လက်တွေ့ကျကျ ဘဝနေနည်း

ဘဝမှာရှင်သန်နေထိုင်ရတဲ့အခါ လူအမျိုးမျိုးစိတ်အထွေထွေမို့ လူပေါင်းစုံနဲ့စရိုက်ပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ အဲဒီလို ရင်ဆိုင်ရတဲ့အခါ ကိုယ့်အပေါ်ကောင်းတဲ့လူရှိသလို၊ ကိုယ့်အပေါ်ဒုက္ခပေးမယ့်သူ၊ ကိုယ့်ကို ပြဿနာတွေပေးမယ့်သူ၊ ကိုယ့်ကိုနစ်နာစေပြီး သူတို့သာ အသာရအောင် အနိုင်ကျင့်တတ်သူတွေကို မလွှဲမသွေ ကြုံရမှာပါ။ အဲဒီ့လိုအခါမျိုးမှာ ကိုယ့်ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်တတ်ဖို့၊ ဖြေရှင်းတတ်ဖို့လည်း လိုပါတယ်။ တခါတလေ ကိုယ်က စိတ်ကောင်းထားကူညီလိုက်ပေမယ့် ကိုယ့်ရဲ့စေတနာကို အသုံးချတတ်တဲ့သူမျိုးကိုလည်း ကြုံရမှာမို့ ကိုယ့်အတွက်အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်းကို ရွေးချယ်နေထိုင်ရပါလိမ့်မယ်။ အဲဒါကြောင့် လက်တွေ့ကျကျ ဘဝမှာနေထိုင်နိုင်စေမယ့် အကောင်းဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဆက်ဆံရေးအဆင်ပြေစေချင်ရင် ငွေမချေးလိုက်ပါနဲ့
လူတိုင်းမှာ အခက်အခဲကိုယ်စီရှိပါတယ်။ ဒါပေမယ့် ငွေကြေးကြပ်တည်းမှုနဲ့ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ ယုံကြည်ပြီး ငွေမချေးငှားလိုက်ပါနဲ့။ သင့်မှာပိုလျှံနေတယ်ဆိုရင်တော့ အဆင်ပြေရင် ဘာကိုမှမမျှော်လင့်ဘဲ ကူညီပေးလိုက်ပါ။ အဲဒီလိုမဟုတ်ဘဲ အဆင်မပြေတဲ့ကြားထဲကနေ သူလည်းအဆင်ပြေပါစေဆိုတဲ့စိတ်လေးတစ်ခုထဲနဲ့တော့ ငွေချေးတာမျိုးမလုပ်ပါနဲ့။ မိတ်ပျက်တတ်ပါတယ်။ ကိုယ်ကလည်း အဆင်မပြေတဲ့အခါ ကိုယ့်ငွေကိုယ်ပြန်လိုချင်၊ သူကလည်းအဆင်မပြေတဲ့အတွက်ပြန်မပေးနိုင်ဘူးဆိုရင် နှစ်ဖက်စလုံးအတွက် ဆက်ဆံရေးကတောက်ကဆဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အဆင်ပြေရင် ဘာမှမမျှော်လင့်ဘဲ ကူညီလိုက်ပါ။ အဆင်မပြေရင်တော့ ကူညီဖို့သာ အပြတ် ငြင်းလိုက်တာအကောင်းဆုံးပါပဲ။

၂) ဘယ်သူ့ကိုမှကိုယ်လိုမထင်လိုက်ပါနဲ့
လူအမျိုးမျိုးစိတ်အထွေထွေမို့ သူ့ကတော့ ကိုယ့်လိုတွေးမယ်ထင်လို့မရပါဘူး။ နှစ်ဖက်စလုံးမျှတွေးထားမှဖြစ်မှာပါ။ ကိုယ်တွေးသလို တဖက်ကလူကလည်းတွေးချင်မှတွေးမှာပါ။ အဲဒါကြောင့် ဘယ်နေရာမှာမဆို ဖြစ်နိုင်ချေရှိတဲ့နှစ်ဖက်အမြင်ကို ကြိုတွေးထားပါ။ ကြိုမြင်ထားတာအကောင်ဆုံးပါပဲ ။ မဟုတ်ရင်တော့ ဘယ်သူ့ကိုတော့ ယုံကြည်ပြီးမှ နောက်ကျောဓားနဲ့ထိုးခံလိုက်ရတာမျိုး၊ ကိုယ်လုံးဝယုံကြည်ထားသူက ကိုယ့်ကိုပြန်ဒုက္ခပေးသွားတာမျိုးတွေကြုံလာရနိုင်ပါတယ်။ လူတိုင်းက မကောင်းတဲ့လူတွေမဖြစ်နိုင်သလို၊ လူတိုင်းကလည်း လူကောင်းမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လူတိုင်းကိုလည်း သံသယနဲ့ဆက်ဆံနေလို့မဖြစ်သလို၊ သံသယမရှိဘဲလည်း အစွန်းရောက်ယုံကြည်လို့မဖြစ်နိုင်ပြန်ပါဘူး။

၃)အခြားသူကိစ္စကြားဝင်အာမခံမပေးပါနဲ့
ဘဝမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အခြားသူကိစ္စတွေကို ကြားဝင်အာမခံခြင်းမလုပ်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ သူဆိုတာ ကိုယ်မဟုတ်တဲ့အတွက် ခုနေ သူ့ကို ယုံကြည်ရပေမယ့် နောင်တချိန်ဘာတွေဖြစ်နိုင်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်မပိုင်တဲ့အခြားသူရဲ့စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ်အာမခံလိုက်ခြင်းက ကိုယ့်ကို ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရစေပါတယ်။

၄)မကောင်းမြင်စိတ်များတဲ့သူတွေကို ဝေးဝေးရှောင်ပါ
မကောင်းမြင်စိတ်များတဲ့လူဆိုတာ သိသာလွန်းပါတယ်။ အခြားသူတစ်ယောက်ယောက်ရဲ့မကောင်းတာမှန်သမျှကိုသာ မြင်တတ်တဲ့သူပေါ့။ ထိုလူမျိုးနဲ့ပေါင်းသင်းတာကြာလာတဲ့အခါ အကျင့်ဆိုးက ကူးစက်လာတတ်ပါတယ်။ မကောင်းမြင်တဲ့အကျင့်စွဲကပ်လာရင် လောကကြီးတစ်ခုလုံးက မကောင်းတဲ့အရာတွေသာ ကိုယ့်ထံမှာမြင်နေတွေ့နေခံစားနေရသလိုဖြစ်လာမှာပါ။ အဲဒီ့အခါ ကိုယ့်ဘဝအတွက်၊ ကိုယ့်အနာဂတ်အတွက်၊ ကိုယ့်ကြိုးစားမှုအတွက် အဆိုးတွေသာဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ဘယ်နေရာမဆို မကောင်းမြင်တတ်တဲ့စိတ်ရှိသူမျိုးကို ရေရှည်လက်မတွဲတာအကောင်းဆုံးပါပဲ။

၅)ငွေစုတဲ့အကျင့်လုပ်ပါ
ငွေစုတဲ့အကျင့်ရှိဖို့က အရေးကြီးပါတယ်။ ကိုယ့်ဘဝရဲ့ငယ်ရွယ်သန်စွမ်းတုန်းအချိန်မှာ ငွေကိုကြိုးစားရှာပေမယ့် မသန်စွမ်းမယ့်အချိန်အတွက်ကြိုတင်တွေးတောပြီး စုဆောင်းထားခြင်းမရှိရင် အိုမင်းမသန်စွမ်းတဲ့အချိန်မှာ ကိုယ်ပဲဒုက္ခရောက်ရမှာပါ။ အဲဒါကြောင့် ခုနေ ငွေကိုကြိုးစားရှာ၊ အသုံးနဲ့အဖြုန်းကိုခွဲခြားတတ်ပါစေ၊ နောင်တစ်ချိန်အတွက်လည်း စုဆောင်းထားဖို့မမေ့ပါနဲ့။

၆)ဘယ်နေရာမှာမှအစွန်းမရောက်ပါစေနဲ့
အစွန်းရောက်တယ်ဆိုတာ ဘယ်နေရာမှာမှမကောင်းပါဘူး။ ကိုယ်တွေးတာ၊ ကိုယ်လုပ်တာ၊ ကိုယ်သာအမှန်လို့ထင်နေခြင်းဟာလည်း အစွန်းရောက်ခြင်းတစ်မျိုးပါပဲ။ လူတိုင်းမှ အမှားတွေရှိကြသလို၊ အမှန်တွေအတုခိုးသင့်တဲ့အရာတွေလည်းရှိပါတယ်။ လူတစ်ယောက်ရဲ့အမှားကို မြင်ရင် ကိုယ့်အလှည့်ကျမလုပ်မိအောင် သင်ခန်းစာယူတတ်ရင် ရသလို လူတစ်ယောက်ရဲ့ကောင်းတဲ့အချက်ကိုမြင်ရင်လည်း ကိုယ့်အတွက် အတုခိုးကျင့်ကြံသင့်တယ်ဆိုတာမမေ့ပါနဲ့။ အဲဒါကြောင့် ကိုယ်သာအမှန်ဆိုတာ အမြဲမထင်ဘဲ လက်ခံသင့်တာလက်ခံပါ။ ချင့်ချိန်သင့်တာချင့်ချိန်ပါ။ အစွန်းရောက်အမြင်ရှိသူဟာ အမှားကိုဆုပ်ကိုင်ထားမိရင်လည်း ဘယ်သူမှပြုပြင်ပေးလို့မရနိုင်ပါဘူး။

၇)လက်ရှိအချိန်ကိုကောင်းစွာအသုံးချပြီး အနာဂတ်အတွက်ကြိုတင်စီစဉ်ထားပါ
လက်ရှိအချိန်က သင့်အတွက်အဖိုးတန်ဆုံးဆိုတာ မမေ့ပါနဲ့။ သင့်ဘဝမှာ ဘာတွေအခက်အခဲကြုံပါစေ။ ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချပြီး သင်လုပ်နိုင်တာကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်နိုင်ခြင်းဟာ သင့်အတွက် အရင်းအနှီးပါပဲ။ ခုလက်ရှိအချိန်ကို ကောင်းကောင်းအကျိုးရှိအောင် အသုံးချပါ။ ခုလက်ရှိကြိုးစားမှုကနေ ရလာသမျှကို နောင်တစ်ချိန်အနာဂတ်အတွက်လည်း ကြိုတင်စီစဉ်ထားပါ။ အဲဒါက သင့်ဘဝအတွက် အာမခံချက်ပါပဲ။

၈)အခြေအနေတိုင်းကိုပုံသေမမှတ်ထားပါနဲ့
ခုလက်ရှိ သင့်ကျရှုံးနေခြင်းဟာလည်း တခဏပါ၊ ခုလက်ရှိသင်အောင်မြင်နေလည်း တခဏပါပဲ။ လောကမှာ ဘယ်အရာမှမတည်မြဲဘူးဆိုတာမမေ့ပါနဲ့။ ခုလက်ရှိ သာယာအဆင်ပြေနေတဲ့အခါ အဆင်မပြေတဲ့အချိန်မှာ ဘာလုပ်ရမလဲ….ဆိုတဲ့ ကြိုတင်စီစဉ်မှုပြုလုပ်ထားပါ။ ခုလက်ရှိ အဆိုးတွေကြုံနေတဲ့အခါ အကောင်းဘက်ကဖြစ်အောင်ဘာတွေကြိုးစားမလဲဆိုတာ တွေးပြီး အစွမ်းကုန်ကြိုးစားနေပါ။ ကောင်းခြင်းဆိုးခြင်းက မတည်မြဲဘဲ သင့်ရဲ့ကြိုးစားမှုကသာ အောင်နိုင်ခြင်းဖြစ်နိုင်ပါတယ်။
အထက်ကအချက်တွေကတော့ ဘဝတစ်လျှောက်မှာ သတိထားရှင်သန်နေထိုင်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ကိုယ်သတိမထားမိတဲ့အချက်တွေရှိခဲ့ရင် သတိပေးပြီးသားဖြစ်အောင် ဖော်ပြပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။