သင့်ဘဝမှာ အကျိုးမပေးတဲ့လူတွေရဲ့ အကျင့် ၉မျိုး

ဘယ်သူကမှ အရာအားလုံးပြီးပြည့်စုံတဲ့သူမဖြစ်နိုင်ပါဘူး။ အနည်းဆုံး မကောင်းတဲ့အကျင့်တခုတလေတော့ရှိကြတာချည်းပါပဲ။ အမှားမရှိတဲ့သူဆိုတာ မရှိဘဲ အမှားနည်းအောင်သာ အတတ်နိုင်ဆုံးကြိုးစားကြရတာပါပဲ။ အဲဒါမှ ကိုယ့်ဘဝက တိုးတက်သင့်သလောက်တိုးတက်မှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ……ကိုယ့်ဘဝကို အမှားတွေဖြစ်လာအောင် ၊ ကိုယ့်ဘဝကို အကျိုးမပေးတဲ့သူတွကိုလည်း ရှောင်ရှားသင့်ရှောင်ရှားရမှာပါပဲ။ အဲဒါမှ ကိုယ့်ဘဝဘေးအန္တရာယ်ရောက်မယ့်ဘေး၊ ကိုယ့်ဘဝဆုတ်ယုတ်မယ့်ဘေးကနေ ကင်းလွတ်နိုင်မှာပါ။ အဲဒါကြောင့် ကိုယ့်ဘဝကို အကျိုးမပေးတဲ့လူတွေရဲ့ အကျင့်တွေကို သိထားသင့်ပါတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလိုအကျင့်ရှိတဲ့လူတွေရှိနေတယ်ဆိုရင်တော့ ကိုယ်ပေါင်းစိတ်ခွာပုံံစံမျိုးနဲ့သာဆက်ဆံသင့်ပါတယ်။


၁) သူတို့တွေက နားထောင်ပေးနိုင်သူတွေမဟုတ်ကြပါဘူး။
ပြောချင်တာက သူတို့စိတ်ညစ်စရာကြုံရင်သာ သင့်ကို ရင်ဖွင့်တတ်ပြီး သင်စိတ်ညစ်စရာကြုံလို့များ သူတို့ကိုရင်ဖွင့်မယ်ဆိုရင် နားထောင်ခံစားပြီး နှစ်သိမ့်တတ်သူတွေမဟုတ်ပါဘူး။ သင်ရင်ဖွင့်ခွင့်လည်း ပြီးဆုံးအောင်ရလိုက်မှာတောင် မဟုတ်ပါဘူး။ သူတို့အကြောင်းနဲ့ သူတို့ခံစားရသမျှကိုသာ ရှေ့တန်းတင်တတ်သူတွေဖြစ်ပါတယ်။ သင့်အတွက် အဖော်ကောင်းဖြစ်မှာမဟုတ်ပါဘူး။ သူတို့ခံစားချက်သာ ခံစားချက်လို့ထင်တတ်ကြသူတွေပါ။ သင်ဘယ်လိုပဲခံစားပါစေ….သူတို့က သိတောင်သိတတ်တဲ့သူတွေမဟုတ်လို့ပါ။

၂) သူတို့က ဆတ်ဆတ်ထိမခံတဲ့သူတွေဖြစ်ပါတယ်။
အခြားသူတွေဘာလုပ်လုပ် သူတို့ကို စောင်းမြောင်းပြီးလုပ်ဆောင်နေတယ်၊ သူတို့ကို ထိခိုက်အောင်လုပ်ဆောင်နေတယ်ချည်း ထင်တတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့မှာ သူတို့အထင်နဲ့သူတို့ နာကျင်စရာတွေချည်းပြည့်နှက်နေတာပါပဲ။ ဘယ်သူကိုတော့ ဘယ်လိုပြန်လုပ်လိုက်မယ်၊ ဘယ်သူကတော့ ဘယ်လိုလုပ်သွားတယ်ဆိုပြီး နာကျင်မဆုံးဖြစ်နေတတ်သူတွေပါ။ လူတိုင်းက ခံစားချက်ရှိပြီး နာကျင်တတ်သူတွေဖြစ်ပေမယ့် သူတို့ကတော့ ပိုပြီး အလွန်အကျွံ့ဖြစ်နေတတ်သူတွေပါ။ အဲဒါကြောင့် သူတို့ရဲ့စိတ်အလိုမကျမှုကို ဒေါသထွက်ခြင်း၊ အော်ငေါက်ခြင်း၊ နှောင့်ယှက်ခြင်း စတဲ့အပြုအမူတွေနဲ့ သူတို့ရဲ့ သူရဲဘောကြောင်ခြင်းတွေကိုဖုံးအုပ်ဖို့ အသုံးချတတ်ကြပါတယ်။

၃) အခြားသူတွေရဲ့ ပြဿနာနဲ့ခံစားချက်တွေကိုအပြစ်တင်တတ်သူတွေဖြစ်ပါတယ်။
သင့်ကိုအကျိုးမပေးတဲ့သူတွေမှာရှိတဲ့နောက်ထပ်အကျင့်တစ်မျိုးကတော့ အခြားသူများရဲ့ပြဿနာတွေကို ခံစားချက်တွေကို ကိုယ်ချင်းစာပေးတဲ့စိတ်မရှိတာပါပဲ။ ကိုယ်ဖန်တီးတာမဟုတ်ဘဲ၊ ဒါမှမဟုတ် ကိုယ်မထိန်းချုပ်နိုင်ပဲဖြစ်လာတဲ့ပြဿနာမျိုးတွေကျတော့ ကာယကံရှင်ရဲ့အပြစ်လို့ပြောလို့မရတဲ့အခြေအနေမျိုးတွေရှိတတ်ပါတယ်။ ထိုအခြေအနေမျိုးကိုလည်း နားလည်သူတွေမဟုတ်ပါဘူး။ အားပေးကူညီဖို့ထက် အခြားသူရဲ့အပြစ်ကိုသာ ထောက်ပြီး အပြစ်ပြောတတ်သူတွေပါ။

၄) အလွယ်တကူလိမ်ညာတတ်သူတွေဖြစ်ပါတယ်။
ဘာမှမဟုတ်တဲ့ကိစ္စအသေးအဖွဲလေးတွေမှာတောင် လွယ်လွယ်လေးလိမ်တတ်သူတွေဖြစ်ပါတယ်။ အဲဒါကြောင့်ကိုပဲ တခြားကိစ္စကြီးကြီးမားမားတွေမှာ လိမ်ဖို့အတွက် မခက်ခဲတော့ပါဘူး။ ပြီးတော့ သူတို့တွေက သူတို့ရဲ့ဘဝအကြောင်းတို့၊ သူတို့ရဲ့ တကယ့်စစ်မှန်တဲ့ပုံရိပ်ကို အခြားသူတွေကို မသိစေချင်ကြပါဘူး။ ဥပမာ၊ သူတို့က ဘယ်လောက်ဆင်းရဲတာမျိုး၊ သူတို့မိသားစုကိစ္စ အဆင်မပြေတာမျိုးပေါ့။ အဲဒါအပြင် သူတို့ရဲ့ခံစားချက်အစစ်အမှန်ကို အခြားသူများသိမှာလည်း စိုးရိမ်တတ်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ သူတို့မှာ အမြဲလို လိမ်ညာနေရပြီး အမြဲလို လိပ်ပြာမလုံဖြစ်နေတတ်ပါသေးတယ်။ အဲဒါက ဘာကိုပြောပြနေသလဲဆိုတော့ သူတို့ကို ဘယ်တော့မှ အပြည့်အဝယုံကြည်လို့မရဘူးဆိုတာပါပဲ။

၅) သူတို့က အရမ်းကြွားဝါတတ်သူတွေလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့တွေမှာ ကိုယ်လုပ်နိုင်ခဲ့တာပဲဖြြစ်ဖစ်၊ ကိုယ်အောင်မြင်ခဲ့တာပဲဖြစ်ဖြစ်၊ အမှန်တကယ်ကိုယ်ကြိုးစားပြီးအောင်မြင်ခဲ့တာတွေကို အသိအမှတ်ပြုတာ၊ အခြားသူများကို မျှဝေတာမျိုးတွေက လူတိုင်းနီးပါးလုပ်လေ့ရှိကြတာပါပဲ။ ဒါပေမယ့် သင့်ဘဝကိုအကျိုးမပေးတဲ့သူတွေကတော့ အဲလိုမျိုးမဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ယူဖန်တီးပြီး အောင်မြင်လာတဲ့ကိစ္စမျိုးကို အသိအမှတ်ပြုပေးတာမျိုးမဟုတ်ဘဲ သူတို့မှာ အမှန်တကယ်မရှိတာကို ရှိသယောင်၊ အမှန်တကယ် မလုပ်နိုင်တာကို လုပ်နိုင်သယောင်နဲ့ ကြွားဝါတတ်ကြတာပါ။ အခြားလူတစ်ယောက်နဲ့ သူတို့ကိုယ်သူတို့လည်း အရမ်းကိုနှိုင်းယှဉ်တတ်ပြီး ထိုနှိုင်းယှဉ်လိုက်တိုင်းသူတို့သာ သာသယောင်ဖြစ်အောင် ပြောဆိုကြွားဝါတာမျိုးလုပ်တတ်ကြပါတယ်။ သူတို့အလုပ်က ဘယ်လိုကောင်းတယ်၊ သူတို့ရဲ့ချစ်သူက ဘယ်လိုကောင်းတယ်၊ သူတို့မှာရှိတဲ့စွမ်းရည်တွေက အတော်ဆုံးဆိုတဲ့ပုံစံမျိုးပေါ့။ အဲဒါကြောင့် အမြဲလို အစစ်အမှန်မပြတတ်ဘဲ အယောင်ဆောင်ပြီး ကြွားဝါနေတတ်တဲ့သူမျိုးတွေမို့ သူတို့စကားကိုဘယ်လိုမှ ယုံကြည်လို့မရတဲ့အပြင် သင့်ဘဝအတွက်လည်း အကျိုးပေးမယ့်သူတွေမဟုတ်ပါဘူး။

၆) အခြားသူများကိုလည်း စိတ်ဆင်းရဲအောင်လုပ်တတ်သူတွေဖြစ်ပါတယ်။
အထက်ကအချက်လိုပေါ့….သူတို့ကသာ အခြားသူတွေထက် တော်လွန်းတတ်လွန်းအောင်မြင်လွန်းတယ်ဆိုတဲ့အမြင်ဖြစ်လာအောင် ပတ်ဝန်းကျင်ကို ချပြတတ်တာကြောင့် သူ့အနားဝန်းကျင်ကသူတွေအနေနဲ့ စိတ်အားငယ်မှုတွေဖြစ်လာနိုင်ပါတယ်။ တစ်ချို့တွေကတော့ ဂရုမစိုက်တတ်ပေမယ့် အမြဲလိုထိတွေ့နေတတ်သူတွေကျပြန်တော့ သူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ အဲဒါအပြင် သူတို့သာလွန်တယ်ဆိုတာကို ပြသဖို့အတွက် အခြားသူရဲ့အပြစ်ကိုအရင်ချပြမှာဖြစ်တာမို့ သူတို့နဲ့ပတ်သက်နေတဲ့သူတွေမှာ စိတ်ဆင်းရဲရတာမျိုး၊ ဒေါသထွက်၊ စိတ်အခန့်မသင့်ဖြစ်ရတာမျိုး ဖြစ်ရပါလိမ့်မယ်။ အဲဒါကြောင့် ထိုသူတွေက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာကလွဲပြီး သင့်အတွက် ဘာမှအကျိုးရှိစေမယ့်သူတွေမဟုတ်ပါဘူး။

၇) သူတို့ကအချိန်ဆွဲတတ်လွန်းသူတွေလည်းဖြစ်ပါတယ်။
ကျွန်တော်တို့ဘဝမှာလည်း အချိန်ဆွဲဖူးတာမျိုးတော့ရှိကြမှာပါ။ ဒါပေမယ့် သူတို့တွေအတွက်ကတော့ အချိန်ဆွဲတယ်ဆိုတာ အရသာရှိရှိ၊ လုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ ပြောရရင် အချိန်ဆွဲတာကို အကျင့်လိုဖြစ်နေတာမျိုးပါ။ အဲဒီလိုအချိန်ဆွဲတတ်ခြင်းကြောင့်ပဲ သူတို့ဘဝမှာ ဘာမှတိုးတက်မှုဖြစ်မလာပါဘူး။ သူတို့ဘဝရဲ့တာဝန်ကိုလည်း အပြည့်အဝမယူချင်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့လိုအပ်ချက်၊ သူတို့ဖြစ်ချင်တာမျိးကျရင်တော့ အခြားသူများဘက်ကိုမကြည့်ဘဲ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး မရရအောင် လုပ်တတ်ကြပါတယ်။ ထိုနေရမျိုးမှာတော့ အချိန်မဆွဲတတ်ကြဘဲ အလျင်လိုတတ်ကြပါတယ်။

၈) အခြားသူများအကြောင်းကို နောက်ကွယ်မှာ အတင်းပြောရတာကို ကြိုက်တဲ့သူတွေဖြစ်ပါတယ်။
အခြားသူများအကြောင်းကို အဟုတ်ကော မဟုတ်ကော အတင်းပြောရတာကို ကြိုက်တဲ့သူတွေဖြစ်ပါတယ်။
သူတို့ဘဝရဲ့အချိန်တော်တော်များများကို အတင်းပြောခြင်းဖြင့်သာ ကုန်ဆုံးတတ်သူတွေဖြစ်ပါတယ်။ သင့်မှာ ထိုကဲ့သို့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းမျိုးရှိနေတယ်ဆိုရင် ထိုလူမျိုးက သင့်ကိုအကျိုးပေးမယ့်သူမျိုးမဟုတ်တဲ့အပြင် သင့်ရဲ့မကောင်းကြောင်းကိုပါ အခြားသူများကို ပြောတတ်မယ့်သူမျိုးဖြစ်ပါတယ်။ သင့်ကိုအကျိုးပေးမယ့်သူမျိုးမဟုတ်ပါဘူး။

၉) သူတို့က အခြားသူများကိုလည်း ထိန်းချုပ်လွန်းပြီး အသုံးချတတ်သူတွေဖြစ်ပါတယ်။
အကြောင်းမဲ့ကို အခြားသူများကို ထိန်းချုပ်တတ်ပါတယ်။ စိတ်ပညာလေ့လာသူတွေပြောပြချက်အရဆိုရင်တော့ သူတို့က အာရုံစိုက်မှုကိုခံချင်သူတွေဖြစ်ပြီး နားထောင်ပေးမယ့်သူတွေလိုအပ်နေတာပါ။ သူတို့ရဲ့စိတ်မလုံခြုံမှုကို ဖုံးကွယ်ဖို့အတွက် အခြားသူကို အမိန့်ပေးတာ၊ လိုရင်လိုသလို အသုံးချလိုက်တာမျိုး လုပ်တတ်ကြပါတယ်။ အခြားသူတွေကို “ဒီလိုလုပ်တာပိုကောင်းတာကို….” “ဒီလိုလုပ်….၊ ဒါမျိုးလုပ်မနေနဲ့” စသဖြင့် အရမ်းလွှမ်းမိုးတတ်ပြီး သူတို့အလိုရှိတာကိုလည်း လုပ်ခိုင်းဖို့ဝန်မလေးသလို၊ ပတ်ဝန်းကျင်ကလူတွေကိုလည်း သူတို့အတွက် အသုံးချဖို့ဝန်မလေးတဲ့သူတွေဖြစ်ပါတယ်။ အဲဒါကြောင့် ထိုသူတွေက သင့်ဘဝကို ဘယ်လိုမှအကျိုးပေးမှာမဟုတ်ပါဘူး။

အထက်ပါအကျင့်တွေရှိတတ်တဲ့အပေါင်းအသင်းမိတ်ဆွေမျိုးဆိုရင် သင့်ကိုအကျိုးမပေးတဲ့အပြင် သင့်ရဲ့အကျိုးစီးပွားဖြစ်ထွန်းလာတာကိုတောင် သဘောကျမယ့်သူမျိုးမဟုတ်ပါဘူး။ သင့်ကိုတောင် ပြန်ပြီးထိခိုက်စေနိုင်ပါတယ်။ အဲလိုမိတ်ဆွေမျိုးရှိနေခဲ့ရင်တော့ သတိထားပြီးပေါင်းသင့်သလို၊ တဖြေးဖြေးသင့်ဘဝထဲကနေ သူတို့နဲ့ဝေးကွာသွားအောင် ဖယ်ထုတ်လိုက်သင့်ပါတယ်နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။