ခွင့်လွှတ်ပေးကြည့်ပါ……တန်ဖိုးမထားတဲ့အခါ စွန့်လွှတ်လိုက်ပါ။

ခွင့်လွှတ်ပေးလို့မရရင် စွန့်လွှတ်လိုက်ပါဆိုတာကို တော်တော်များများပြောတတ်ကြပါတယ်။ လူတိုင်းက ကိုယ်ချစ်တဲ့လူကို စွန့်လွှတ်ဖို့ကတော့ ခက်ခဲတတ်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ ကိုယ်ချစ်တဲ့လူ ဘယ်လောက်ပဲအမှားလုပ်ပါစေ၊ ရင်နာနာနဲ့ ခွင့်လွှတ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် အချို့သောသူတွေကတော့ ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ပါဘူး။ အဲဒီလို ခွင့်လွှတ်ခြင်းနဲ့မတန်တဲ့လူတွေကို စွန့်လွှတ်လိုက်တာအကောင်းဆုံးပါပဲ။ တခါတလေမှာ ကိုယ်က ချစ်ရတဲ့အတွက်ကြောင့်ကိုပဲ စွန့်လွှတ်ဖို့က ကိုယ့်အတွက် အရမ်းခက်ခဲနေတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို စွန့်လွှတ်ဖို့ခက်ခဲတယ်လို့ထင်နေချိန်မှာ ရှေ့ဆက်လာမယ့်ဆိုးကျိုးတွေကို အခါခါ ထည့်တွေးသင့်ပါတယ်။ ဥပမာ။ သင့်ကို မကြာခဏ ငွေကြေးကိစ္စနဲ့လိမ်ညာနေတဲ့လူဟာ သင့်အမျိုး ဒါမှမဟုတ် သင်ချစ်ခင်ရတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သင်က အခါခါ ခွင့်လွှတ်မှာပါပဲ။


သံယောဇဉ်ကြောင့် ဒါမှမဟုတ် အခြားသော အကြောင်းအရာတစ်ခုခုကြောင့် ပြတ်သားစွာ မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ နောက်ဆုံးမှာ ထိခိုက်နာကျင်သူက သင်ပဲဖြစ်မှာပါ။ ငွေကြေးအရ အခါခါလိမ်ညာတတ်သူကို တစ်ခါခွင့်လွှတ်ကြည့်မယ်၊ မပြုပြင်ဘူးဆိုရင် ဒုတိယတစ်ခါ ခွင့်လွှတ်မယ်၊ မရဘူးဆိုရင် တတိယတစ်ခါခွင့်လွှတ်ကြည့်မယ် နောက်ဆုံးမှာတော့ သင့်ကိုပါ ငွေကြေးနဲ့ပတ်သက်ပြီး တစ်ခုခုနာမည်ပျက်စေတာဖြစ်ဖြစ်၊ သင့်ကို နောက်ကျောဓားနဲ့ထိုးသွားတာမျိုးဖြစ်ဖြစ် လုပ်သွားနိုင်ပါတယ်။
အလားတူပါပဲ…..သင့်အပေါ်မှာ သစ္စာဖောက်တဲ့ချစ်သူ၊ အိမ်ထောင်ဖက်ကို သင်အခါခါ ခွင့်လွှတ်မယ်၊ ဒါပေမယ့် သင့်စိတ်ထဲ အမြဲ သံသယနဲ့ပူလောင်နေရမယ်၊ သူဘက်ကလည်း သင်ထင်သလို အရာအားလုံးကို မေ့ပစ်ပြီး အသစ်က ပြန်စချင်စိတ်မရှိဘူးဆိုရင် နောက်ဆုံးအချိန်မှာ အသည်းကွဲရမှာက သင်ပါပဲ။ သင်က သူ့ကို ဆုပ်ကိုင်မိထားတာကိုး။

အိမ်ထောင်ဖက်ဆိုရင်လည်း သင်က သင့်ဘဝရဲ့ ရှေ့ရေး၊ အနာဂတ်အားလုံးကို သူအပေါ်ယုံကြည်လို့ပုံအပ်လိုက်ပြီးမှ သူ့ဘက်ကနေ သင့်အပေါ် စိတ်သဘောထားပြောင်းလဲသွားတာမျိုး၊ ဒါမှမဟုတ် အခြားအသစ်ရှာသွားတာမျိုးတွေကြောင့် သင့်မှာ စိတ်ပိုင်းဆိုင်ရာအရ အများကြီး မျှော်လင့်ချက်မဲ့သွားနိုင်သလို၊ ရုပ်ပိုင်းဆိုင်ရာအရလည်း အများကြီး ထိခိုက်ဆုတ်ယုတ်သွားနိုင်ပါတယ်။
လူတိုင်းကတော့မှားတတ်ကြတာချည်းပါပဲ။ မှားတာခြင်းတူပေမယ့် နောက်ထပ်ဘယ်တော့မှ အလားတူထပ်မမှားတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး ထိုဆုံးဖြတ်ချက်အတိုင်း ပြုပြင်နေထိုင်တတ်သူလည်းရှိပါတယ်။ အဲဒီလိုလူမျိုးအတွက်ကတော့ သူ့ရဲ့တဒင်္ဂအမှားကို ခွင့်လွှတ်ပေးလိုက်ခြင်းဟာ အသစ်ကပြန်စဖို့အတွက် အများကြီးထိရောက်ပါတယ်။ ဒါပေမယ့် အမှားကို “မှားသွားပါတယ်…နောင်မလုပ်တော့ပါဘူး” လို့ ခပ်လွယ်လွယ်ပဲ ကတိပေးပြီး မပြုပြင်တတ်သူအတွက်ကတော့ ခွင့်လွှတ်ခြင်းဟာ မထိုက်တန်ပါဘူး။ အဲဒါအပြင် အဲဒီလို ကိုယ့်ကတိတောင်ကိုယ်တန်ဖိုးထားပြီး မပြုပြင်တတ်သူဟာ သင့်ရဲ့စကားတွေနဲ့ သင့်ရဲ့တန်ဖိုးကိုလည်း တန်ဖိုးထားမှာမဟုတ်ပါဘူး။

လူတစ်ယောက်ကို နောက်တစ်ကြိမ် ယုံကြည်လို့ရမရ သိရဖို့အတွက် အကောင်းဆုံးအချက်ကတော့ အရင်ဆုံး ယုံကြည်ကြည့်လိုက်ဖို့ပါပဲ။
“The best way to find out if you can trust somebody is to trust them.” – Ernest Hemingway ပြောထားတဲ့စကားလိုပေါ့။ လူတစ်ယောက်ကိုယုံကြည်လို့ရမရဆိုတာ အရင်ဆုံးယုံကြည်ကြည့်လိုက်တဲ့အခါမှ သိလာရပါလိမ့်မယ်။ အဲဒီ့အခါမှ ဒီလူကို ဆက်လက်ယုံကြည်မလား၊ မယုံကြည်ဘူးလားဆိုတာကို ဆုံးဖြတ်လို့ရပါပြီ။ ကိုယ့်ယုံကြည်မှုကို တလေးတစားနဲ့ တန်ဖိုးထားတတ်တဲ့သူက ဆက်လက်ယုံကြည်သွားဖို့ အတန်ဆုံးပါပဲ။

အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်ဖြစ်ဖြစ် ကိုယ်သံယောဇဉ်ရှိရတာမှန်ပေမယ့် ကိုယ့်အပေါ်တန်ဖိုးထားတတ်တဲ့သူမှ ကိုယ်ရဲ့တန်ဖိုးကို သိတာပါ။ ကိုယ်ဘယ်လောက်ကောင်းပါစေ….ကိုယ်ရဲ့တန်ဖိုးကို နားမလည်တဲ့သူမျိုးဟာ ကိုယ်ဘယ်လိုမှ အနားခေါ်ထားချင်လို့မရသလို၊ အချိန်တန် မရရတဲ့နည်းလမ်းနဲ့ ကိုယ့်ကို စွန့်ခွာသွားမှာပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်တန်ဖိုးကို သူမသိတဲ့အတွက်ပါ။ အဲဒီ့အတွက် လူတိုင်းကတော့ perfect မဖြစ်နိုင်ပါဘူး။ ခွင့်လွှတ်ပေးကြည့်ပြီး ယုံကြည်ပေးလိုက်ပါ။ ဒါပေမယ့် ခွင့်လွှတ်မှုကို တန်ဖိုးမထားတတ်သူအတွက် နောက်ဆုံးမှာတော့ စွန့်လွှတ်လိုက်တာက ကိုယ့်အတွက် အထိခိုက်အနည်းဆုံးပါပဲလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။