ဆိတ်ဆိတ်နေ ထောင်တန်…..ဆိုတာ

ကြားဖူးကြမှာပါ….ဆိတ်ဆိတ်နေ ထောင်တန်ဆိုတဲ့စကား။ အချို့ကိစ္စတွေမှာ ဘာမှဝင်မပြောဘဲ တိတ်တိတ်နေလိုက်ခြင်းက တန်ဖိုးရှိတယ်လို့ပြောချင်တာဖြစ်ပါတယ်။ ဖတ်ဖူးသလောက်ကတော့ ခြင်္သေ့တစ်ကောင်က မြေခွေးမတစ်ကောင်နဲ့ပေါင်းဖက်မိလေရာမှ ခြင်္သေ့ငယ်လေးတစ်ကောင်မွေးဖွားလာပါတယ်။ ခြင်္သေ့ငယ်လေးမှာ အသံပြုမိလျှင် မြေခွေးသံပါနေသဖြင့် အခြားသောတောတွင်းတိရိစ္ဆာန်များ မရိုမသေဖြစ်မှာကို စိုးရိမ်လျက် ခြင်္သေ့ငယ်လေးကို ခြင်္သေ့ကြီးက အသံမပြုဖို့ သတိပေးပါတယ်။


တကယ်လို့များ အသံမပြုဘဲနေနိုင်လျှင် တောတစ်ထောင်ခန့် အုပ်စိုးခွင့်ကိုပေးမယ်လို့ သတ်မှတ်ပေးခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ခြင်္သေ့ငယ်လေးဟာ မထင်မှတ်ဘဲ အသံပြုမိတဲ့အတွက် တောတစ်ထောင်ကို မပိုင်ရတော့ဘူးဆိုတဲ့ပုံပြင်ပေါ် အခြေခံလျက် ဆိတ်ဆိတ်နေ ထောင်တန်….ဆိုတဲ့ ပုံပြင်လေးဖြစ်ပေါ်လာတာပါ လို့ မှတ်သားခဲ့ဖူးပါတယ်။
တနည်းအားဖြင့်တော့ ကိုယ်မပြောသင့်တဲ့ကိစ္စအချို့မှာ မပြောဘဲတိတ်တိတ်နေလိုက်ခြင်းဟာ ကိုယ့်အတွက် အများကြီး တန်ဖိုးရှိတယ်ဆိုတဲ့အဓိပါ္ပယ်မျိုးပါပဲ။
တကယ်တော့ ထိုစကားပုံနဲ့ “Listen to many, Speak to a few” ဆိုတဲ့ ရှိုတ်စပီးယားပြောတဲ့စကားနဲ့အဓိပါ္ပယ်ချင်းဆင်တူပါတယ်။ ပြောချင်တာက များများနားထောင်၊ နည်းနည်းပဲပြော၊ ဒါပေမယ့် တကယ်လိုအပ်မှပြောပါလို့ ပြောချင်တာပါ။ အဲဒါကြောင့် အချို့သော ပြောဖို့မလိုအပ်တဲ့ကိစ္စတွေမှာ ဆိတ်ဆိတ်နေသင့်ပါတယ်။

ဒါဆိုရင် ဘယ်လိုကိစ္စတွေမှာ ဆိတ်ဆိတ်နေသင့်တယ်လို့ထင်ပါသလဲ။ အမှန်တရားအတွက်ကို ဆိတ်ဆိတ်နေခိုင်းတာမျိုးမဟုတ်ပါဘူး။ ကိုယ့်နှုတ်က ပြန်ပြောလိုက်လို့ ကိုယ့်အတွက် ပူလောင်သွားစေမယ်၊ အခြားသူအတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့စကားမျိုးတွေအတွက်ဆို ဆိတ်ဆိတ်လေးနေလိုက်တာ ကိုယ့်အတွက်ပိုကောင်းတာပါ။
အထူးသဖြင့် ကိုယ့်ကို ဝေဖန်ပုတ်ခတ်လာသူမျိုးတွေ၊ ကိုယ့်အကြောင်းကို သေချာမသိဘဲ အမြင်နဲ့တင်ဆုံးဖြတ်ပြီး အပြစ်တင်တတ်တဲ့သူတွေနဲ့ဆိုရင်ပေါ့။ ဘဝအတွက် လေးနက်တဲ့လုပ်စရာတစ်ခုမှမရှိလို့ အခြားလူတွေရဲ့အမှားတွေနဲ့အပြစ်တွေကိုသာ လိုက်ကြည့်ပြီး အပြစ်တင်ဝေဖန်နေတဲ့သူမျိုးတွေက ပြောတဲ့စကားတွေနဲ့ဆိုရင် ဆိတ်ဆိတ်နေပြီး မတုံ့ပြန်တာအကောင်းဆုံးပါ။

အဲဒီလိုလူတွေဟာ သူ့တို့အာရုံစိုက်စရာကိစ္စမရှိတဲ့အတွက်ကြောင့်ကို အခြားသူတွေရဲ့ကိစ္စရပ်တွေအပေါ် လိုက်ပြီး အာရုံစိုက်နေတဲ့သူတွေပါ။ အာဖရိက စကားပုံတစ်ခုရှိပါတယ် “ A wise man never know all only fool man know everything” တဲ့။ ဉာဏ်ပညာရှိတဲ့သူက အားလုံးကို မသိနိုင်ဘူး၊ အရူးတွေကတော့ အားလုံးကိုသိနေတယ်တဲ့။ ရပ်ကွက်ထဲက ဟိုစပ်စပ်ဒီစပ်စပ် မသိတာမရှိတဲ့လူတွေလိုပေါ့။ သူတို့ကြည့်လိုက်ရင် တစ်ရပ်ကွက်လုံးကိစ္စ သူတို့မသိတာမရှိပါဘူး။ အဲဒီ့သဘောပါပဲ။ အဲဒီလိုလူတွေနဲ့ ယှဉ်ပြိုင်ပြောနေမယ်ဆိုရင် ကိုယ့်ရဲ့လုပ်စရာရှိတဲ့ကိစ္စတွေလုပ်မယ့် အချိန်တွေအလကားကုန်ဆုံးသွားပါလိမ့်မယ်။ အဲဒါအပြင် ကိုယ်ပြောတာ လက်မခံရင် ကိုယ်က ဒေါသထွက်ရပါအုံးမယ်။ အငြင်းအခုံကြားမှာ အမုန်းတွေတိုးလာနိုင်ပါသေးတယ်။ အဲဒါကြောင့် ကိုယ့်အတွက် ကိုယ်ကစပြီး ပူလောင်၊ ဒေါသထွက်၊ အကုသိုလ်များရမယ့်ကိစ္စမျိုးတွေမှာ ဆိတ်ဆိတ်နေထောင်တန်….ဆိုတဲ့စကားကို လက်ကိုင်ထားခြင်းက အကောင်းဆုံးပါပဲ။ အဲဒါအပြင် ကိုယ့်အကြောင်းကို သေချာမသိဘဲ ဝေဖန်တတ်တဲ့သူတွေနဲ့ကြုံရင်လည်း ဒီစကားကို လက်ခံကျင့်သုံးတာ အကောင်းဆုံးပါပဲ။ လူဆိုတာက သူတို့မြင်ချင်တာကိုပဲမြင်ပြီး သူတို့ကြားချင်တာကို ကြားတာပါတဲ့။ အဲဒါကြောင့် သင့်အကြောင်းကို သူတို့ထင်ထားသလိုမဟုတ်ပါဘူး…..ဆိုပြီး လိုက်ရှင်းပြနေလို့လည် အပိုပါပဲ။

ဘဝမှာ အဲဒီလိုလူမျိုးတွေနဲ့ကြုံရတဲ့အခါ ဆိတ်ဆိတ်နေ…ထောင်တန်….ဆိုတဲ့စကားကိုသာ ပြန်တွေးကြည့်လိုက်ပါ။ ကိုယ်ကစတင်ပြီး မပြောဆိုမိတဲ့အခါ ကိုယ်ကစတင်ပြီး ပူလောင်မယ့်ဘေးကနေ ကင်းသွားပါတယ်။ သူတို့မြင်တဲ့အမြင်နဲ့ သူတို့ထင်တဲ့အထင်နဲ့ သူတို့ဟာသူတို့ ပူလောင်နေကြပါစေ။ ကိုယ့်ကို မကူးစက်တော့ဘူးပေါ့။ အမှားတွေ ဘယ်လောက်များများ နောက်ဆုံးတော့ အမှန်တရားဟာ အမှန်တရားအဖြစ်ရှိနေမှာပဲလေ။ အဲဒီ့အတွက် ကိုယ့်ကိုနားမလည်တဲ့သူတွေကို နားလည်အောင် ပုံသွင်းလို့ရမယ်မထင်လိုက်ပါနဲ့။ ခပ်ပြုံးပြုံးလေးနဲ့ တိတ်တိတ်လေးသာ နေလိုက်တာ အေးချမ်းပါတယ်။ အဲဒါကြောင့်လည်း ဆိတ်ဆိတ်နေခြင်းဟာ ကိုယ့်ရဲ့စိတ်အေးချမ်းခြင်းတစ်မျိုးလည်းဖြစ်တယ်လို့ ပြောကြတာပါ။
“He who does not understand your silence will probably not understand your words.”
Elbert Hubbard ပြောထားတဲ့စကားလိုပေါ့။ သင့်ရဲ့တိတ်ဆိတ်နေခြင်းကို နားမလည်တဲ့သူဟာ သင့်ရဲ့စကားလုံးတွေကိုလည်း နားလည်နိုင်မှာမဟုတ်ဘူးလေ။ အဲဒါကြောင့် ကိုယ့်အတွက် စိတ်အေးချမ်းစေမယ့် ဆိတ်ဆိတ်နေခြင်းကိုသာ ရွေးလိုက်ပါ။ ကိုယ်ပူလောင်ခြင်း လျော့ပါးသွားတာပေါ့။

အဲဒါကြောင့် သင့်ဘဝမှာ မလိုအပ်ဘူးလို့ ထင်တဲ့အချို့သောစကားတွေအတွက် ဆိတ်ဆိတ်နေခြင်းက ပိုကောင်းပါတယ်။ သင့်ရဲ့အမှန်တရားဟာ အမှန်တရားပါပဲ။ ဘယ်သူကမှ လာပြီး ပြောင်းလဲပစ်လို့မရနိုင်ပါဘူး။ သင့်ရဲ့ပူလောင်ခြင်းကိုဖြစ်စေမယ်၊ သင့်ရဲ့တန်ဖိုးရှိတဲ့အခြားသောလုပ်စရာတွေကို ထိခိုက်ပျက်စီးစေမယ်၊ အလကားအချိန်ကုန်စေမယ့်ကိစ္စမျိုးတွေမှာ အတင်းငြင်းခုံပြီး ပူလောင်မှုကိုမရှာဘဲ ဆိတ်ဆိတ်နေလိုက်ခြင်းက သင့်ရဲ့အေးချမ်းခြင်းပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။