လက်ရှိကာလကိုပဲ အာရုံစိုက်နိုင်စေဖို့ ကိုယ့်ကိုကိုယ်သတိပေးသင့်တဲ့စကားများ

လက်ရှိကာလမှာ နေထိုင်ခြင်းဆိုတာက ဖြစ်ပြီးခဲ့တာတွေကိုပြန်တွေးတာ၊ မဖြစ်သေးတာတွေကိုလည်း ကြိုတွေးမနေဘဲ လက်ရှိအချိန်မှာပဲ ဘာလုပ်မလဲ၊ ဘာလုပ်သင့်သလဲဆိုတာကို တွေးတာဖြစ်ပါတယ်။ အဲဒါကို လက်ရှိကာလမှာနေထိုင်တတ်ခြင်းလို့ခေါ်ပါတယ်။ အဲဒီလို လက်ရှိကာလမှာသာ နေထိုင်တွေးခေါ်တတ်ခြင်းက အပြောသာ လွယ်ပါတယ်။ တကယ်လိုက်လုပ်နိုင်ဖို့ကတော့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ခုလက်ရှိမှာသာနေနေပေမယ့် အတွေးတွေက မဖြစ်သေးတာကိုတွေးလိုက်၊ ဖြစ်ပြီးတာတွေကိုတွေးပြီး နာကျင်လိုက်၊ ပျော်ရွှင်လိုက်၊ ဝမ်းနည်းလိုက်နဲ့ ဖြစ်နေတတ်တာကိုး ။ သင့်ကို စာပြန်တာ၊ အီးမေးလ်၊ လာမယ့်အစီအစဉ်၊ နောက်ဆုံးသတ်မှတ်ရက် စတာတွေနဲ့ တွေးခေါ်နေပြီး နေထိုင်မိနေတာမျိုးပါ။


တကယ်တော့ လက်ရှိပစ္စုပ္ပာန်မှာ အတွေးတွေကို ထားတတ်ခြင်းက ကျွန်တော်တို့ ပျော်ရွှင်ဖို့အတွက်နဲ့ ကျွန်တော်တို့တွေရဲ့ အရေးကြီးဆုံးအရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာချက်အရ ကျွန်တော်တို့ရဲ့ ရှင်သန်နေတဲ့ ဘဝတစ်ဝက်နီးပါးလောက်က လက်ရှိကျွန်တော်တို့လုပ်နေတာထက် အခြားသောအရာတွေကို တွေးတောစဉ်းစားပြီးအချိန်ဖြုန်းနေတာပိုများပါတယ်တဲ့။ အဲဒီ့အတွေးတွေကြောင့်ပဲ ကျွန်တော်တို့က မပျော်မရွှင်ဖြစ်လာကြပါတယ်။
စိတ်ပညာအရဆိုရင် ဦးနှောက်နဲ့သင့်ရဲ့လုပ်ဆောင်ချက်အပြုအမူက ဆက်စပ်နေပါတယ်။ စကားလုံး ဒါမှမဟုတ် သင်အာရုံစိုက်ချင်တာကို မကြာခဏတိတ်ဆိတ်ငြိမ်သက်စွာ ရွတ်နေခြင်းက သင့်ရဲ့စိတ်ကိုတည်ငြိမ်လာစေပါတယ်။ အတိတ်ကိုပြန်တွေးနေတာမျိုးနဲ့ အနာဂတ်ကိုတွေးပြီး စီစဉ်နေတာမျိုးတွေကို မဖြစ်ပေါ်နိုင်တော့ပါဘူးတဲ့။
ကိုယ့်စိတ်ထဲက တစုံတခုကို ထပ်ခါရေရွတ်ကြည့်နေခြင်းက အာရုံစိုက်မှု့ပိုကောင်းလာတာကို သိသာစေပါတယ်။ သင့်စိတ်ထဲက တွေးနေတဲ့အတွေးတွေကိုလည်း ရပ်တန့်စေပါတယ်။
အဲဒါကို လက်တွေ့ကျင့်သုံးကြည့်ပါ။ ကိုယ်ရွတ်နေတာလေးကိုပဲ အာရုံစိုက်နေတဲ့အချိန်အတွင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ အထောက်အကူဖြစ်စေပါတယ်။
ခုဖော်ပြပေးထားတဲ့အချက်လေးတွေက သင်အာရုံစူးစိုက်ဖို့သတိရတိုင်း ရွတ်ကြည့်သင့်ပါတယ်။ သင့်စိတ်အာရုံစူးစိုက်မှုကောင်းလာတာကို တွေ့ရပါလိမ့်မယ်။
၁) လက်ရှိအတွက်အသုံးမဝင်တာတွေကို မေ့ပစ်မယ်။
ကျွန်တော်တို့ရဲ့စိတ်ထဲမှာ အရာအားလုံးကို လိုက်ထည့်ထားနေစရာမလိုပါဘူး။ မသေချာတဲ့သံသယတွေ၊ အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ဦးစားပေးစရာမလိုတဲ့အတွေးတွေ (လက်ရှိမှာ အသုံးမဝင်တာတွေ) စတာတွေကို အားလုံးကို မတွေးဘူးလို့ ကိုယ့်ကိုကိုယ်သတိပေးပါ။ ခုလက်ရှိအချိန်မှာ အမှန်တကယ်အရေးကြီးနေတာတွေကိုသာ သင့်စိတ်ထဲမှာ တွေးပါ။
၂) လက်ရှိအချိန်မှာ သင်က အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်။
ခုလက်ရှိအချိန်ကို လက်ခံဖို့ခက်ခဲနေရတဲ့အကြောင်းရင်းက ကျွန်တော်တို့ရဲ့နေ့ရက် တစ်နေ့စီတိုင်းကို ကောင်းစွာ မကျေနပ်ခဲ့တဲ့အတွက်ပါပဲ။ မနေ့ကမလုပ်ဖြစ်လိုက်တဲ့ အလုပ်တွေ၊ မနေ့က အချိန်မပေးမိခဲ့တဲ့ ကိစ္စတွေ၊ မနေ့ကမပြောဖြစ်လိုက်တဲ့စကားတွေ စသည်ဖြင့် အဲလိုတွေကို ပြန်တွေးနေတာနဲ့တင် ခုလက်ရှိအချိန်ပုပ်သွားပြန်တယ်။ ခုလက်ရှိအချိန်မှာ မလုပ်ဖြစ်လိုက်တာကို မနက်ဖြန်မှာလည်း ပြန်တွေးပြီး အလိုမကျ၊ မကျေမနပ်ထပ်ဖြစ်နေအုံးမှာပါပဲ။ အဲဒါကို ဖြေရှင်းနိုင်တဲ့နည်းလမ်းက တစ်ခုပဲရှိပါတယ်။ ခုလက်ရှိအချိန်ကို ဘာကိုမှတွေးမနေတော့ဘဲ ကောင်းကောင်းအသုံးချဖို့ပါပဲ။ လက်ရှိအချိန်မှာ သင်ကအရေးပါနေပါတယ်လို့တွေးပါ။ မြေကြီးနဲ့ခြေထောက်နဲ့ထိနေသလို၊ သင်ထိုင်နေတဲ့ထိုင်ခုံ သင့်အောက်ရောက်နေသလိုမျိုး ထိကပ်နေအောင် သင့်စိတ်ကိုလည်း ခုလက်ရှိအချိန်နဲ့ သင်နဲ့ထိကပ်နေအောင် ကြိုးစားပါ။ သင်ကခုချိန်မှာ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပါတယ်။
၃) လက်ရှိကာလမှာပဲ လုပ်စရာရှိတာကိုလုပ်ခြင်းက နောက်ထပ်ဘာဖြစ်လာအောင်လုပ်မလဲဆိုတာကို လွှမ်းမိုးနိုင်ပါတယ်။
တစုံတခုကို ပြီးမြောက်ချင်စိတ်ရှိနေတယ်ဆိုရင် ခုလက်ရှိမှာ သင်တကယ်ပြုလုပ်နေမှဖြစ်မှာပါ။ အဲဒါမှ သင်ဖြစ်ချင်တာ ဖြစ်လာနိုင်မှာပေါ့။ အနာဂတ်မှာ ဖြစ်လာမှာကို ဖမ်းဆုပ်ချင်တယ်ဆိုရင် ခုလက်ရှိ သင်ဘာလုပ်နေသလဲလို့ သင့်ကိုသင်ပြန်မေးသင့်ပါတယ်။
၄) ခုလက်ရှိအချိန်က တန်ဖိုးရှိပါတယ်။
ခုလက်ရှိအချိန်က တန်ဖိုးအရှိဆုံးပါ။ ခုလက်ရှိအချိန်မှာတော့ ထိုင်နေပြီး အတိတ် ဒါမှမဟုတ် အနာဂတ်ကိုတွေးပြီး ခံစားနေခြင်းက သင့်ရဲ့အချိန်ကုန်ပါတယ်။ သင့်ဘဝအတွက် အရေးကြီးဆုံးအချိန်ကတော့ အခုပါပဲ။ သင့်ဘဝအတွက် အရေးအကြီးဆုံးလူတစ်ယောက်ကတော့ သင်ခုကြည့်နေတဲ့သူပါပဲ။ သင့်ဘဝအတွက် သင်လုပ်နိုင်တဲ့အရေးအကြီးဆုံးအရာကလည်း အခုဘာလုပ်နေလဲဆိုတာပဲ ဖြစ်ပါတယ်။ အနာဂတ်အတွက် ပြင်ဆင်ဖို့ အကောင်းဆုံးနည်းလမ်းက ခုလက်ရှိအချိန်ပဲဖြစ်ပါတယ်။
၅) ခုဒီနေရာမှာ၊ ခုအချိန်မှာ၊ ခုပဲလုပ်လိုက်ရင် ဖြစ်နိုင်ပါတယ်။
သင်လုပ်နိုင်ပါတယ်။ လုပ်လို့မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ သင့်ကိုယ်သင် မကောင်းတဲ့အမြင်တွေနဲ့ မဖြစ်နိုင်ဘူးပြောနေတာတွေရပ်လိုက်ပါ။ ခုလက်ရှိအချိန်မှာ သင်ဘယ်သူလဲဆိုတာကိုသိပြီး ခုလက်ရှိအချိန်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ သင်လက်ခံဖို့ပဲလိုပါတယ်။ ခုလက်ရှိအချိန်ကို သင်ပိုင်တယ်။ အဲဒါကြောင့် ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချ၊ ခုရောက်နေတဲ့နေရာမှာ၊ ခုအချိန်မှာ၊ အခုပဲ ချက်ချင်းလုပ်လိုက်ပါ။ ဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် သင်အနာဂတ်မှာဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်လာဖို့က ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချနိုင်ဖို့အတွက် သင့်အာရုံစူးစိုက်မှုကို ခုလက်ရှိမှာသာ ထားနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါကို သိပြီဆိုရင်တော့ အထက်က ဖော်ပြထားတဲ့အချက်လေးတွေကို ရွတ်ကြည့်ပြီး သင့်ကိုသင်သတိပေးလိုက်ပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။