ကွာရှင်းပြီးရင် ကိုယ့်သားသမီးလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ။

အချိန်တစ်ခုအထိ လက်တွဲလာခဲ့တဲ့အိမ်ထောင်ရေးမှာ သံယောဇဉ်အနည်းအများတော့ရှိကြမှာပါပဲ။ လုံးဝညှိုနှိုင်းမရတော့လို့ ကွာရှင်းကြတဲ့အခါ လူကြီးတွေထက် ပိုပြီး ခံစားရမှာ ကလေးတွေပါ။ လူကြီးတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ ဖြေသိမ့်နိုင်သလို ကိုယ့်ကိုကိုယ်ဆောက်တည်နိုင်ပေမယ့် ကလေးတွေကတော့ ရုတ်တရက်ကြီး အဖေ၊အမေနဲ့အတူနေထိုင်တဲ့အိမ်မှာ အဖေဒါမှမဟုတ် အမေမရှိတော့တာမျိုးက သူတို့အတွက် နာကျင်မှုအကြီးကြီးဖြစ်စေပါတယ်။ အဲဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါ ကိုယ့်သားသမီးလေးတွေ ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတဲ့အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။ ၁) စိတ်ပိုင်းဆိုင်ရာအရ အားငယ်မှုမရှိအောင် အားပေးပါ၊ နှစ်သိမ့်ပေးပါ။ ကလေးတွေရဲ့အပေါင်းအသင်း၊ ပတ်ဝန်းကျင်မှာများ “အဖေနဲ့အမေက ကွာရှင်းပြီးပြီ…” ဆိုတဲ့စကားမျိုးကို သူတို့ သွေးအေးအေးပြောပြနိုင်မယ်ထင်ပါသလား။ လုံးဝပါပဲ။ သူတို့အတွက်က စိတ်ပိုင်းဆိုင်ရာ အကြီးမားဆုံးထိခိုက်မှုက အဖေ ဒါမှမဟုတ် အမေက သူတို့ကို ထားခဲ့ခြင်းပါပဲ။ အဲဒါကို အဓိကနားလည်ဖို့လိုပါတယ်။ အဲဒါကြောင့် သိမ်ငယ်သလိုခံစားနေရမယ့် သူတို့ကို နွေးထွေးစွာဆက်ဆံခြင်း၊ သူတို့ရင်ဖွင့်ချင်လာအောင် ဖက်လှဲတကင်းအလိုက်သတိဆက်ဆံပေးခြင်းတွေက သူတို့အတွက် ခံစားရအနည်းငယ်သက်သာစေမှာပါ။ အဖေနဲ့အမေက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့သာ ကွဲကွာရခြင်းဖြစ်ပြီး သားသမီးတွေအတွက်ကတော့ အဖေနဲ့အမေကို အချိန်မရွေး သတိရတိုင်း တွေ့နိုင်ကြောင်း၊ ပြောပြလို့ရကြောင်း အားပေးနှစ်သိမ့်ပေးပါ။ ၂) ရှင်းပြပေးပါ။ လူတိုင်းမှာ ကိုယ့်အမှန်တရားနဲ့ကိုယ်ရှိကြောင်း၊ ကိုယ်တိုင်ညှိုယူနိုင်မယ်ထင်မှသာ အိမ်ထောင်ပြုသင့်ကြောင်း ပြောပြဆွေးနွေးပါ။ ဒါက အရမ်းဆိုးဝါးပြီး ကလေးတွေအတွက် ဒုက္ခိတဖြစ်စေတာမျိုး မဟုတ်ကြောင်း၊ လူတောမတိုးနိုင်တော့သောဖြစ်ရပ်မဟုတ်ကြောင်း၊ ဒီထဲကနေမှ အချိန်တန်အရွယ်ရောက်လျှင် အိမ်ထောင်ပြုချိန်မှာ ကိုယ်နဲ့အဆင်ပြေမယ်၊ အပြန်အလှန်နားလည်ပေးနိုင်မယ့်သူမျိုးကိုသာ ရွေးချယ်သင့်ကြောင်းဆိုတဲ့ သင်ခန်းစာတောင်ရနိုင်သေးကြောင်းပြောပြပေးပါ။ ကိုယ့်အတွက် လုံးဝအဆင်မပြေသောအခြေအနေမျိုးမို့သာ လမ်းခွဲရခြင်းဖြစ်ပြီး ကလေးများကိုထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိကြောင်း သေချာလေးရှင်းပြပေးပါ။ ၃) အရင်ကထက် ပိုပြီးအချိန်ပေးပါ။ သူတို့အတွက် အိမ်ဆိုတာ အမြဲခြောက်ကပ်ပြီး ကြောက်လန့်စရာနေရာမျိုးဖြစ်မနေပါစေနဲ့။ သူတို့ကိုအရင်ကထက် အချိန်ပိုပေးပါ။ သူတို့နဲ့အတူ ဈေးဝယ်ထွက်တာမျိုး၊ သူတို့နဲ့အတူဆော့ကစားတာမျိုး၊ ပန်းခြံကစားကွင်းသွားတာမျိုးလုပ်ပြီး အရင်ကထက်ပိုပြီးပျော်စရာကောင်းတဲ့အခြေအနေမျိုးဖန်တီးပေးပါ။ အဲဒါမှ သူတို့ဝေဒနာအနည်းငယ်သက်သာသလို အိမ်ကိုလည်း ကြောက်စရာနေရာလို့သဘောမထားဘဲနေမှာပါ။ အဲဒါမှ တခြားလမ်းမှားပေါ်မရောက်သွားစေတော့ပါဘူး။ ၄) သူတို့ရဲ့နေ့စဉ်ဘဝကို ကိုယ်သိပါစေ။ ကျောင်းချိန်ပြန်တာဘယ်အချိန်၊ ကျူရှင်ဘယ်အချိန်ရှိမရှိ၊ သားသမီးသွားတတ်သော ပေါင်းတတ်သောသူငယ်ချင်းက ဘယ်သူ စသည်ဖြင့် အကြမ်းဖျင်းသိထားတာက သင့်သားသမီးရဲ့ အခြေအနေမှန်ကို သင်မှန်းဆနိုင်ပါတယ်။ သူတို့လေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက ဘယ်လိုရှိမှန်းသင်အတိအကျမသိနိုင်တဲ့အတွက် သူတို့တွေ အိမ်အပြင်မှာ ဘာတွေဖြစ်နိုင်လဲ၊ ဘာတွေလုပ်နိုင်လဲဆိုတာ သင်အတိအကျမသိနိုင်ပါဘူး။ အဲဒါကြောင့် သူတို့လေးတွေရဲ့အခြေအနေအကြမ်းဖျင်းသိအောင် လေ့လာထားသင့်ပါတယ်။ အခုလိုအချိန်မှာ သူတို့စိတ်ထိခိုက်ပြီး စိတ်ထင်ရာလုပ်မိတာမျိုး မဖြစ်ရအောင်ပါ။ ၅) စာဖတ်ဖို့ တိုက်တွန်းပါ။ စိတ်နှလုံးတက်ကြွစေမယ့် ၊ ခွန်အားဖြစ်စေမယ့် စာမျိုးတွေကို ဖတ်ခိုင်းသင့်ပါတယ်။ စာဖတ်ချိန်မှာ စာအုပ်ထဲက အကြောင်းအရာကိုသာ အာရုံစိုက်နေမိတဲ့အတွက် အခြားစိတ်ဖိစီးမှုတွေကို ပြန်တွေးဖို့ အချိန်မရတော့ပါဘူး။ စိတ်လည်းတည်ငြိမ်စေပါတယ်။ ပြီးတော့ စိတ်ဓာတ်လည်း ပြန်လည်တက်ကြွစေနိုင်ပါတယ်။ အထူးသဖြင့် မိဘမဲ့ဘဝကနေ မိဘအကူအညီမပါဘဲ အောင်မြင်သွားတဲ့ကလေးမျိုးအကြောင်းတွေ၊ မိဘတွေ အိမ်ထောင်ကွဲခဲ့ရာကနေ ဘဝကိုကြိုးစားတဲ့ကလေးမျိုးတွေ၊ မသန်စွမ်းတဲ့ကလေးမျိုးတွေက ဘဝမှာအောင်မြင်လာတာမျိုးတွေပေါ့။ ပြီးတော့ ဘဝမှာ ဘယ်လောက်ပဲအဆိုးတွေကြုံရပါစေ အကောင်းမြင်တတ်အောင် ကြိုးစားခဲ့တဲ့ကလေးမျိုးတွေ စသည်ဖြင့်ပေါ့။ ကိုယ်က နှုတ်နဲ့ပဲ စာဖတ်ကြည့်ပါလားလို့ တိုက်တွန်းတာထက် ဘယ်စာအုပ်လေးအကြောင်း ပြောပြချင်လို့ သေချာနားထောင်ပေးရင် လိုချင်တာတစ်ခုခုပေးမယ်ဆိုတာမျိုးနဲ့ ဆွဲဆောင်ကြည့်ပါ။ စာလုံးဝဖတ်စမရှိသေးတဲ့ကလေးမျိုးဆိုရင်တော့ ကိုယ်က အဓိကပေးချင်တဲ့ မက်ဆေ့ကို ထုတ်နုတ်ပြောပြပေးပါ။ စာဖတ်ကျင့်ရှိနေတဲ့ကလေးတစ်ယောက်ဆိုရင်တော့ ပြောပြတဲ့ဇာတ်ကြောင်းထဲက ပေးချင်တဲ့မက်ဆေ့က ဘာလဲ….ဆိုတာမျိုး သူတို့ကို စဉ်းစားခိုင်းပါ။ အဲဒါဆို သူတို့မှာ စိတ်ပျံ့လွင့်ဖို့ အချိန်မရှိတော့ပါဘူး။ ၆) သူတို့အပြစ်မဟုတ်ကြောင်း သိပါစေ။ မိဘများစိတ်သဘောထားမတိုက်ဆိုင်ဘဲ ကွဲကွာခြင်းက ကလေးတွေအပြစ်မဟုတ်သလို ကလေးတွေရဲ့ဘဝမှာ အောင်မြင်မှုကို ကြိုးစားရယူဖို့ ထိုက်တန်ကြောင်း။ စိတ်ဓာတ်ကျနေတာက ကိုယ့်ကိုကိုယ်သတ်နေတာဖြစ်ကြောင်း စသည်ဖြင့်ရှင်းပြပြောပြပေးပါ။ လူတိုင်းက မိမိစိတ်ကြိုက်ဘဝကို ခြယ်လှယ်ပိုင်ခွင့်ရှိကြောင်း၊ မိဘများကြောင့် ခံစားရတာကို စိတ်မကောင်းကြောင်း၊ သင့်ကလေးရဲ့ဘဝကို ဒီထက်အောင်မြင်အောင်ကြိုးစားနိုင်သေးကြောင်း ပြောပြပါ။ ၇) နာကျင်မှုကို ခွန်အားအဖြစ်ပြောင်းဖို့ သတိပေးပါ။ ကလေးတွေရဲ့တစ်ချို့ပတ်ဝန်းကျင်မှာ “နင့်အဖေက နင်တို့ကို ထားသွားပြီ……” ဆိုတာမျိုး၊ “နင့်အမေကပြန်မလာတော့ဘူးမလား…..” ဆိုတာမျိုးနဲ့ စနောက်သလို၊ လှောင်ပြောင်သလို လုပ်တတ်တဲ့ လူအမျိုးအစားတစ်မျိုးရှိပါတယ်။ အရမ်းကို အဆင့်အတန်းနိမ့်ကျတဲ့သူမျိုးပါ။ ထိုကဲ့သို့များ သင့်ကလေးတွေအပြောခံခဲ့ရသည်ရှိသော် ဝမ်းနည်းစရာလုံးဝမလိုကြောင်း အားပေးပါ။ အချိန်မရွေး မိမိကိုရင်ဖွင့်နိုင်ကြောင်း ပြောပြပါ။ ထိုကဲ့သို့ ပြောဆိုတတ်သူမျိုးက သင့်ကလေးနဲ့အတန်းတူသူဖြစ်ခဲ့ရင် ထိုသူပေးတဲ့နာကျင်မှုကို ခွန်အားအဖြစ်ပြောင်းလဲနိုင်ကြောင်းရှင်းပြပါ။ အတန်းထဲမှာ အတော်ဆုံးဖြစ်အောင်ကြိုးစားတာမျိုး၊ အားကစားမှာအတော်ဆုံးဖြစ်အောင် ကြိုးစားတာမျိုးက သူတို့ကို အံ့အားသင့်စေနိုင်ကြောင်း ပြောပြပါ။ တိုက်တွန်းပါ။ အထက်ပါအချက်များက ကလေးတွေကို ပြုစုပေးဖို့ အကြမ်းဖျင်းအခြေခံခိုင်မာဖို့လိုအပ်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ချင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ အရွယ်အလိုက်သဘာဝပေါ်မူတည်ပြီး သူတို့လေးတွေကို ပြုစုပျိုးထောင်ပုံက အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အခြေခံအချက်လေးတွေ ခိုင်မာနေတဲ့ကလေးဖြစ်လာအောင် ကြိုးစားကြည့်ခြင်းက ရုတ်တရက်မိသားစုပြိုကွဲခြင်းဒဏ်ကိုခံနိုင်ရည်ရှိတဲ့ကလေးတွေမဟုတ်တောင် သူတို့အတွက် အနည်းငယ်ကုစားပေးနိုင်မယ်ထင်ပါတယ်။ အားလုံးပဲပျော်ရွှင်သောမိသားစုဖြစ်နိုင်ကြပါစေ။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။