လူပီသတဲ့လူဖြစ်ဖို့…….

လူပီသတဲ့လူဖြစ်ဖို့ဆိုတာက အဓိပါ္ပယ်အများကြီးပါပါတယ်။ လူသားဖြစ်နေပေမယ့် လူသားပီသတဲ့ အတွေးအခေါ် အကျင့်အကြံတွေမရှိဘူးဆိုရင် လူပီသတဲ့လူမဖြစ်နိုင်ပါဘူး။ လူဖြစ်နေပေမယ့် လူမဆန်တဲ့လူတွေအများကြီးကြုံဖူးမှာပါ။ အောက်မှဖော်ပြထားတဲ့အကြမ်းဖျင်းအချက်လေးတွေမရှိနိုင်ဘဲ လူပီသတဲ့လူမဖြစ်နိုင်ပါဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေ ၊ အမှားတွေကို အတတ်နိုင်ဆုံးပြုပြင်ရင်း လူပီသတဲ့လူဖြစ်ဖို့ကြိုးစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။


၁)အကြင်နာတရားထားပါ။
လူတိုင်းအပေါ်အကြင်နာတရားထားပါ။ လူတိုင်းကမတူညီတဲ့တိုက်ပွဲတွေကို ဆင်နွှဲနေကြတာမို့လို့ပါတဲ့။ ကြမ်းတမ်းမယ်၊ ယုတ်မာမယ်၊ ရိုင်းစိုင်းမယ်ဆိုတဲ့အပြုအမူတွေက ဘယ်သူ့မှ မထိခိုက်ခင် ကိုယ့်စိတ်ထဲအရင်ဆုံး ဒေါသအပူကိုဖြစ်စေတာပါ။ အကြင်နာတရားထားလိုက်ခြင်းက ကိုယ့်စိတ်ကိုအေးချမ်းမှုပေးတာပါ။ စိတ်အေးချမ်းနေတဲ့လူက ကောင်းတဲ့အရာတွေ၊ ကောင်းတဲ့အကျင့်အကြံအတွေးအခေါ်တွေပေါ် ပိုပြီး အားစိုက်နိုင်လာပါတယ်။

၂)ကိုယ်ချင်းစာစိတ်ရှိပါ။
ကိုယ်မကြိုက်တဲ့ကိစ္စ၊ ကိုယ့်ကိုပြုမူရင်တောင်မကြိုက်နိုင်တဲ့ကိစ္စမျိုးကို အခြားလူကိုလည်း မလုပ်ဖို့ နားလည်ခြင်းဟာ ကိုယ်ချင်းစာစိတ်ပါပဲ။ လူဖြစ်လာရင် ကိုယ်ချင်းစာစိတ်ရှိဖို့အရေးကြီးပါတယ်။ ကိုယ်ချင်းစာစိတ်မရှိခြင်းဟာ လူအချင်းချင်းကြားမှာ ယုတ်မာခြင်း၊ ကလိမ်ကျခြင်း၊ ချောက်တွန်းခြင်း၊ အနိုင်ကျင့်ခြင်းစတဲ့ဆိုးရွားမှုတွေဖြစ်ပေါ်လာခြင်းရဲ့အကြောင်းရင်းပါ။

၃)မျှတစွာတွေးခေါ်ပေးပါ။
သူ့ဖက်ကိုယ့်ဘက်မျှတစွာတွေးခေါ်ပေးတတ်ခြင်းကလည်း အရေးကြီးပါတယ်။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး တဖက်လူမှာဘယ်လိုအကြောင်းအရာမျိုးရှိလဲဆိုတာ နားမလည်နိုင်ခြင်းဟာ အတွေးအခေါ်နိမ့်ကျပြီး အမြင်ကျဉ်းမြောင်းသူတွေရဲ့အကျင့်ဖြစ်ပါတယ်။

၄)အဆင့်အတန်းမခွဲခြားပါနဲ့။
လူတိုင်းဟာ ဘဝပေးအခြေအနေမတူကြပါဘူး။ ဒါပေမယ့် လူသားချင်းစာနာထောက်ထားတဲ့စိတ်ရှိမယ်ဆိုရင် လူလူချင်း ချိုးနှိမ်အနိုင်ကျင့်တဲ့စိတ်မျိုးဖြစ်လာမှာမဟုတ်ပါဘူး။ အဆင့်အတန်းခွဲခြာခြင်းလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်ထားနိုင်လာရင် အဆင့်အတန်းခွဲခြားမှုလည်းမဖြစ်နိုင်တော့ပါဘူး။

၅)ငွေနောက်ချည်းမလိုက်ပါနဲ့။
လူတွေကြားမှာနောက်ထပ် ရက်စက်မှုကိုဖြစ်နိုင်စေတဲ့အကြောင်းအရာက ငွေနောက်လိုက်ပြီး ငွေမက်ကာ အလိုလောဘကြီးမားခြင်းပါပဲ။ ငွေရမယ်ဆိုဘာမဆိုလုပ်ရဲတယ်ဆိုတဲ့စိတ်က ကိုယ်ကျင့်တရားပျက်စီးဖို့လည်းမကြောက်တော့ပါဘူး။ လူသတ်ဖို့လည်းဝန်မလေးတော့ပါဘူး။ လူအချင်းချင်း ယုတ်မာဖို့လည်းဝန်မလေးတော့ပါဘူး။ ငွေနောက်လိုက်တာနဲ့တစ်ပြိုင်နက် လူသားဆန်ခြင်းတွေပါ တဖြည်းဖြည်း ပျောက်ဆုံးလာနိုင်ပါတယ်။ အဲဒါကြောင့်ငွေမျက်နှာတစ်ခုတည်းကြည့်လို့မဖြစ်နိုင်ပါဘူး။

၆)စိတ်ကောင်းထားပါ။
ကိုယ်ထားတဲ့စိတ်အတိုင်းကိုယ်ပြန်ရမှာ သံသရာလို့ခေါ်ပါတယ်။ အခြားလူတွေကိုယ့်အပေါ်မကောင်းလို့ ကိုယ်က ပြန်ပြီးမကောင်းတုံ့ပြန်လိုက်မယ်လို့ လုပ်စရာကိုမလိုပါဘူး။ ကိုယ့်အပေါ်မကောင်းတဲ့သူရဲ့မကောင်းမှုဟာ သံသရာလည်ပြီး သူ့ရဲ့စိတ်ထားအတိုင်းသူပြန်ရမှာပါ။ ကိုယ်က စိတ်ကောင်းထားလိုက်ခြင်းဟာလည်း ကိုယ့်စိတ်အတိုင်း ကိုယ့်ထံပြန်လာမှာပါ။ ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ်ကောင်းဖို့သာအဓိကပါ။

၇)ဘာလုပ်လုပ်စေတနာထားပါ။
ဘယ်အရာကိုမဆို စေတနာထားပြီးလုပ်ခြင်းဟာ အကျိုးဘယ်တော့မှမယုတ်စေပါဘူး။ အခြားလူအတွက်အကျိုးရှိသွားခြင်းဟာ ကိုယ့်အတွက် ပီတိလည်းရသလို၊ စိတ်လည်းချမ်းသာစေပါတယ်။ စေတနာအကျိုးပေးတယ်ဆိုတာမျိုးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။