ကျောင်းမှာမိမိကလေး အနိုင်ကျင့်ခံနေရရင် ဘယ်လိုကိုင်တွယ်မလဲ။

၁) စိတ်အေးအေးထားပြီး ကလေးကို မေးမြန်းပါ။ အရင်ဆုံး သင့်စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့လိုပါတယ်။ သင့်ကလေးထိခိုက်နာကျင်လာတာကို သင်က အရမ်းတွေပေါက်ကွဲပြနေရင် ခံနေရတဲ့သင့်ကလေးက ပိုပြီး ကြောက်လန့်စိတ်တွေဖြစ်လာနိုင်ပါတယ်။ သင့်စိတ်တည်ငြိမ်ပြီဆိုရင်တော့ ကလေးကို အေးဆေးစွာမေးမြန်းပါ။ သတိထားရမှာက ကလေးကို မေးမြန်းတဲ့အခါ လုံးဝဒေါသသံမပါပါစေနဲ့။ ကလေးကအနိုင်ကျင့်ခံလာရတဲ့အတွက် အနိုင်ကျင့်သူကိုလည်း ကြောက်လန့်နိုင်နေသလို သင့်ကိုလည်း ကြောက်လန့်နေနိုင်ပါတယ်။ အဲဒါကြောင့် သင်မေးတဲ့အခါ ကြင်နာစွာ သူငယ်ချင်းပုံစံမျိုးမေးတာအကောင်းဆုံးပါ။ အဲဒါမှ ကလေးက သင့်ကို တစ်လုံးမကျန်အမှန်အတိုင်းပြောရဲမှာပါ။ “သား….ဘာဖြစ်လာတာလဲ၊ ဒီလိုဖြစ်လာအောင် ဘယ်သူလုပ်လိုက်လဲ။ ဒါမှမဟုတ် အတူကစားကြရင်းဖြစ်တာလား။ အတူကစားရင်းဖြစ်လာလည်း မေမေ့ကိုပြောပြနော်။ မေမေမဆူဘူး၊ မေမေစောစောသိတော့ သားကို ထိခိုက်ဒဏ်ရာရရင် မေမေစောစောဆေးထည့်ပေးနိုင်တာပေါ့။” ဆိုတာမျိုး သူ့ကိုမဆူကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောပြဖို့လိုကြောင်း ပြောပြီးမှ သိချင်တာ နည်းနည်းချင်းဆက်မေးပါ။ “သား….ဒဏ်ရာက အန္တရာယ်ရှိတဲ့ဒဏ်ရာမျိုးဆို မေမေတို့မသိတော့ ဘယ်သူထိခိုက်မှာလဲသား…..။ သားပဲအရင်ဆုံးခံရမှာနော်။ တစ်ခုခုဖြစ်ရင် မေမေ့ကို ရှင်းပြရင် မေမေနားထောင်မယ်နော်။” ဆိုတာမျိုး ညင်သာစွာမေးခြင်းက ကလေးကသူ့ကိုမဆူမပူဘူးဆိုတာသေချာသွားရင် အကြောက်စိတ်ပြယ်ပြီး ဖြေးဖြေးချင်းပြောပြလာမှာပါ။ ၂) ကြောက်စိတ်မဝင်ရန် အားပေးပါ။ ကျောင်းပို့မယ့်အချိန် ကျောင်းမှာဖြစ်တတ်တာကို ကြိုပြီး နားလည်အောင် ရှင်းပြပေးထားတာ ပိုကောင်းပါတယ်။ အဲဒါက ကျောင်းမှာ လူပေါင်းစုံနဲ့ပေါင်းသင်းရတဲ့အခါ သင့်ကလေးကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အတွေးကို တွေးတတ်စေမှာပါ။ ကျောင်းမှာ လူပေါင်းစုံရှိနိုင်ကြောင်း၊ လူကောင်း၊လူဆိုး၊ လူမိုက်၊ လူလိမ္မာ စသည်ဖြင့် ကြိုမသိနိုင်ကြောင်း။ အကယ် ၍များ အနိုင်ကျင့်တတ်သူမျိုးပါလာခဲ့လျှင်…..လုံးဝကြောက်ဖို့မလိုကြောင်း၊ အနိုင်ကျင့်သူကသာ ကြောက်ရမယ်ဖြစ်ကြောင်း။ အနိုင်ကျင့်ခြင်းက လုံးဝမကောင်းသောအပြုအမူဖြစ်ကြောင်း၊ အနိုင်ကျင့်တတ်သူမှန်းသိလျှင် အပေါင်းအသင်းမလုပ်သင့်ကြောင်း မှာထားသင့်ပါတယ်။ သင့်ကလေးကရှောင်နေရဲ့သားနဲ့ ကြုံလာခဲ့လျှင်လည်း လုံးဝမကြောက်ဘဲ သက်ဆိုင်ရာဆရာမကို သက်သေပြပြီး တိုင်နိုင်ကြောင်း သင်ပေးထားပါ။ ဥပမာ ။ သင့်ကလေးစာအုပ်ကို ခြစ်ပစ်လိုက်တယ်ဆိုလျှင် ခြစ်ပစ်ထားသောစာအုပ်ကို ပြလျက် ဆရာမကို ချက်ချင်းတိုင်ကြားရန် သင်ပေးထားတာမျိုးပါ။ အနိုင်ကျင့်ခံရပြီးပြီးချင်း တိုင်ရန်က အရေးကြီးကြောင်းသေချာ ပြောပြထားပါ။ ချက်ချင်းအနိုင်ကျင့်ပြီး ချက်ချင်းအတိုင်ခံရမှန်း (ချက်ချင်းအပြစ်ပေးခံရမှန်း) သိလျှင် နောင်ဆို အနိုင်ကျင့်မည့်ကလေးမှာ လုပ်ရဲတော့မည်မဟုတ်ပါ။ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခံခဲ့ရလျှင်လည်း လုံးဝကြောက်စရာမလိုဘဲ ဒဏ်ရာကိုပြကာ ချက်ချင်းဆရာမကို တိုင်ရမည်ဖြစ်ကြောင်း သင်ပေးထားပါ။ ကြောက်လန့်ပြီး တိတ်တိတ်လေး နေလိုက်ခြင်းက အနိုင်ကျင့်မည့်ကလေးကို ပိုပြီး အနိုင်ကျင့်လာအောင် တိုက်တွန်းနေသလိုဖြစ်နေကြောင်းလည်း ပြောပြပါ။ တကယ်တမ်း အနိုင်ကျင့်ထားသူကလေးကသာ ကြောက်လန့်နေရမှာဖြစ်ကြောင်း နားလည်အောင်ပြောပြပါ။ ဆရာမက ကူညီပေးမယ့်အကြောင်း၊ မိဘများက ကလေးဘက်မှာ အမြဲရှိကြောင်းပြောပြထားပါ။ ကလေးဖြစ်ပျက်ခဲ့သမျှကိုသာ အကုန်လုံးပြန်ပြောခဲ့လျှင် မိဘများကပါ ဝိုင်းကူဖြေရှင်းပေးနိုင်ကြောင်း ကလေးကိုသိနေအောင် ပြောပြထားပါ။ နောက်ထပ်အရေးကြီးတာတစ်ချက်က အနိုင်ကျင့်ခံရတာ ကောင်းလား….မကောင်းလား သင့်ကလေးကို မေးပါ။ မကောင်းဘူး….ဆိုလျှင် “သားမကြိုက်တဲ့အလုပ်ကို သူများကိုလုပ်တာကော သူများကြိုက်ပါ့မလား….” ဆိုတာကို မေးရင်း ဆုံးမပေးပါ။ ကိုယ်မကြိုက်တဲ့အပြုအမူမျိုးကို သူတစ်ပါးကိုလည်း သင်ပေးထားဖို့လိုပါတယ်။ အဲဒါမှ နောင်အနာဂတ်မှာ အနိုင်ကျင့်တတ်တဲ့ကလေးမျိုးတွေ နည်းပါးလာမှာပါ။ ၃) ပြန်တုံ့ပြန်ရန်မလိုကြောင်း၊ လျစ်လျူရှုသင့်ကြောင်း သင်ပေးထားပါ။ ထိုကဲ့သို့ အနိုင်ကျင့်တတ်သော ကလေးမျိုးကို မပေါင်းသင့်ကြောင်း သင့်ကလေးကို ပြောပြပါ။ လာပတ်သက်လျှင်လည်း ကြောက်စရာလုံးဝမလိုကြောင်း ပြောပြထားပါ။ ကိုယ့်ဘက်ကသာ သူလုပ်ခဲ့သလို ပြန်လုပ်ဖို့ တုံ့ပြန်ရန်မလိုကြောင်း သင်ပေးပါ။ အနိုင်ကျင့်တတ်သောအကျင့်သည် မကောင်းသောအကျင့်ဖြစ်သောကြောင့် သင့်ကလေးကပြန်လုပ်ရန်မသင့်ကြောင်းရှင်းပြပါ။ လူမိုက်နဲ့ပြိုင်ပြီး လူမိုက်မဖြစ်ရန်လိုကြောင်း နားလည်အောင်ရှင်းပြပါ။ အကောင်းဆုံးနည်းလမ်းက တစ်ခန်းတည်းအတူကျောင်းတက်ပေမယ့် လျစ်လျူရှုထားခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ပြောပြထားပါ။ ပတ်သက်လာလျှင်လည်း ကြောက်ဖို့မလိုကြောင်း၊ ရန်ဖက်ဖြစ်ရန်လည်းမလိုကြောင်း၊ နောက်ဆုံး မပေါင်းသင့်လို့ လျစ်လျူရှုထားခြင်းသာဖြစ်ကြောင်း နားလည်အောင်ပြောပြထားပါ။ အထူးသတိထားရမှာက ထိုအနိုင်ကျင့်တတ်သောကလေးကို ပြန်ပြီး တုံ့ပြန်ရန် မသင်ပေးဖို့ ဖြစ်ပါတယ်။ “ ပြန်ချလိုက်ပေါ့……ပြန်ထိုးလိုက်ပေါ့……” လို့ သင်ပေးလိုက်ခြင်းက သင့်ကလေးကို အနိုင်ကျင့်တတ်သူဖြစ်သွားစေတတ်ပါတယ်။ အခြားတစ်ယောက်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ လွယ်ကူသွားစေနိုင်တယ်ဆိုတာ သတိထားပါ။ ၄) သင့်ကလေးရဲ့ ခန္ဓာကိုယ်ခြေလက်တွေ၊ သူ့ရဲ့ မျက်နှာအမူအယာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျောင်းသုံးပစ္စည်းတွေ စသည်တို့ကို အမြဲစစ်ဆေးပေးပါ။ တစ်ခါတစ်လေကျရင် သင့်ကလေးကို အနိုင်ကျင့်တတ်သူကလေးက ခြိမ်းခြောက်ထားတာပဲဖြစ်ဖြစ်၊ သင့်ကလေးကိုယ်တိုင်ကိုက ကြောက်လို့ပဲဖြစ်ဖြစ် သင့်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ သင့်ကလေးရဲ့ စိတ်အခြေအနေကို သိဖို့ကတော့ သူ့ရဲ့ တစ်နေ့တာမှာ တက်ကြွမှုရှိမရှိ၊ အားငယ်နေဟန်ရှိမရှိ၊ ကျောင်းသွားရမှာကို ကြောက်လန့်မှုရှိမရှိ သတိထားကြည့်ခြင်းဖြင့် သိနိင်ပါတယ်။ သူ့ရဲ့ ကျောင်းပစ္စည်းများကို စစ်ဆေးပြီး ခြေရာလက်ရာပျက်နေတာမျိုး တွေ့ရင်လည်း မေးပါ။ သင့်ကလေးရဲ့ မျက်နှာ၊ ခြေလက်၊ ကိုယ်ခန္ဓာမှာ ဒဏ်ရာအနာတရဖြစ်လာတာမျိုးတွေ့ရင်လည်း မေးပါ။ တစ်ခုရှိတာက မေးတဲ့အခါ သင့်ကလေးကို အပြစ်ရှာသလို စစ်ဆေးမေးမြန်းတာမျိုးမဟုတ်ဘဲ စိတ်ပူလို့ ကြင်နာစွာမေးတဲ့ပုံစံမျိုးဖြစ်ပါစေ။ ၅) သင့်ကလေးကျောင်းကပြန်လာလျှင် နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ သင့်ကလေးက ကျောင်းမှာ အနိုင်ကျင်ခံလာရတဲ့အခါ ကျောင်းကအပြန် အိမ်ကို အားကိုးတကြီးရင်ဖွင့်ချင်နေမှာ သေချာပါတယ်။ သင့်ကလေးကျောင်းကအပြန်မှာ နွေးထွေးစွာဆက်ဆံလိုက်ခြင်းက သင့်ကလေးကို ရင်ဖွင့်ချင်လာအောင် အနုနည်းနဲ့တိုက်တွန်းနည်းတစ်မျိုးပါပဲ။ တစ်နေ့တာလုံး ဘာတွေလုပ်ခဲ့ကြောင်း မေးတာမျိုး၊ ဘာတွေထူးခြားတာဖြစ်ပျက်သေးလဲ မေးတာမျိုးက သင့်ကလေးက အရေးအကြောင်းတစ်ခုခုဆို သင့်ကိုသာ ပြောပြချင်အောင် အကျင့်လုပ်ပေးနည်းတစ်မျိုးပါ။ အဲဒါက သင့်ကလေးကို စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်စေနိုင်ပါတယ်။ ၆) သက်ဆိုင်ရာ ဆရာမနဲ့ တွေ့ဆုံပါ။ ဆရာမနဲ့တွေ့ဆုံပြီး အခြေအနေကို ပြောပြဆွေးနွေးပါ။ ချက်ချင်းတိုင်ကြားဖို့ သင့်ကလေးကို မှာကြားထားကြောင်း၊ ထိုအခြေအနေမျိုး ကြုံလာရင် ချက်ချင်းအရေးယူပေးဖို့ အကူအညီပေးပါ ဟုပြောပါ။ အနိုင်ကျင့်ခံရတာများလာလျှင် စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ကြောင်း ပြောပြပါ။ ကလေးရဲ့ တက်ကြွမှုတွေ ပျောက်ဆုံးကုန်ကြောင်း ပြောပြအကူအညီတောင်းပါ။ ၇) အခြေအနေဆိုးဝါးလာရင် အတန်း(သို့) ကျောင်းပြောင်းပါ။ ဒီနည်းလမ်းကတော့ အမြဲမမှန်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အခြားသောနေရာပတ်ဝန်းကျင်မှာလည်း အနိုင်ကျင့်တတ်သူဆိုတာမျိုး ထပ်ကြုံလာနိုင်လို့ပါပဲ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ နောက်ပိုင်းကြုံလာခဲ့သေးရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုသာ သင်ပေးခြင်းက သင့်ကလေးတစ်ဘဝလုံးအတွက် စိတ်ချရနိုင်မှာပါ။ ဒါပေမယ့် လုံးဝကို ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ပိုင်းဆိုင်ရာအရကော ကျောင်းတက်ရတာ မသက်မသာဖြစ်နေရပါတယ်ဆိုရင်တော့ ကျောင်းပြောင်းတာမျိုး၊ အတန်းပြောင်းလိုက်တာမျိုးက အကောင်းဆုံးပါပဲ။ အထက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လက်တွေ့အသုံးပြုပြီး သင့်ကလေးကို သင်ကြားပေးကြည့်ပါနော်။ မိဘတွေ သတိထားသင့်တာက သင့်ကလေးကို အလွယ်ဆုံးနည်းလမ်းနဲ့ “ပြန်သာချလာခဲ့……” ကျောင်းမှာ သူများအနိုင်ကျင့်တာခံပြီး ပြန်လာရင် ကလေးကိုထပ်ရိုက်မယ်လို့ ပြောတတ်တာမျိုးပါ။ အနိုင်ကျင့်တတ်သော အကျင့်ကို မကောင်းသောအကျင့်တစ်ခုလို သူများကိုလည်း အနိုင်မကျင့်တတ်အောင်သင်ပေးပြီး၊ ပြ ဿနာကိုဖြေရှင်းတတ်အောင် သင်ပေးခြင်းကသာ နောင်အနာဂတ်မှာ နောက်ထပ်နောက်ထပ် အနိုင်ကျင့်တတ်သော ကလေးတွေ ထပ်မပေါ်လာနိုင်မှာပဲဖြစ်ပြီး အနိုင်ကျင့်တတ်သော ကလေးတွေထပ်မပေါ်လာခြင်းကလည်း အနိုင်ကျင့်ခံရသော ကလေးတွေလည်း ထပ်မဖြစ်လာနိုင်တော့ပါဘူး။ အားလုံးပဲ အနိုင်ကျင့်ခံရခြင်းမှ ကင်းလွတ်ပါစေ။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။