သင်နဲ့သင့်မိဘကြားက ပဋိပက္ခတွေရပ်တန့်ဖို့ လုပ်ကြည့်သင့်တဲ့နည်းလမ်းများ

အမှန်အတိုင်းပြောရရင် သင့်မိဘတွေနဲ့သင် အချေအတင် စကားများဖူးမှာပါ။ အဓိက အကြောင်းရင်းကတော့ သင့်ရဲ့အတွေးအမြင်တွေကို သူတို့မဖြစ်သင့်ဘူး၊ မလုပ်သင့်ဘူး၊ မဖြစ်နိုင်ဘူးလို့ ထင်ရာက စတာပဲမဟုတ်လား။ မိဘနဲ့သားသမီး သဘောထားကွဲလွဲခြင်းဆိုတာက အရင်ကတည်းက ရှိခဲ့ကြဖြစ်ခဲ့ကြတာပါ။ generation gap ဆိုတဲ့ မျိုးဆက်ကွာဟာမှုကြောင့်ဖြစ်ပါတယ်။ သင့်မှာ မိဘတွေနဲ့လည်း အငြင်းမပွားချင်ဘူး၊ သင့်မိဘတွေကိုလည်း သင်နဲ့အတူ ညှိုနှိုင်းစေချင်တယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်ပါနော်။


၁) ပြန်မအော်မိပါစေနဲ့။
လူငယ်ဆိုတာက စိတ်ထက်ပါတယ်။ အရင်ဆုံး ကိုယ်ဖြစ်ချင်တာကို မိဘကို စိတ်ရှည်စွာရှင်းပြဖို့လိုပါတယ်။ အဲဒီ့အတွက် သင်နားလည်ထားရမှာက သင့်မိဘနဲ့သင့်ကြားမှာ မျိုးဆက်ကွာဟမှုရှိတဲ့အတွက် သင်စိတ်ကို လိုတာထက်ကိုပိုရှည်အောင် ဆွဲဆန့်ထားရမယ်ဆိုတာပါပဲ။ သင်ထင်ထားတာတွေမဖြစ်လာတာနဲ့ပဲ မိဘကို အရင်ဆုံးအော်မိသွားတတ်ပါတယ်။ အဲဒါကြောင့် သင့်ကိုသင်ပြန်မအော်မိစေဖို့သတိထားပါ။ အော်လိုက်တာဖြစ်ဖြစ် ဆန့်ကျင်ဘက်တစ်ခုခုလုပ်မိတာဖြစ်ဖြစ် သင်တို့ရဲ့ဆွေးနွေးမှုက စတောင်မစရသေးဘဲ ပျက်စီးသွားမယ်ဆိုတာ မမေ့ပါနဲ့။ အသက်ကို ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ကြည့်ပါ။ အာရုံပြောင်းသွားတော့ စိတ်ကိုပြောလျော့စေတာပေါ့။

၂) ရင်းနှီးနွေးထွေးမှုရှိပါ။
ဒါကတော့ မိသားစုပုံစံနဲ့ဆိုင်ပါတယ်။ တချို့မိသားစုမှာ အရင်ကတည်းက မနွေးထွေးတဲ့ပုံစံမျိုးဆိုရင် ကလေးကိုထိန်းကျောင်းမရတော့ဘူးဆိုမှ ဘယ်လိုလုပ်ရမလဲလို့ အရေးတကြီးမေးမြန်းတတ်ကြတဲ့မိဘမျိုးကို မြင်ဖူးပါတယ်။ အဲဒီလိုပြဿနာတွေက မိသားစုချင်း မနွေးထွေးခြင်းကလည်း တရားခံတစ်ခုပါပဲ။ မိသားစုရယ်ဖြစ်လာကတည်းက မိဘနဲ့သားသမီးကြား မိတ်ဆွေလို၊ သူငယ်ချင်းလို၊ အပေါင်းအသင်းလို ဆွေးနွေးနိုင်အောင် ရင်းနှီးထားဖို့လိုပါတယ်။ ခုကိစ္စမှာလည်း သင်ဆွေးနွေးချင်တဲ့ကိစ္စကို သင့်မိဘဘက်က အနုတ်သဘောပြနေရင်တောင် သင်က ဘယ်လိုနားဝင်အောင်ပြောမလဲဆိုတဲ့အဓိက အချက်ကို စဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီ့အတွက် ရင်းနှီးနွေးထွေးစွာ ဆက်ဆံဖို့လိုပါတယ်။

၃) သင့်မိဘတွေဘက်ကအတွေးကို ထည့်စဉ်းစားပေးပါ။
ဒီလိုပြောရတာက သင့်ဘက်မှာ သင့်အတွေးနဲ့သင် စဉ်းစားနေသလိုပဲ သင့်မိဘကဘက်ကလည်း ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ရှိမှာပါပဲ။ အဲဒါကို သင်မေးပါ။ သူတို့စိုးရိမ်နေတာမျိုး မဖြစ်ဖို့ သင့်ကိုသင် သေချာစောင့်ထိန်းဖို့ ကြိုးစားပါ။ သူတို့ကလည်း သင့်ကိုကောင်းစေချင်တဲ့စေတနာနဲ့ဆိုတာ ထည့်တွေးပါ။ ဒါမှမဟုတ် သူတို့ခေတ်က အတွေ့အကြုံမျိုးမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ သင်တို့ကြားက generation gap ကို သင်နားလည်လက်ခံပေးဖို့လိုပါတယ်။ အဓိကက သူတို့ဘက်က သင့်ကို ယုံကြည်စိတ်ချကျေနပ်မှုရှိနေရင် သင့်ကိုသူတို့လည်း လက်ခံပေးဖို့ တိုက်တွန်းရမှာပါ။

၄) သင့်ရဲ့ပန်းတိုင်ကို သေချာပါစေ။
သင်ဖြစ်ချင်တာက သေချာတယ်ဆိုရင် သူတို့ကို သင့်ကိုသင်အာမခံပါ။ သူတို့မဖြစ်စေချင်တာမျိုး မဖြစ်ဖို့နဲ့ သင့်လမ်းကြောင်းမှာ သင်တကယ်ဖြစ်မြောက်အောင် ကြိုးစားဖို့ သင့်ကိုသင် သတိပေးပါ။ မိဘတွေကိုလည်း သင့်ပန်းတိုင်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိလာအောင် သင်ကိုယ်တိုင်ဖြစ်မြောက်လာအောင်ကြိုးစားပြပါ။

၅) တခါတရံ သူတို့ကို အနိုင်ပေးပါ။
အမြဲတမ်း အချေအတင်ဖြစ်တိုင်း သင်ပြောချင်ရာပြော၊ သင်လုပ်ချင်ရာလုပ်ဆိုရင် သင့်မိဘနဲ့သင် စိတ်ဝမ်းကွဲရုံအပြင် နာကျင်မှုတွေသာ အပိုရလာမှာပါ။ အဲဒါကြောင့် သူတို့ဘောင်ထဲက သူတို့ပြောတဲ့စည်းကမ်းနဲ့ သင်လိုက်နာလို့ရတာမျိုးကို သင်လိုက်နာပေးလိုက်ပါ။ အပြန်အလှန်သဘောပေါ့။ သင့်ရဲ့ပန်းတိုင်နဲ့ပတ်သက်ပြီး သင်ကြိုးစားလို့ရတာကို ကြိုးစားပါ။ သူတို့စိုးရိမ်တာမျိုးကိုတော့ သင်ရှောင်ကျဉ်ပေးလိုက်ပါ။ အဲဒါက သင့်မိဘတွေလည်း သင့်အပေါ် အရမ်းကြီးမတင်းကြပ်တော့ပါဘူး။ အဲလိုမဟုတ်ဘဲ သူတို့ပြောသမျှ သင်ကဆန့်ကျင်မယ်ဆိုရင် သူတို့ကလည်း သင့်အပေါ် ပိုတင်းကြပ်ဖို့ ကြိုးစားလာမှာပါ။

၆) သံသယမထားပါနဲ့။
မိဘနဲ့သားသမီးကြားမှာ သံသယထားခြင်းက အရမ်းကိုဆိုးဝါးစေပါတယ်။ သင်ဖြစ်ချင်တာနဲ့သူတို့ဖြစ်စေချင်တာကို ညှိုနှိုင်းခြင်းကအကောင်းဆုံးပါ။ ထင်မြင်ချက်တွေကို ပွင့်လင်းစွာထုတ်ပြောပါ။

၇) အပြန်အလှန်ခွင့်လွှတ်ပါ။
မိဘနဲ့သားသမီးကြား စကားအချေအတင်တော့များဖူးကြတာချည်းပါပဲ။ ဒါပေမယ့် အပြန်အလှန်ခွင့်လွှတ်ပေးခြင်းက သင့်ကိုအေးချမ်းစေပါတယ်။ သင့်မိဘပူလောင်နေရင် သင်ပဲထိခိုက်ရမှာပါ။

၈) တစ်ဖက်သတ်မဆန်ပါစေနဲ့။
သင်လိုချင်တာချည်းအမြဲအနိုင်ယူခဲ့တာမျိုး ဒါမှမဟုတ် သင်ဖြစ်ချင်တာ၊ သင်ညှိုနှိုင်းချင်တာ မညှိုနှိုင်းပေးလို့ သင့်မိဘကို စကားမပြောတာမျိုး၊ အဖက်မလုပ်တော့တာမျိုးက တစ်ဖက်သတ်ဆန်ပါတယ်။ ဆိုးလည်းဆိုးပါတယ်။ တကယ်တော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့အခြေအနေမျိုးဖြစ်အောင် ကြိုးစားရမှာပါ။ သင်ဖြစ်ချင်တာနဲ့ သူတို့လိုချင်တာကို ညှိုယူသင့်တာပါ။
အဲဒါကြောင့် မိသားစုဘဝရယ်လို့ဖြစ်လာပြီဆိုကတည်းက မိဘလုပ်သူတွေက သားသမီးကို နွေးထွေးပျူငှာစွာ ဆက်ဆံပြီး သားသမီးနဲ့ မိဘဆိုတဲ့ဆက်ဆံရေးထက် လူငယ်သားသမီးတွေအပြင်မှာ သူငယ်ချင်းတွေနဲ့ပေါင်းသင်းနေတဲ့ဆက်ဆံရေးမျိုးဖြစ်လာအောင် မိဘနဲ့သားသမီးကြားဆက်ဆံရေးကို တည်ဆောက်ထားသင့်ပါတယ်။ အထူးသဖြင့် သူငယ်ချင်းပေါင်းပေါင်းတယ်ဆိုတာမျိုးပေါ့။ သူငယ်ချင်းပေါင်းဆိုတာက သားသမီးရဲ့ကိစ္စအားလုံးကို သိဖို့အလွယ်ဆုံးနည်းလမ်းပါပဲ။ သားသမီးတွေကလည်း မိဘကို ဘယ်လိုနည်းနဲ့မှ ရှိန်နေစရာ၊ ကြောက်လန့်နေစရာမလိုမှသာ သူ့ရဲ့ကိစ္စအ၀၀ကို မိဘကို ပြောဆိုဆွေးနွေးတိုင်ပင်မှာဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင်က သားသမီးနဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမျိုးကိုတည်ဆောက်ထားတဲ့အပြင် သားသမီးနဲ့မိဘကြားက generation gap ကိုလည်း နှစ်ဦးနှစ်ဖက်နားလည်လက်ခံသင့်ပါတယ်။ သားသမီးကလည်း ရိုင်းစိုင်းစွာမတုံ့ပြန်ဘဲ မိဘနဲ့ညှိုနှိုင်းလို့ သူတို့ဖြစ်ချင်တာကို သင်လက်ခံနိုင်သလောက်လက်ခံ၊ သင်ဖြစ်ချင်တာကို မိဘက လက်ခံနိုင်သလောက်လက်ခံခြင်းမျိုးဖြစ်သင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။