လက်တွဲဖော်အဖြစ်မရွေးသင့်သော မိန်းကလေးအမျိုးအစားများ

လက်တွဲဖော်အဖြစ်မရွေးသင့်သော ယောကျာ်းလေးအမျိုးအစားတွေဖော်ပြခဲ့ပြီးပြီမို့ ဒီတစ်ခါတော့ လက်တွဲဖော်အဖြစ်မရွေးသင့်တဲ့မိန်းကလေးအမျိုးအစားတွေကိုဖော်ပြပေးသွားမှာပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာဖြစ်သလိုပဲ ကိုယ်နဲ့ ဘဝတစ်ခုလုံးအတူလက်တွဲမယ့်သူကိုလည်း အမှားနည်းမယ်၊ ပြုပြင်ချင်စိတ်ရှိမယ့်သူမျိုးကိုရွေးချယ်ဖို့လိုသလို၊ ကိုယ်တိုင်လည်း အမှားနည်းဖို့လိုသလို၊ အမှားတွေကိုပြုပြင်ချင်စိတ်ရှိဖို့လိုပါတယ်နော်။ အဲဒါမှ သာယာတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ပြီး ဘဝကိုရေရှည်လက်တွဲနိုင်မှာပါ။ လက်တွဲဖော်အဖြစ်မရွေးသင့်တာ ဘယ်လိုမိန်းကလေးတွေဖြစ်မလဲ တစ်ချက်ဖတ်ကြည့်လိုက်ပါအုံး။


၁) အိမ်ထောင်မှုထိန်းသိမ်းရကောင်းမှန်းမသိတဲ့မိန်းကလေးမျိုး
အိမ်ထောင်မှုမထိန်းသိမ်းတတ်တာနဲ့ ထိန်းသိမ်းရကောင်းမှန်းမသိတာက ကွာခြားပါတယ်။ အိမ်ထောင်မှုမထိန်းသိမ်းတတ်တာက မသင်ယူရသေးသလို၊ ကိုယ်တိုင်အိမ်ရှင်မမဖြစ်သေးလို့ အကျွမ်းတဝင်မရှိသေးတဲ့မိန်းကလေးမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အိမ်ရှင်မဖြစ်လာရင် အိမ်ထောင်မှုထိန်းသိမ်းတတ်ဖို့လိုတယ်ဆိုတာကို သူတို့ကသိပြီး သင်ယူဖို့စိတ်ဝင်စားတယ်၊ မတတ်ပေမယ့် လုပ်ရကောင်းမှန်းသိလာတယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။
အိမ်ထောင်မှုလည်း မထိန်းသိမ်းတတ်ဘူး၊ ထိန်းသိမ်းဖို့လည်း လုံးဝစိတ်မဝင်စားဘူးဆိုတဲ့မိန်းကလေးမျိုးကတော့ ပြဿနာရှိပါတယ်။ အိမ်မှာ ရှင်းလင်းသိမ်းဆည်းဖို့ တာဝန်ရှိလည်း မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတဲ့သူမျိုးပေါ့။
(ယောကျာ်းလေးမှာတာဝန်မရှိဘူးမဆိုလိုပါဘူးနော်၊ မိန်းကလေးက ရှေ့ဆောင်ထိန်းသိမ်းပြရမှာမို့ပါ) အဲဒါကြောင့် အိမ်ထောင်မှုထိန်းသိမ်းရကောင်းမှန်းမသိဘဲ အိမ်မှုကိစ္စလုံးဝစိတ်မဝင်စားပါဘူး ဆိုတဲ့မိန်းကလေးမျိုးက လက်တွဲဖော်ကောင်းမဖြစ်နိုင်ပါဘူး။
၂) အလွယ်တွေးတတ်တဲ့မိန်းကလေးမျိုး
ဘယ်အရာမဆို ပြီးရင်လည်း ပြီးသွားတာပါပဲ….လို့တွေးပြီး ရှေ့ရေးအတွက် မစုဆောင်း၊ မတွေးတေတတ်ရင် အဆင်မပြေပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ယောကျ်ားလေးရဲ့သဘောကိုက သိပ်ပူပန်တတ်သူမဟုတ်ပါဘူး၊ အမျိုးသမီးဖြစ်သူက စိစစ်ပြီး စုဆောင်း၊ သိမ်းဆည်း၊ ရှေ့ရေးကို ပြောပြ၊ နားလည်အောင်ရှင်းပြလို့ ရှေ့ရေးကို တွေးတတ်လာအောင် စည်းရုံးရပါမယ်။
အဲဒါအပြင် ဦးဆောင်သူယောကျ်ားလေးက အပ်နှံသမျှကို မိန်းကလေးက စုဆောင်းတတ်သိမ်းဆည်းတတ်ဖို့လိုပါတယ်။ စီးတဲ့ရေ ၊ ဆည်တဲ့ကန်သင်းဆိုတဲ့စကားလိုပေါ့။ ကိုယ့်အိုးကိုယ်အိမ်နဲ့ဖြစ်လာတဲ့အခါ မကုန်သင့်တာမကုန်ရအောင်၊ စုဆောင်းသင့်တာ စုဆောင်းဖို့ မိန်းကလေးက စိစစ်ရပါတယ်၊


အဲဒါကြောင့် ဘာကိုမှ မတွေးမတောဘဲ အရာရာကိုလွယ်လွယ်တွေးတတ်သူမိန်းကလေးမျိုးက အိမ်ထောင်သာယာပြီး၊ စီးပွားရေးတိုးတက်ဖို့ ရှေ့ရှုမှာ မဟုတ်ပါဘူး။
၃) ပညာဉာဏ်မရှိတဲ့မိန်းကလေးမျိုး
ပညာဆိုတာ အတန်းပညာတတ်မှ၊ ဘွဲ့တွေတသီတန်းကြီးရမှ၊ ပညာမဟုတ်ပါဘူးနော်။ အမှားအမှန်ကိုခွဲခြားသိမြင်နိုင်တဲ့ဉာဏ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ မိန်းကလေးက ဘာလို့ပညာဉာဏ်လိုသလဲဆိုတော့ အိမ်ရှင်မတာဝန်ကိုယူရမှာမို့ပါ။ ခင်ပွန်းဖြစ်သူကို အသိဉာဏ်လေးနဲ့ မပျော့လွန်းမတင်းလွန်း အပေးအယူမျှမျှဆက်ဆံနိုင်မယ်၊ အိမ်ရှင်မကောင်းလည်းဖြစ်မယ်၊ သားသမီးတွေကို ပညာတတ်လူလိမ္မာလေးဖြစ်အောင် ထိန်းကျောင်းပြုပြင်ရပါမယ်။ အဲဒါတွေက ပညာဉာဏ်ရှိမှာဖြစ်မှာပါ။ ပညာဉာဏ်မရှိ၊ ပြင်ပဗဟုသုတလည်း မသိ၊ ဘာမှမသိတဲ့မိန်းကလေးမျိုးက ပိုကောင်းတယ်လို့ တစ်ချို့ယောကျာ်းလေးတွေက ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကိုယ့်သားသမီးလေးတွေကို လူတော်လေးတွေ ၊လူလိမ္မာလေးတွေဖြစ်ဖို့၊ အိမ်ထောင်သာယာဖို့၊ တည်မြဲဖို့ ၊ အသိဉာဏ်ရင့်သန်စွာနဲ့ ပညာဉာဏ်နဲ့ပြည့်စုံတဲ့မိန်းကလေးမျိုးကသာ ကိုယ်နဲ့အိုအောင်မင်းအောင်ရေရှည်လက်တွဲနိုင်တဲ့လက်တွဲဖော်ကောင်းဖြစ်နိုင်တာပါ။
၄) ကိုယ့်ကျင့်တရားမကောင်းတဲ့မိန်းကလေးမျိုး
လွယ်လွယ်ရ လွယ်လွယ်လိမ်တတ်၊ သူများမျက်ခုံးမွှေးပေါ် စြင်္ကန့်လျှောက်ရမှာလည်း ဝန်မလေးတဲ့မိန်းကလေးမျိုးက သင့်အပေါ်လည်း ဖောက်လွဲဖောက်ပြန်လုပ်ဖို့ ဝန်လေးမှာမဟုတ်ပါဘူးနော်။ အိမ်ထောင်ရှင်အမျိုးသမီးဖြစ်လာတဲ့အခါ အပြောအဆိုမတည်တံ့ဘဲ ကိုယ်ကျင့်တရားမကောင်းရင် ဘယ်လိုမှ လက်တွဲဖော်ကောင်းဖြစ်နိုင်မှာမဟုတ်ပါဘူး။
၅) ပြုပြင်ရကောင်းမှန်းမသိတဲ့မိန်းကလေးမျိုး
အမှားမရှိတဲ့သူမရှိပါဘူး။ အမှားကို မြင်ပြီး အမှန်ပြင်ချင်စိတ်ရှိတဲ့မိန်းကလေးမျိုးဖြစ်ဖို့သာ အရေးကြီးတာပါ။ ဘယ်လောက်မှားမှား အမှန်ပြင်ချင်စိတ်ရှိမယ်၊ အမှန်ကိုမြတ်နိုးတဲ့မိန်းကလေးမျိုးက အမှားတွေထဲမှာ အမြဲတဝဲ၀ဲလည်မဖြစ်နေဘဲ အမှန်ဖြစ်ဖို့ ကြိုးစားတတ်ပါတယ်။ အဲဒါကြောင့် တိုးတက်နိုင်ပါတယ်။ သင်လည်း ပြုပြင်စရာအကျင့်တွေရှိမှာပါပဲ။ အပြန်အလှန်ညှိုနှိုင်းနိုင်တာပေါ့။ အဲလိုမှမဟုတ်ဘဲ မှားလို့မှားမှန်းမသိဘဲ ပြုပြင်ရကောင်းမှန်းမသိတဲ့မိန်းကလေးမျိုးကတော့ လက်တွဲဖော်ကောင်းမဖြစ်နိုင်သလို သင်မှားနေတာတွေရှိရင်လည်း ပြင်ဖို့လက်တွဲခေါ်မှာမဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် သင်လည်း ပြုပြင်စရာရှိတာ ပြုပြင်၊ သင့်လက်တွဲဖော်လည်း ပြုပြင်စရာရှိပြုပြင်ရင်းနဲ့ သင်တို့လျှောက်လှမ်းမယ့်ဘဝကို ပိုပြီးသာယာအောင်ဖန်တီးနိုင်မှ ရေရှည်လက်တွဲဖော်ဖြစ်နိုင်မှာပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။