ဘာအတွက်ကြောင့်မှ စိတ်ထဲ နောက်ဆံမတင်းသင့်သောအရာများ

ဒီအချက်တွေကို သင့်စိတ်ထဲ နောက်ဆံတင်းနေတယ်ဆိုရင်တောင် ခုချက်ချင်းမေ့ပစ်လိုက်ပါတော့နော်။ တကယ်တော့ တချို့ကိစ္စတွေမှာ ကိုယ့်လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်းဖြစ်တာမို့ နောက်ဆံတင်းနေမသင့်ပါဘူး။


၁) သင့်ဘဝရဲ့မပြည့်စုံခြင်း
ကိုယ့်ဘဝရဲ့မပြည့်စုံခြင်း ဒါမှမဟုတ် သင့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ဘာကိုမှ နောက်ဆံတင်းနေစရာမလိုပါဘူး။ ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းလက်ခံနိုင်ခြင်းက အခြားသူတွေရဲ့အမြင်ကို ပိုပြီးလက်ခံတတ်လာစေပါတယ်။ ကိုယ့်ရဲ့ ရုပ်ရည်အားနည်းချက်နဲ့ ကိုယ့်ဘဝရဲ့့မပြည့်စုံခြင်းကြောင့် ဘာကိုမှ နောက်ဆံတင်းခံစားမနေပါနဲ့။

၂) Me Time ယူခြင်း
ဒါကလည်း တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားစရာမလိုပါဘူးနော်။ လူတွေက စက်ရုပ်မဟုတ်တာကြောင့် မောပန်းတာရှိမယ်၊ စိတ်ပင်ပန်းတာရှိမယ်၊ အနားယူချင်မယ်၊ တစ်ယောက်တည်းနေချင်စိတ်ရှိတာက ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါပဲ။ အဲဒါကြောင့် ယူသင့်လို့ယူတာမို့ နောက်ဆံမတင်းပါနဲ့နော်။

၃) သင်မတတ်နိုင်တဲ့အရာအတွက် No ဟုငြင်းခြင်း
ဒါလည်းအလားတူပါပဲ။ ကိုယ်မတတ်နိုင်တဲ့အရာ၊ တာဝန်မယူနိုင်တဲ့အရာ၊ ကိုယ်မလုပ်နိုင်တဲ့အရာအတွက် ပွင့်လင်းစွာ ငြင်းပယ်ခြင်းက မရိုင်းပါဘူး။ မငြင်းဘဲ အားနာနာနဲ့လက်ခံလိုက်ပြီးကာမှ ပိုပြီး နောက်ဆံတင်းနေရမှာပါ။ တဖက်လူကိုလည်း အားနာစရာမလိုပါဘူး။ လူတိုင်းက အကုန်လုံး စွမ်းဆောင်နိုင်တဲ့လူမဟုတ်တာကြောင့် ကိုယ့်မှာလည်း ကိုယ်မတတ်နိုင်တာရှိတာမို့ယဥ်ကျေးစွာငြင်းပယ်သင့်ပါတယ်။

၄) ကိုယ့်ရဲ့ ကိုယ်၊ စိတ်ကျန်းမာ‌‌ရေးကိုဂရုစိုက်ခြင်း
လူသားတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်ကို ကိုယ့်ရဲ့ကိုယ်၊ စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ရှင်သန်ရမှာပါ။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ်ဆိုတဲ့စကားလိုပါပဲ။ ကိုယ်စိတ်၂ပါးလုံးမှာ တခုခုထိခိုက်ခဲ့ရင် ကိုယ်လုပ်ချင်တာတွေရှိရင်တောင် ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးနော်။ အဲဒါကြောင့် ကိုယ်လုပ်ချင်တာတွေလုပ်နိုင်ဖို့အတွက် ကိုယ်စိတ်ကျန်းမာရေးကို ဂရုစိုက်တာ လုပ်သင့်တဲ့ကိစ္စပါပဲ။

၅) သင့်ကိုယ်သင့်အတွက် တရားသောနည်းလမ်းဖြင့်ကြိုးစားခြင်း
ကိုယ့်အတွက် ကြိုးစားတဲ့အခါ အခြားလူကို မထိခိုက်၊ မနှောင့်ယှက်၊ အနိုင်မကျင့် ၊ မယုတ်မာသရွေ့ ကိုယ့်အတွက်ကိုယ်ကြိုးစားခြင်းကို နောက်ဆံတင်းဖို့မလိုပါဘူးနော်။ ကိုယ့်အတွက် ကိုယ်သာရှိတာမို့ တရားသောနည်းလမ်းနဲ့ကြိုးစားခြင်းဟာ ဖြစ်သင့်ပါတယ်။

၆) သင့်ဘဝရဲ့ဦးစားပေးသင့်တဲ့အရာများ
သင့်ဘဝမှာ ဦးစားပေးထားတဲ့ နံပါတ်တစ်ဆိုတဲ့အရာတွေအတွက်လည်း သင်နောက်ဆံတင်းစရာမလိုပါဘူး။ ပြောချင်တာက သင်က ကျောင်းစာကို နံပါတ်တစ်ဦးစားပေးနေတဲ့အချိန်မှာ သင့်သူငယ်ချင်းက သင့်ကို ခဏလောက်အချိန်ပေးပါပြောလာခဲ့ရင် သင်သူ့ကို အားနာစရာမလိုသလို၊ နောက်ဆံတင်းစရာလည်းမလိုပါဘူး။ သင့်အတွက် သင်လုပ်သင့်တယ်၊ ဦးစာပေးသင့်တဲ့အရာကြောင့် သင့်သူငယ်ချင်းကို နောက်ဆံတင်းနေစရာကိုမလိုတာပါ။

၇) အခြားသူတွေအတွက် ကောင်းသောအရာများပြုလုပ်ခြင်း
ကောင်းသောအကြောင်းအရာတွေနဲ့ အခြားသူတွေအတွက် ကောင်းခြင်းမျှဝေခြင်းကြောင့် နောက်ဆံမတင်းပါနဲ့နော်။ လုပ်သင့်လုပ်ထိုက်လို့လုပ်လိုက်တာပဲဖြစ်ဖြစ်၊ ကူညီချင်လို့ကူညီလိုက်တာပဲဖြစ်ဖြစ် တဖက်လူအဆင်ပြေသွားခြင်းကပဲ အများကြိးအကျိုးရှိနေပါပြီ။

၈) သင့်ကိုယ်သင်အတွက်ဆုချခြင်း
တာဝန်သိတတ်သူအချို့က ဒီအရာနဲ့ပတ်သက်ပြီး နောက်ဆံတင်းတတ်ကြပါတယ်။ ဥပမာ။ လစာရလာတယ်ဆိုရင် မိသားစုကို အကုန်အပ်လိုက်တာမျိုးပေါ့။ ကိုယ်တစ်လလုံးကြိုးစားခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လိုချင်တာလေးတစ်ခုခုတော့ ဆုချမယ်လို့တွေးမိတတ်ပေမယ့် အိမ်ကမိသားစုကိုပြန်ငဲ့ပြီး မဝယ်ဖြစ်တာမျိုးပေါ့။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်က ၁၀၀ရာခိုင်နှုန်းကြိုးစားခဲ့တယ်ဆိုရင် ကိုယ့်အတွက် ၁၀ရာခိုင်နှုန်းလောက်တော့ ဆုချသင့်တယ်လို့ပြန်တွေးသင့်ပါတယ်။ ဒါကတော့ဖြစ်သင့်တယ်မဟုတ်လား၊ အဲဒီ့အတွက် ဘေးထွက်ဆိုးကျိုးမဖြစ်နိုင်တဲ့အရာမျိုးနဲ့ ကိုယ်လိုချင်တာလေးဝယ်တာမျိုးအတွက် နောက်ဆံမတင်းသင့်ပါဘူးနော်။
သင်က‌ရော ဘယ်လိုအရာမျိုးတွေမှာ နောက်ဆံတင်းနေတတ်သလဲဆိုတာ လေးပြောပြကြည့်ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။