်း ကိုယ့်ရဲ့ရည်မှန်းချက်ကို ချမှတ်ပြီး ကြိုးစားတဲ့အခါ နောက်ဆုံးအချိန်ထိ လက်မလျှော့ဘဲ ကြိုးစားခွင့်က လူတိုင်းမှာရှိပါတယ်။ လက်လျှော့ခွင့်ကလည်း လူတိုင်းမှာရှိပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ကိုယ်ဆုပ်ကိုင်ထားနိုင်တာက ကြိုးစားခွင့်ပဲဆိုတာကို မမေ့ပါနဲ့။ အတတ်နိုင်ဆုံးကြိုးစားဖို့က ကိုယ့်တာဝန်ပါ၊ ကိုယ်ရနိုင်တဲ့အခွင့်အရေးပါပဲ။ ကိုယ်ရည်မှန်းထားသမျှ မဖြစ်လာမချင်း လက်မလျှော့ဘူးဆိုတဲ့အခွင့်အရေးက သင့်ထံမှာပဲရှိတယ်ဆိုတာ သတိရပါ။

၂) ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာတွေရှိပါတယ်။ မြင်အောင်ကြည့်တတ်ဖို့သာလိုတာပါ။
နောက်ထပ်တစ်ခုကတော့ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာနဲ့ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာခွဲခြားပြီး နားလည်ဖို့ပါ။ အဲဒီလိုခွဲခြားနားလည်တဲ့အခါ ကိုယ်မထိန်းချုပ်နိုင်တာကို အာရုံမထားတော့ပါဘူး။ ကိုယ်ထိန်းချုပ်နိုင်တာက ကိုယ့်ရဲ့ပညာအရည်အချင်း၊ ကိုယ့်ရဲ့ကြိုးစားမှု၊ ကိုယ့်ရဲ့သင်ယူမှု၊ ကိုယ့်ရဲ့ဗဟုသုတ စတဲ့အရာတွေပါပဲ။ အဲဒီ့အရာတွေကိုသာ အမြဲမပြတ် ဖြည့်တင်းသွားမယ်ဆိုရင် ကိုယ့်ထိန်းချုပ်နိုင်တဲ့အရာတွေဟာလည်း တဖြည်းဖြည်း ပိုပြီး တိုးပွားလာပါလိမ့်မယ်။ အဲဒီ့လို ကိုယ့်ထိန်းချုပ်နိုင်တဲ့အရာတွေကို မြင်အောင်ကြည့်တတ်ခြင်းကလည်း ကိုယ်ရနိုင်တဲ့အခွင့်အရေးတစ်ခုပဲဆိုတာကို မမေ့ပါနဲ့။

၃) သင်ယူလေ့လာချင်စိတ်ရှိရင် အားလုံးသင်ယူနိုင်ပါတယ်။
အချိန်နဲ့အမျှ အမြဲမပြတ်လေ့လာသင်ယူနေခြင်းဟာ သင့်ရဲ့စွမ်းရည်၊ ဗဟုသုတ၊ ပညာဉာဏ်ကို တိုးပွားစေတာကြောင့် သင်ရနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။ သင်မြင်သမျှ အတုယူသင့်တာ၊ သင့်ထက်တိုးတက်အောင်မြင်သူတိုင်းဆီက သင်ယူလို့ရသမျှကို သင်ယူတတ်ခြင်းဟာ သင့်ရဲ့အခွင့်အရေးပါ။ မသင်ယူသင့်တာတွေကိုသာ သင်ယူနေမယ်ဆိုရင်တော့ သင်ဟာ သင်ရထားတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးမချတတ်တဲ့သူပါပဲ။ ကိုယ်ပတ်ဝန်းကျင်က ကိုယ်အတွက် အသုံးကျတဲ့အရာမှန်သမျှကို သင်ယူချင်တဲ့စိတ်ရှိခြင်းဟာ ကိုယ့်ရဲ့ ငွေမလိုတဲ့တစ်ခုတည်းသောအခွင့်အရေးဆိုတာ မမေ့ပါနဲ့။ နောင်တစ်ချိန်မှာ ကိုယ့်အတွက် တစ်နေရာရာကနေ အသုံးဝင်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့သမျှထဲက ကောင်းသောအရာတွေကို သင်ယူပါ၊ မှတ်သားပါ။

၄) အလုပ်ကြိုးစားခွင့်ရှိပါတယ်။
အလုပ်ကြိုးစားသူတိုင်းဟာ မအောင်မြင်ပေမယ့် အောင်မြင်သူတိုင်းဟာ အလုပ်ကြိုးစားကြပါတယ်။ ဘာမှမလုပ်နိုင်ပါဘူးလို့ လက်မှိုက်ချငိုင်နေတာထက်စာရင် လုပ်နိုင်တာတစ်ခုခုကို ကြိုးစားလုပ်နေတာက ပိုပြီး လွတ်မြောက်ရာလမ်းတစ်ခုခုကိုတွေ့လာနိုင်ပါတယ်။ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကို မကြိုက်လို့၊ စိတ်မဝင်စားလို့၊ ဝါသနာမပါလို့ဆိုပြီး ဂဂျီဂဂျောင်ကျနေမယ့်အစား လက်ရှိလုပ်နေတဲ့အလုပ်လေးကိုပဲ ကြိုးစားလုပ်နေခြင်းက အတွေ့အကြုံတစ်ခုခုတော့ ရလာနိုင်ပါတယ်။ အဲဒါက သင်လက်ထဲရှိတဲ့အခွင့်အရေးဆိုတာ သင်မမေ့ပါနဲ့။

၅) အချိန်ကို ကောင်းကောင်းအသုံးချပိုင်ခွင့်ရှိပါတယ်။
အချိန်ဆိုတာ လူတိုင်းရနိုင်တဲ့အရင်းအနှီးဖြစ်သလို လူတိုင်းရနိုင်တဲ့အခွင့်အရေးလည်းဟုတ်ပါတယ်။ အဲဒီ့အခွင့်အရေးကိုသာ ကောင်းကောင်းအသုံးချနိုင်ရင် သင့်ရဲ့ ဗဟုသုတတိုးဖို့အသုံးဝင်နိုင်ခြင်း၊ ပညာဉာဏ်တိုးနိုင်ခြင်း၊ ဝင်ငွေတိုးဖို့အလုပ်အကိုင်တိုးလာနိုင်ခြင်း၊ စတဲ့အကျိုးကျေးဇူးတွေအများကြီးကိုရနိုင်ပါတယ်။ ဆင်းရဲလို့ ချမ်းသာလို့ဆိုတဲ့ ဆင်ခြေတွေကြားထဲကနေ ကိုယ့်ရထားတာလေးနဲ့ ကိုယ်လက်ထဲရှိတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ရင် ကိုယ့်အတွက် တစ်ခုခုတော့ ဖြစ်လာမှာပါပဲ။

၆) လူချမ်းသာမဖြစ်ရင်နေ လူကောင်းဖြစ်ခွင့်ရှိပါတယ်။
ဒါကလည်း လူတိုင်းလုပ်နိုင်တဲ့အခွင့်အရေးပါပဲ။ လူကောင်းဖြစ်ဖို့ဆိုတာ ဗုဒ္ဓဘာသာအယူမှာဆိုရင် လက်ရှိဘဝမှာရော သံသရာအတွက်ရော အကုန်လုံးကောင်းကျိုးတွေချည်းပါပဲ။ အများကြီး ကောင်းအောင် တရားအားထုတ်ကျင့်ကြံနေစရာမလိုပါဘူး။ သူတစ်ပါးအပေါ် မလိမ်မညာ ၊ မကောက်ကျစ်မယုတ်မာရုံနဲ့၊ ရိုးသားမှုကို ကိုးကွယ်ရုံနဲ့၊ သူများသားမယားကို မပစ်မှားရုံနဲ့၊ မူးယစ်ဆေးဝါးကိုမမှီဝဲရုံနဲ့ သူတစ်ပါးအသက်ကို မသတ်ရုံနဲ့တင် လူကောင်းတစ်ယောက်အဖြစ် ဘဝကို စိတ်ရှင်းရှင်းရှင်သန်နိုင်ပါတယ်။ လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားခြင်းဟာ သင့်ကိုသင်လည်း လိပ်ပြာလုံစေသလို၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေပါတယ်။ အဲဒါအပြင် ရဲဝင့်ပါတယ်။ ငွေချမ်းသာမှ လူကောင်းဖြစ်မယ့်အခွင့်အရေးရတာမဟုတ်ဘဲ ဆင်းရဲချမ်းသာမရွေး လူကောင်းဖြစ်အောင် ကြိုးစားနေထိုင်လို့ရပါတယ်။ တစ်ခုပါပဲ၊ လူကောင်းနဲ့ လူနုံလူအနဲ့ မတူဘူးဆိုတာတော့ ခွဲခြားနားလည်ရမှာပေါ့။ နုံအလွန်းရင်တော့ လူယုတ်မာ၊ လူလည်တွေရဲ့ အနိုင်ကျင့်ခံရနိုင်ပါတယ်။ လူကောင်းနဲ့မတူပါဘူး။ လူကောင်းတစ်ယောက်ကတော့ အမှန်တရားအတွက်ဆို ရဲဝင့်နေတတ်ပါတယ်။ ဘယ်အရာကိုမဆို မိုက်ရူးရဲဆန်တာမဟုတ်ဘဲ ရင်ဆိုင်ရဲတဲ့သတ္တိရှိပါတယ်။ နာမည်ကောင်းရနိုင်တဲ့ လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းစရာမလိုဘဲ သင့်နေထိုင်မှု၊ သင့်ဆုံးဖြတ်မှုပေါ်မှာသာ မူတည်တယ်ဆိုတာ သင်မမေ့ပါနဲ့။ အဲဒါက ဘဝမှာ သင်ရနိုင်တဲ့အခွင့်အရေးပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။