ဘဝမှာ ပြတ်သားစွာ စွန့်လွှတ်သင့်သောသူများ

သင့်ဘဝမှာ အဘက်ဘက်က စာနာထောက်ထားပြီး မစွန့်လွှတ်နိုင်တဲ့အရာတွေရှိမှာပါ။ ဒါပေမယ့် တချို့အရာတွေက ပြတ်သားစွာ ဘယ်သူမျက်နှာမှ မငဲ့ဘဲ စွန့်လွှတ်လိုက်ပါမှ သင့်ဘဝက အရင်ကထက်ပိုပြီး တိုးတက်နိုင်မယ်၊ ပိုပြီးအောင်မြင်နိုင်လာမှာဖြစ်ပါတယ်။ အဲဒီလို ပြတ်သားစွာစွန့်လွှတ်သင့်တာမျိုးကို မစွန့်လွှတ်နိုင်ခြင်းက သင့်ကိုသင်ပဲ ထိခိုက်စေတာဖြစ်ပါတယ်။ သင့်ဘဝကို အသစ်ပြန်မစနိုင်ဘဲ ထိုနွံ့ထဲမှာပဲ တဝဲလည်လည်ဖြစ်ပြီး နစ်သထက်နစ်လာစေပါတယ်။ အချိန်ကုန်လာလေ သင့်ဘဝအညွှန့်တုံးလေ သင်အိုမင်းလာလေ သင်မစွမ်းသာလေ ပြန်ပြီးဖက်တွယ်ထားမိတဲ့အချို့အရာတွေက သင့်အတွက် အဆိပ်အတောက်လိုအရာတွေမှန်းသင်သိလာလေ နောက်ပြန်မဆုတ်နိုင်လေ ဖြစ်နိုင်ပါတယ်။ ထိုအချိန်မျိုးရောက်မှ သင့်မှာ မှားမှန်းသိရင်တောင် ပြန်ပြင်ခွင့်နည်းပါးသွားပါပြီ။ အဲဒီလိုမဖြစ်ရအောင် သင့်ဘဝမှာ ပြတ်သားစွာ စွန့်ကိုစွန့်လွှတ်သင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ဖောက်ပြန်တတ်တဲ့ချစ်သူ (သို့) အိမ်ထောင်ဖက်
လူမှုရေးဖောက်ပြန်ခြင်းက ဆိုးဝါးလွန်းတဲ့လူမှုရေးပြစ်ချက်ကြီးဖြစ်ပါတယ်။ ဖောက်ပြန်တတ်တဲ့လူတစ်ယောက်က ဘယ်လောက်ကတိတွေအထပ်ထပ်ပေးထားပါစေ ဖောက်ပြန်ဖို့ရာခိုင်နှုန်းများပါတယ်။ (အမှားကိုသိပြီး အမှန်ပြင်တဲ့သူမျိုးလည်း ရှိမှာပါ။ ဒါပေမယ့် ရာခိုင်နှုန်းနည်းပါတယ်) ထိုလူမျိုးရဲ့စိတ်ကိုက သာယာမှုအသစ်အဆန်းနောက်ကိုလိုက်ပါသွားတတ်တဲ့လူတွေမို့ အပြည့်အဝစိတ်ချယုံကြည်လို့မရနိုင်သလို၊ သစ္စာဖောက်ခြင်းခံဖူးသူအနေနဲ့လည်း အမြဲတစေ သံသယနဲ့ဆက်ဆံနေရမိမှာဖြစ်တဲ့အတွက် ပြန်ပြီး လက်တွဲဖြစ်ရင်တောင် အဆင်ပြေချိန်နည်းမှာပါ။ အချို့သော အိမ်ထောင်ရေးတွေမှာ သားသမီးမျက်နှာကြောင့်ပြန်လက်ခံတာမျိုးတွေရှိကြပါတယ်။ ဒါပေမယ့် အမြဲလို သံသယနဲ့ဆက်ဆံရေးမှာ အဆင်မပြေခြင်းကို သားသမီးတွေက မြင်တွေ့ခံစားနေရမယ်ဆိုရင် သားသမီးတွေရဲ့နှလုံးသားကို ဓားနဲ့မွှန်းနေသလို မိဘအဆင်မပြေတိုင်းသားသမီးက နာကျင်နေရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဖောက်ပြန်တတ်တဲ့သူမျိုးကို ကိုယ့်ရဲ့ဘဝထဲက ပြတ်သားစွာစွန့်လွှတ်လိုက်ခြင်းက သင့်ဘဝကို အသစ်ကပြန်စဖို့အတွက် အကောင်းဆုံးနည်းလမ်းသာဖြစ်ပါတယ်။

၂) အရာရာကိုလွယ်လွယ်တွေးတတ်သူများ
ဘယ်လိုမျိုးအမှုကိစ္စကိုမဆို၊ ရာဇဝတ်မှုမြောက်တာဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားထိခိုက်စေတာဖြစ်ဖြစ်၊ လူသားတစ်ယောက်အနေနဲ့ ရှောင်ကျဉ်သင့်တဲ့အရာတွေကို ခပ်လွယ်လွယ်ပဲ ပြုမူတတ်တဲ့လူမျိုးတွေရှိပါတယ်။ ထိုလူမျိုးတွေနဲ့ပတ်သက်မိတဲ့အခါ ကိုယ်ကပါ ပဲလှော်ကြားဆားညပ်တဲ့အဖြစ်မျိုး ကြုံလာနိုင်ပါတယ်။ သူတို့အတွက်က ဘဝဆိုတာ ပေါ့ပေါ့နေပေါ့ပေါ့စားပြီးဖြတ်သန်းလိုက်ရုံလို့ သတ်မှတ်ထားသူမျိုးပါ။ ထိုသူမျိုးကို သင့်ဘဝထဲကနေ ပြတ်သားစွာ စွန့်လွှတ်သင့်ပါတယ်။ မဟုတ်ရင်တော့ သင့်ကိုပါတနည်းနည်းနဲ့ ထိခိုက်စေမယ့်သူမျိုးဖြစ်ပါတယ်။

၃) ငွေကြေးစည်းမရှိသူများ
ငွေနဲ့ပတ်သက်ရင် စည်းကမ်းမဲ့သုံးဖြုန်းတတ်သူမျိုးကို သတိထားသင့်ပါတယ်။ သူတို့အတွက် ငွေကို စိတ်အလိုလိုက်သုံးဖြုန်းတတ်ခြင်းက ထမင်းစားရေသောက်အလုပ်တစ်ခုဖြစ်ပေမယ့် အချိန်တစ်ခုမှာ သူတို့ကို ငွေကပဲ ဒုက္ခပေးလာတတ်ပါတယ်။ ထိုလူမျိုးအနားမှာလည်း သူ့ကိုခြူမယ့်သူတွေနဲ့သာ ဝန်းရံလေ့ရှိပြီး စစ်မှန်စွာ ဆက်ဆံတတ်သူလည်း နည်းပါးတတ်ပါတယ်။ အဲဒီလိုလူမျိုးအသိုင်းအဝန်းထဲ သင်ရောက်သွားခဲ့မယ်ဆိုရင် သင်ပါ အရူးလုပ်ခံရနိုင်ချေများပါတယ်။

၄) မူးယစ်ဆေးဝါးသုံးစွဲသူများ
သင့်အပေါင်းအသင်းဖြစ်ဖြစ်၊ သင့်နဲ့နီးစပ်ရာတစ်ယောက်ယောက်က အဲဒီလိုမူးယစ်ဆေးဝါးသုံးစွဲနေတယ်ဆိုတာသိတာနဲ့ သင့်ဘဝထဲက ပြတ်သားစွာ စွန့်ပစ်သင့်ပါတယ်။ (သင့်မိသားစုဝင်ဖြစ်နေရင်တော့ ပြုပြင်ဖို့နားချပြီး ကျန်းမာရေးအရလုပ်သင့်လုပ်ထိုက်တာတွေ လိုက်နာဖို့ပြောပြသင့်ပါတယ်။) ဒါပေမယ့် လုံးဝမပြုပြင်ချင်ဘဲ ထိုဘဝကို ပျော်ပိုက်နေတဲ့သူမျိုးဆိုရင်တော့ သင့်နားချမှုက အလကားပဲဖြစ်မှာပါ။ သင့်မှာတော့ ထောက်ထားစရာတွေကြောင့် မပြတ်သားနိုင်ခဲ့ရင် တစ်နေ့ဒုက္ခရောက်မယ့်သူကတော့ သင်ဖြစ်နေနိုင်ပါတယ်။

၅) ကိုယ့်ကျင့်တရားမကောင်းသူများ
ကိုယ်ကျင့်တရားမကောင်းတဲ့သူဆိုတာက ဘယ်နေရာမှာမဆို ကိုယ့်အကျိုးအတွက်သာကြည့်ပြီး အခြားသူထိခိုက်နစ်နာမှာကို ဂရုမစိုက်ပါဘူး။ ကိုယ်အကျိုးရှိမယ်ဆို ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်ရှိတဲ့သူမျိုးကို သင့်ဘဝထဲက ပြတ်သားစွာစွန့်လွှတ်သင့်ပါတယ်။ သင်မပြတ်သားနိုင်လေ တနည်းမဟုတ် တနည်းနဲ့သင်ပဲထိခိုက်မှာဖြစ်ပါတယ်။

အထက်ကဖော်ပြထားတဲ့ လူမျိုးတွေကို သင်က မပြတ်မသားနဲ့ ငဲ့ညှာသနားတာဖြစ်ဖြစ်၊ အားနာဖြစ်ဖြစ်၊ သံယောဇဉ်ကြောင့်ဖြစ်ဖြစ် ပြတ်သားစွာ မစွန့်လွှတ်ဘူးဆိုရင်တော့ နောက်ဆုံးထိခိုက်လာမှာကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ နည်းနည်းပါးပါးထိခိုက်တာက ပြန်လည်ဖြေသိမ့်လို့ရပေမယ့် ထိုလူမျိုးတွေကြောင့် ဘဝတစ်ခုလုံး ထိခိုက်တဲ့အထိဖြစ်လာတာမျိုး၊ မိသားစုတွေရဲ့ဖယ်ကျဉ်ခြင်းခံလိုက်ရတာမျိုးဆိုရင်တော့ အနစ်နာဆုံးလူက သင်ပါပဲ။ ထိုကဲ့သို့လူမျိုးကို မပြတ်သားနိုင်တဲ့အခါ ကိုယ်ထိခိုက်မယ်ဆိုတာကို ကိုယ့်ကိုကိုယ်သတိပြန်ပေးပါ။ လောကမှာ အချို့လူတွေရဲ့ပင်ကိုယ်ဗီဇက မပြုပြင်မပြောင်းလဲနိုင်ပါဘူး။ (ပြုပြင်သွားသူတွေလည်းရှိပေမယ့် ဘယ်လိုမှ တရားသေမပြောနိုင်ပါဘူး) အဲဒါကြောင့် သင့်ကိုသင်ထိခိုက်စေလောက်တဲ့အထိ မပြတ်သားတာမျိုးမဖြစ်သင့်ပါဘူး။ ထိုလူမျိုးတွေကိုတော့ ပြတ်သားစွာ စွန့်လွှတ်ခြင်းက အကောင်းဆုံးနည်းလမ်းပါပဲလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။