ကလေးရဲ့ အသက်၅နှစ်မတိုင်မီကာလက ဘာကြောင့်အရေးကြီးတာလဲ။

ကလေးတစ်ယောက်ကို လူကောင်းတစ်ယောက်ဖြစ်လာဖို့၊ ယဉ်ကျေးလိမ္မာဖို့ ပျိုးထောင်တဲ့အခါ ဘာကအရေးကြီးဆုံးလဲဆိုတာ ဆောင်းပါးမှာ မိဘတွေက အရေးအကြီးဆုံးဖြစ်ပါတယ်လို့ ဖော်ပြပေးခဲ့ပါတယ်။ ကလေးတွေက လူ့လောကကို စတင်ပြီး ထိတွေ့တဲ့အချိန်မှာ အရင်ဆုံးထိတွေ့ဆက်ဆံရမှာက မိဘများပဲဖြစ်ပါတယ်။ မိဘများရဲ့အမူအကျင့်က ကလေးငယ်ရဲ့ပထမဆုံးလူမှန်းသိစမှာ မြင်တွေသင်ယူမှာဖြစ်တဲ့အတွက် မိဘများကိုယ်တိုင်က ကောင်းမွန်တဲ့နေထိုင်ပုံ၊ အကျင့်စရိုက်၊ စည်းကမ်း ၊ ပညာရေး၊ ကလေးကို သင်ယူမှု စတဲ့အရာရာက မိဘတွေကိုယ်တိုင် နားလည်ပြီး စီမံရမှာဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပျိုးထောင်ဖို့ မိဘက သိသင့်သိထိုက်တာတွေကိုလည်း ရှာဖွေလေ့လာဖတ်ရှုထားရမှာဖြစ်ပါတယ်။


ငါးနှစ်မတိုင်မီကာလက အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။
အဲလိုဆိုရင် ကလေးတစ်ယောက်ကို အဘက်ဘက်က ပျိုးထောင်တတ်စေဖို့ ဘယ်အချိန်က အရေးကြီးသလဲဆိုရင် ကလေးရဲ့ အစောပိုင်းကာလ ကလေးအသက် ၅နှစ်မတိုင်မီကာလတွေက ကလေးအတွက်အရေးအကြီးဆုံးလို့ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုအရွယ်မှာ ကလေးက သူ့ရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းကို သင့်ထည့်ပေးသလောက် သူသင်ယူနေတာမို့ပါပဲ။ ကလေးရဲ့ အစောပိုင်း ၅နှစ်တာကာလမှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ၉၀ရာခိုင်နှုန်းအထိ ရှိပါတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ အခြေခံဖောင်ဒေးရှင်းကောင်းမှ တိုက်တစ်လုံးက ခိုင်ခန့်သလိုပါပဲ၊ ကလေးတစ်ယောက်အတွက် ထိုအချိန်မှာ သင်ပေးချင်သမျှ အားလုံးကို သင်ပေးဖို့ အခြေခံဖောင်ဒေးရှင်းပါပဲ။ အဲဒါကို မိဘက သိဖို့လိုပါတယ်။ ကလေးကို လိမ္မာတဲ့ကလေးဖြစ်စေမလား၊ ဆိုးသွမ်းတဲ့ကလေးဖြစ်စေမလားဆိုတာ ထိုအချိန်မှာ သွန်သင်ဆုံးမပေးမှုက အများကြီးမူတည်ပါတယ်။ ထိုအချိန်မှာ သွန်သင်မှုကိုမူတည်ပြီး ကလေးက သင်နဲ့အပေးအယူတည့်တဲ့ကလေးဖြစ်မလား၊ သင်နဲ့ဆန့်ကျင်ဘက်အမြဲလုပ်မယ့်ကလေးလားဆိုတာ ဖြစ်လာတာပါ။ ထိုအချိန်မှာ မိဘရဲ့ ပညာဉာဏ်ရင့်သန့်မှုအများကြီးလိုအပ်ပါတယ်။ ¬
အဲဒါကြောင့် ကလေးရဲ့ အစောပိုင်း၅နှစ်တာကာလက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်နေတာကြောင့်လည်း ကလေးကို ဉာဏ်ကောင်းတဲ့ကလေးဖြစ်လာအောင် ပျိုးထောင်ဖို့၊ လိမ္မာတဲ့ကလေးဖြစ်လာအောင် သွန်သင်ဖို့၊ အတွေးအခေါ်ဖွံ့ဖြိုးတဲ့ကလေးဖြစ်လာဖို့၊ လူကောင်းတစ်ယောက်ဖြစ်လာဖို့၊ စာအုပ်စာပေတွေ စိတ်ဝင်စားတတ်တဲ့ကလေးဖြစ်လာဖို့ စသည်ဖြင့် အရမ်းအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာကော အတွက် အရမ်းကို အရေးကြီးတဲ့အချိန်ပါ။
တစ်ချို့မိဘများက စာမဖတ်မှတ်၊ မလေ့လာတဲ့အတွက်ကြောင့် ကလေးရဲ့ အမြင်အာရုံ၊ အကြားအာရုံထက်မြက်အောင် လှုံ့ဆော်ပေးမှုတွေလုပ်ပေးရကောင်းမှန်းမသိပါဘူး။ အဲဒီ့အခါမှာ ကလေးက တတ်သင့်သလောက်မတတ်တာ၊ မသိတာတွေဖြစ်လာတာမျိုးဖြစ်နိုင်ပြီး တစ်ချို့မိဘများကျတော့လည်း လုပ်သင့်တာထက်ပိုလုပ်မိတတ်ပြန်ပါတယ်။ အဲဒါအပြင် အသက်၆လအထိ မိခင်နို့ကလွဲပြီး ဘာမှမတိုက်ကျွေးသင့်ဘူးဆိုတာကို မသိတဲ့အတွက် အသက်သေဆုံးသွားရတဲ့အထိ ဖြစ်ရတဲ့ကလေးတွေလည်း ရှိပါတယ်။
ပျိုးထောင်ပုံအဆင့်ဆင့်သိဖို့လိုပါတယ်။
ဥပမာ၊ ကလေးရဲ့ အသက်အရွယ်အလိုက်ကြီးထွားမှုအဆင့်ဆင့်ကို သိအောင် လေ့လာထားသင့်ပါတယ်။(အထူးသဖြင့် သားဦးကလေးမိဘများ) အဲဒါမှသာ ကိုယ့်ကလေးက စကားပြောရမယ့်အရွယ်မှာ စကားမပြောသေးဘူးဆိုရင် ဘာကြောင့်ဆိုတာသိအောင်၊ ဘာလုပ်သင့်သလဲဆိုတာသိမှာ ဖြစ်ပါတယ်။ ကိုယ့်ကလေး လမ်းလျှောက်တတ်ရမယ့်အရွယ်မှာ လမ်းလျှောက်တတ်ဖို့ ဘယ်လိုလေ့ကျင့်မှုတွေလုပ်ပေးသင့်တယ်ဆိုတာသိအောင်၊ ကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့၊ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးပုံအဆင့်ဆင့်ကိုသိတဲ့အခါ ဘယ်အချိန်မှာ ကလေးကို ပိုပြီးဉာဏ်ထက်အောင် ဘယ်လိုကစားနည်းမျိုး၊ လေ့ကျင့်မှုမျိုးလုပ်ရမလဲဆိုတာ သိမှာပါ။ ကလေးတစ်ယောက်အတွက် ကိုယ်ပြုစုပျိုးထောင်ဖို့ ၊ ကလေးကို အဘက်ဘက်က အကောင်းဆုံးလူသားတစ်ယောက်ဖြစ်လာဖို့ မိဘကသာ ပုံသွင်းနိုင်တာပါ။ ကလေးကို ပုံတိုပတ်စလေးတွေနဲ့ လူမိုက်ကဘယ်လိုအဆုံးသတ်တယ်၊ လူကောင်းကဘယ်လိုဖြစ်တယ်ဆိုတာ ဥပမာပေးပြောတတ်ဖို့ မိဘကိုယ်တိုင်က ပုံပြင်တွေ၊ သက်သေသာဓကတွေ ရှာဖွေဖတ်ရှုထားရမှာပဲဖြစ်ပါတယ်။ အဲဒါမှ ကလေးရဲ့ ကြီးထွားမယ့်အရွယ်မှာ ကျွေးသင့်တဲ့ဆောင်ရန် ၊ ရှောင်ရန်တွေ၊ သိပြီး ကျွေးမွေးနိုင်မှာဖြစ်သလို၊ ကလေးကို ပုံပြင်လေးတွေ ပြောသင့်တဲ့အရွယ်မှာ ပုံပြင်လေးတွေနဲ့ဆုံးမနိုင်မှာဖြစ်ပါတယ်နော်။
တကယ်တော့ နို့စို့အရွယ်ကလေးငယ်ကို အကြားအမြင်ဆိုင်ရာ အာရုံသိမှု၊ အသိဉာဏ်တွေ ထက်မြက်ဖွံ့ဖြိုးလာအောင် ပတ်ဝန်းကျင်လှုံ့ဆော်မှုအတိုင်းအတာတစ်ခုလောက်အထိ လိုအပ်ပြီဖြစ်ပါတယ်။
မွေးစကလေးငယ်ကို စကားပြောတတ်စေဖို့ဆိုတာက ကလေးစကားပြောလာတာကိုပဲ ထိုင်စောင့်နေလို့မဖြစ်ပါဘူး။ ကလေးက သူ့ပတ်ဝန်းကျင်က မိဘများရဲ့ပြောစကားကို နားရည်ဝလာပြီး စကားလိုက်ပြောဖို့ကြိုးစားမှာမို့ မွေးစကလေးငယ်ကို စကားပြောပေးဖို့ အရေးကြီးပါတယ်။
မွေးစကနေ တစ်လသားကလေးကို မိခင်မျက်နှာနဲ့ကလေးမျက်နှာကို နီးကပ်အောင် ကြည့်ပေးသင့်ပါတယ်။ ကလေးအိပ်ရာအထက် ၈လက်မနဲ့၁၀လက်မအကွာမှာ အရောင်တောက်ပတဲ့ပူဖောင်းဖြစ်ဖြစ်၊ အရုပ်ပျော့လေးဖြစ်ဖြစ်ချိတ်ဆွဲထားနိုင်ပါပြီ။ သုံးလအရွယ်မှာတော့ ကလေးက ထိုအရောင်ကို ခံစားမှတ်မိနိုင်လာသလို၊ မတူတဲ့နေရာပတ်ဝန်းကျင်ကိုရောက်ရင်လည်း သိနိုင်လာပါပြီ။ ခြောက်လခန့်မှာတော့ ကလေးလက်နဲ့ဆွဲယူဆုပ်ကိုင်နိုင်တဲ့ကစားစရာလေးတွေ ပေးကိုင်လို့ရပါပြီ။ ကိုးလအထိမှာတော့ ကလေးကို ကိုင်ကြည့်ပြီး အသံထွက်သော၊ ရွေ့လျားနိုင်သောကစားစရာလေးတွေနဲ့ဆော့နိုင်ပါပြီ။ တူတူရေဝါးကစားနည်းမျိုးကစားတတ်လာပါပြီ။ စာရွက်ကလေးတွေကို ဆုတ်ဖြဲတတ်လာပြီဖြစ်ပါတယ်။ ကိုးလကနေ တစ်နှစ်သားအရွယ်မှာတော့ စာအုပ်ထဲက ရုပ်ပုံတွေ၊ အရောင်တွေကို ပြပေးဖို့လိုလာပါပြီ။ ခြောက်လလောက်ကတည်းက ပုံပြင်လေးတွေကို အသံအနိမ့်အမြင့်လုပ်ပြီးပြောတာမျိုး၊ မျက်နှာအမူအယာလုပ်ပြပြီး ပြောပြတာမျိုးတွေလုပ်ပေးလို့ရပါပြီ။ ကလေးက သင်ပြောသမျှ အလုံးစုံကိုနားမလည်သေးပေမယ့် သင့်ပြောတဲ့စကားတွေကို စတင်သင်ယူနိုင်ပါပြီ။ ခုနောက်ပိုင်းပညာရှင်တွေလေ့လာချက်အရဆိုရင် ကလေးက အသက်၅နှစ်မတိုင်မီကာလမှာ လေ့လာသင်ယူမှုအားအကောင်းဆုံးမို့ ထိုအချိန်က ကလေးကို လိမ္မာအောင်သွန်သင်ဖို့၊ ဉာဏ်ကောင်းထက်မြက်ဖို့၊ တီထွင်ဖန်တီးတတ်စေဖို့၊ တွေးခေါ်တတ်စေဖို့အတွက် သင်ပေးဖို့အကောင်းဆုံးအချိန်ပါပဲ။ (ကိုယ်တိုင်ကဆရာဝန်မဟုတ်ပေမယ့် ကလေးပြုစုပျိုးထောင်ရေးစာအုပ်တွေ ဖတ်မှတ်လို့ရပါတယ်။)
မိဘရဲ့ ချစ်ခြင်းမေတ္တာကလည်း အရေးကြီးပါတယ်။
အက်မင်တို့ပတ်ဝန်းကျင်မှာ ကိုယ်တိုင်မြင်ဖူးတာတွေရှိကြမှာပါ၊ အမှတ်တမဲ့ဖြစ်နေတတ်တာလေးတွေပါ၊ သားသမီးကို အမြဲတစေ အကျိုးအကြောင်းမရှင်းပြဘဲ စိတ်မရှည်ဘဲ ဒေါသတကြီးအော်ဟစ်ပြောဆို ဆက်ဆံတတ်တဲ့မိဘတွေရဲ့ သားသမီးလေးတွေဟာလည်း မိဘကိုပြန်တုံ့ပြန်တဲ့အခါ အော်ဟစ်တုံ့ပြန်တာမျိုးကိုတွေ့ရမှာပါ။ အမြဲတစေ တခုခုလုပ်မိတိုင်းလည်း အော်ဟစ်ခံရတဲ့အတွက် ကလေးတွေက သူတို့ကိုသူတို့လည်း တန်ဖိုးထားခံရတယ်လို့ မခံစားရတော့ဘဲ စိတ်အားဖြင့် အမြဲ အလိုမကျတတ်သူတွေဖြစ်နေတတ်ပြီး ရွယ်တူချင်းကိုလည်း ပြန်လည်အော်ဟစ်အနိုင်ကျင့်တတ်သူတွေ ဖြစ်လာပါတယ်။ ကျေးဇူးတင်ပါတယ်လို့ မပြောတတ်တဲ့မိဘရဲ့သားသမီးတွေဟာလည်း လူမှုပတ်ဝန်းကျင်မှာ ကျေးဇူးတင်ပါတယ်လို့ ပြောရကောင်းမှန်းမသိတတ်ပါဘူး။ သားသမီးကို “ငါမွေးထားတာမို့…လေးစားစွာဆက်ဆံစရာမလိုဘူး” လို့လက်ကိုင်ထားတဲ့မိဘက မွေးလာတဲ့သားသမီးဟာလည်း မိဘကိုလေးစားရကောင်းမှန်းမသိတော့သလို၊ ပတ်ဝန်းကျင်ကိုလည်း လေးစားရကောင်းမှန်းမသိတဲ့ကလေးတွေဖြစ်လာပါတယ်။
ငယ်စဉ်မှာ မိဘရဲ့ချစ်ခြင်းမေတ္တာနဲ့ အလေးထားပြုစုပျိုးထောင်မှုရရှိခဲ့တဲ့ကလေးဟာ အနာဂတ်မှာလည်း သားသမီးကောင်းရတနာဖြစ်ဖို့ အလားအလာများပါတယ်။ သူများတွေထက်လည်း ပိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိပြီး၊ ပိုပြီးထက်မြက်နိုင်တယ်။ စဉ်းစားဆင်ခြင်ဉာဏ်လည်း ရင့်သန်နိုင်ပါတယ်။ အဲဒါကြောင့် ငယ်စဉ်ကသေချာပြုစုပျိုးထောင်ထားတဲ့ကလေးတစ်ယောက်က အချိန်တန်အရွယ်ရောက်လာလို့ သူငယ်ချင်းအပေါင်းအသင်းဆိုးမျိုးနဲ့ကြုံလာခဲ့ရင်တောင် သူ့ဆင်ခြင်ဉာဏ်နဲ့သူ ရှောင်သင့်တာရှောင်တတ်လာမှာပါ။ မိဘက အမြဲတစေလိုက်လံကြည့်ရှုပေးဖို့ မဖြစ်နိုင်တော့တဲ့အချိန်ကျရင် သူ့အသိဉာဏ်လေးနဲ့သူ အမှားအမှန်ခွဲခြားနိုင်ပြီး လောကထဲ တစ်ယောက်တည်းလျှောက်လှမ်းရမယ့်အခါ မိဘများစိတ်အေးနိုင်တာပေါ့။
အဲဒါကြောင့် ကလေးတစ်ယောက်အတွက် ကလေးဉာဏ်ရည်ကောင်းဖို့၊ ကျန်းမာသန်စွမ်းဖို့၊ စဉ်းစားတွေးခေါ်တတ်စေဖို့၊ လိမ္မာယဉ်ကျေးသောကလေးဖြစ်လာဖို့၊ တိုင်းပြည်အတွက် အနာဂတ်ကောင်းဖြစ်လာစေဖို့ သူ့ဘဝရဲ့အစ မွေးစကနေ အသက်၅နှစ်ကာလများက အရေးကြီးဆုံးဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။
မေမေဖေဖေများလည်း ဒီထက်ပိုပြီးတိကျတဲ့လေ့လာချက်တွေကို ရှာဖွေဖတ်ရှုပြီး ကိုယ့်ရဲ့သားသမီးရတနာလေးများအတွက် ဘယ်အသက်အရွယ်မှာ ဘယ်လိုပုံစံထိန်းကျောင်းပေးနိုင်မလဲဆိုတာမျိုးကို ရှာဖွေဖတ်ရှုကြပါ။ ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကလည်း အရေးကြီးသလို၊ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကလည်း ကလေးရဲ့နောင်တစ်ချိန် ကိုယ့်ကျင့်တရားအထိသက်ရောက်နိုင်လို့ အရေးကြီးပါတယ်လို့တိုက်တွန်းလိုက်ရပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။