အမှန်အတိုင်းလက်ခံနိုင်ဖို့လိုပါတယ်။

အမှန်အတိုင်းလက်ခံနိုင်ခြင်းက လူတစ်ဦးစီအတွက်အရေးကြီးပါတယ်။ အများစုက ကိုယ့်ကိုဝေဖန်လာရင်မခံနိုင်တာများပါတယ်။ ဒါပေမယ့် ဝေဖန်တဲ့နေရာမှာ ကောင်းစေချင်လို့ဝေဖန်တာနဲ့ အဆိုးဘက်နေ ဝေဖန်တာမျိုး ၂မျိုးရှိနိုင်ပါတယ်။ ပိုကောင်းသွားစေလိုတဲ့ စေတနာမျိုးနဲ့ အမှားအပြစ်ကို ထောက်ပြပြီး ဝေဖန်တာမျိုးက အကောင်းဘက်ကဝေဖန်ခြင်းဖြစ်ပြီး သင့်ကို ရှုံ့ချလိုတဲ့သဘော၊ ဒါမှမဟုတ် နှုတ်အားဖြင့် သင့်ရဲ့လုပ်ဆောင်ချက်ကို ပုတ်ခတ်တာမျိုးကတော့ အဆိုးဘက်ကနေ ဝေဖန်တာမျိုးဖြစ်ပါတယ်။


နှုတ်အားဖြင့် ကိုယ့်ကိုပုတ်ခတ်တဲ့ဝေဖန်မှုမျိုးကတော့ အမှန်တကယ်မှားယွင်းနေတာမျိုးကိုထောက်ပြချင်တဲ့ စေတနာမပါဘဲ တိုက်ခိုက်ချင်တဲ့ဝေဖန်မှုမျိုးကတော့ ဦးနှောက်ထဲမထည့်တာက သင့်အတွက်ပိုကောင်းပါတယ်။
ကောင်းစေချင်တဲ့စိတ်နဲ့ “ဘယ်အရာလေးကို ပြုပြင်လိုက်မယ်ဆိုရင်တော့ ပိုပြီး ကောင်းသွားမယ်” ဆိုတဲ့ စေတနာမျိုးနဲ့ ဝေဖန်ခြင်းမျိုးကိုတော့ အက်မင်တို့လက်ခံသင့်ပါတယ်။ ထိုကဲ့သို့ အမှန်အတိုင်း ၊ အရှိကို အရှိအတိုင်း လက်ခံခြင်းက လက်ခံဖို့ခက်ခဲပါတယ်။ လူတိုင်းက ကိုယ့်ကိုကိုယ်သာ အကောင်းဆုံးထင်တာကြတာမျိုးမဟုတ်လား။ အဲဒီ့တော့ “မှားသွားပါတယ်…..ဒီနေရာမှာ လိုအပ်သွားပါတယ်” လို့ အမှန်အတိုင်း ဝန်ခံဖို့က ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ဒီထက်တိုးတက်ချင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ထိုအကျင့်ကို ကျင့်ယူသင့်ပါတယ်။

အဲဒီလိုအမှန်ကိုအမှန်အတိုင်းရဲဝင့်စွာလက်ခံတဲ့နေရာမှာလည်း တစ်ခုက ကိုယ့်ရဲ့အမှားတွေကို ပြုပြင်ဖို့အတွက် အမှားတွေကိုအမှန်အတိုင်းလက်ခံဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ ကိုယ့်ရဲ့ဘဝနဲ့ချီတဲ့အမှားတွေကိုလည်း အမှန်အတိုင်းလက်ခံနိုင်ဖို့ဖြစ်ပါတယ်။
ကိုယ့်ရဲ့လုပ်ရပ်တစ်ခုခု၊ ကြိုးစားအားထုတ်မှုတစ်ခုခုမှာ လိုအပ်ချက် ဒါမှမဟုတ် ချို့ယွင်းချက်၊ အမှားတစ်ခုခုဖြစ်သွားတဲ့အခါ အကောင်းဘက်က ဝေဖန်တတ်တဲ့သူမျိုးနဲ့တွေ့ခဲ့ရင် “ ဟာ…မှန်လိုက်တာ….၊ ကျွန်တော်မမြင်လိုက်တာကို ဆရာကထောက်ပြပေးလိုက်တာပဲ။ နောက်ဆိုကျွန်တော်သတိထားလို့ရတာပေါ့။ ကျေးဇူးတင်ပါတယ်။” ဆိုတာမျိုးနဲ့ လက်ခံတတ်အောင်ကြိုးစားပါ။
အဲဒီ့နောက်မှာတော့ မှားယွင်းသွားတာ၊ လိုအပ်ချက်ရှိသွားတာမျိုးကို ပြုပြင်ပါ။ အဲဒီလိုနဲ့ အမှားနည်းတဲ့လူတစ်ယောက်ဖြစ်လာတဲ့အခါ အရာရာတိုင်းမှာ သူများထက်ပိုတိုးတက်တဲ့သူ ၊ ပိုတော်တဲ့သူတစ်ယောက်ဖြစ်သွားတာပါပဲ။ လောကမှာ မမှားတဲ့သူဆိုတာမရှိပါဘူး။ အမှားကို လက်ခံနိုင်ပြီး အမှန်ပြင်ဖို့သာလိုတာပါ။

ကိုယ့်ရဲ့ဘဝနဲ့ချီတဲ့အမှားတွေကျတော့ ကံကြမ္ပာကြောင့်ဖြစ်လာတာမျိုးတွေ၊ ကိုယ်တိုင်မထိန်းချုပ်နိုင်ဘဲ မှားရတဲ့အမှားတွေနဲ့ ချို့ယွင်းချက်လိုမျိုးတွေပါ။ အဲလိုမျိုးဖြစ်ရတဲ့အမှားတွေကျတော့ ကိုယ့်မှာယူကြုံးမရဖြစ်ရပေမယ့် အမှန်အတိုင်းလက်ခံပြီး ဘယ်လိုရှေ့ဆက်ရမလဲ၊ ဘယ်လိုပြန်လည်ပြုပြင်ယူရမလဲတွေးရမှာပါ။ ပါကစ္စတန်နိုင်ငံက Muniba Mazari ဆိုရင် အသက်၂၁မှာ ကားမတော်တဆမှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်းသေခဲ့ရလို့ ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်ကို လက်မခံဘဲ လေလွင့်နေမယ်ဆိုရင် ခုချိန်မှာ အောင်မြင်တဲ့အနုပညာရှင်၊ သူမလိုဘဝတူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ အောင်မြင်သူတစ်ယောက်ဖြစ်လာမှာတောင်မဟုတ်ပါဘူး။ သူမမထိန်းချုပ်နိုင်တဲ့ ဘဝတစ်ခုလုံးနဲ့ချီတဲ့အမှားမျိုးကို ယူကြုံးမရလက်မခံဘဲနေခဲ့မယ်ဆိုရင် သူမအောင်မြင်နိုင်ပါ့မလား။ သူမဘဝရဲ့အရှိကို အရှိအတိုင်းလက်ခံလိုက်ပြီး ဒီဘဝနဲ့ ဘာဆက်လုပ်လို့ရမလဲ။ ဘယ်လိုပြင်ဆင်ဆောက်တည်ရမလဲ၊ အဆိုးထဲကအကောင်းဖြစ်အောင်ဘယ်လိုကြိုးစားမလဲဆိုတာမျိုးနဲ့ ဘဝကိုဆောက်တည်ခဲ့လို့သာ ခန္ဓာကိုယ်မသန်စွမ်းပေမယ့် အောင်မြင်သူဖြစ်လာရတာပါ။
အဲလိုပဲ မွေးရာပါ ခြေလက်အဂါၤမပါတဲ့သူအဖြစ်မွေးဖွားလာခဲ့တဲ့ Nicholas James vujicic ဆိုရင်လည်း အောင်မြင်တဲ့စိတ်ဓာတ်ခွန်အားပေးသူဖြစ်လာခဲ့တာပါပဲ။

ကိုယ့်ဘဝက သူတို့လောက်မဆိုးသေးဘူးဆိုရင် ဘာလို့များ အရှိကိုအရှိအတိုင်းလက်မခံနိုင်ရမှာလဲ။ လူတော်တော်များများက ကိုယ်တိုင်ရဲ့အမှားမျိုးတွေနဲ့ ကိုယ့်ရဲ့ဘဝနဲ့ဆိုင်တဲ့အမှားမျိုးတွေကျရင် မသိချင်ယောင်ဆောင်ခြင်းနဲ့ အမှန်ကို လက်မခံနိုင်ရဲကြပါဘူး။ အဲဒီ့အခါမှာ ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ အမှားလို့လက်မခံနိုင်တဲ့အတွက်ကြောင့် အမှန်ကိုမမြင်နိုင်တော့သလို၊ အမှန်ပြင်ဖို့လည်း မကြိုးစားတော့ပါဘူး။ အဲဒီ့တော့ မှားလက်စနဲ့ အမှားချည်းသာဆက်ဖြစ်နေတော့တာပါပဲ။ ကိုယ်သာအမှန်လို့ အမြဲတွေးမှတ်ပြီး တရားသေစွဲကိုင်ထားတတ်တဲ့ခေါင်းမာသူတွေက တိုးတက်မယ့်သူတွေထဲမှာ မပါဝင်တတ်ပါဘူး။
အဲဒါကြောင့် ကိုယ့်ရဲ့အမှားတွေကို မြင်လို့ စေတနာနဲ့မှန်ရာကိုထောက်ပြတဲ့သူတွေ့လာတဲ့အခါ ကိုယ့်အတွက် ကံကောင်းခြင်းလို့မှတ်ယူပါ။

အမှားတွေကို လက်ခံပါ၊ ကိုယ့်ကိုကိုယ် အမှန်အတိုင်းမြင်အောင် ကြည့်ပါ။ ပြောချင်တာက ကိုယ့်ကိုကိုယ် အမှားဟာအမှား၊ အမှန်ဟာအမှန်လို့မြင်အောင် အခြားသူတစ်ယောက်ကို ဝေဖန်သလိုမြင်အောင်ကြည့်ဖို့ပြောတာပါ။ ပြီးရင် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ။ တကယ်မှားယွင်းနေတာမျိုးဆိုရင် လက်ခံပြီး ပြုပြင်ဖို့၊ အမှားကနေအမှန်ဖြစ်လာဖို့ ပြောင်းလဲဖို့ကြိုးစားပါ။ အဆိုးတွေကနေ အကောင်းတွေဖြစ်လာဖို့ အဆိုးကိုလက်ခံပြီး အကောင်းကိုဘယ်လိုပြုပြင်ပြောင်းလဲနိုင်မလဲစဉ်းစားပါ။ အမှားတွေကနေ အမှန်ဖြစ်လာဖို့ကြိုးစားနိုင်ဖို့အတွက် အမှန်အတိုင်းလက်ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဘဝမှာလည်း ထိုကဲ့သို့ပါပဲ၊ ကိုယ်တိုင်လက်မခံချင်တဲ့၊ လက်မခံနိုင်တဲ့ဖြစ်ရပ်မျိုး၊ အမှားမျိုးကြုံလာခဲ့ရင်လည်း အမှန်အတိုင်းလက်ခံလိုက်ပါ၊ ထိုအမှားတွေ ဒါမှမဟုတ် အဆိုးတွေထဲကနေ ဘယ်လိုအမှန်မြင်အောင်ကြိုးစားမလဲ၊ ဘယ်လိုမျိုးအကောင်းဘက်က ပြန်ဆောက်တည်မလဲဆိုတာ အမှန်အတိုင်းလက်ခံပြီး ကြိုးစားဖို့ တိုက်တွန်းလိုက်ရပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။