ကလေးရဲ့စိတ်လုံခြုံမှုထိခိုက်စေသော အဖေတစ်ယောက်ရဲ့အပြုအမူများ
ကလေးတစ်ယောက်အတွက်စိတ်လုံခြုံမှုရှိခြင်းဆိုတာက ကလေးရဲ့စိတ်ထဲမှာ သူ့အတွက် အမြဲ တစ်စုံတစ်ယောက်က ကာကွယ်ပေးနေမယ်၊ သူ့ကို ဘယ်သူကမှ အနိုင်မကျင့်နိုင်ဘူး။ သူ့ကိုယ့်သူ ယုံကြည်မှုတိုးစေတဲ့စိတ်ခံစားချက်၊ သူ့ကို လူတိုင်းကချစ်ခင်ကြမှာပဲဆိုတဲ့စိတ်ခံစားချက်၊ သူ့အတွက် သူ့အသိဥာဏ်သေးသေးလေးမှာ ကမ္ဘာလောကကြီးဟာ ကောင်းမွန်တဲ့ပျာ်ရွှင်စရာတွေနဲ့ စူးစမ်းချင်စရာတွေချည်းပြည့်နှက်နေတယ်ဆိုတဲ့စိတ်ခံစားချက်တွေရှိပြီး အဲဒီလို ချစ်ခင်သူတွေက နွေးထွေးစွာ ကြိုဆိုခြင်းခံရတာကို ခံစားမိတဲ့ကလေးဟာ သူ့ကိုယ်သူ စိတ်လုံခြုံမှုရှိစေပြီး တက်ကြွရွှင်လန်းနေတတ်ပါတယ်။
၁) ကလေးရဲ့အပြုအမူနဲ့ပတ်သက်ပြီး အလွန်ကျူးပြုမူခြင်း
ကလေးဆိုတာမျိုးက စူးစမ်းလေ့လာပြီးမှ သူတို့သိလာတဲ့အရာကို ပိုပြီး နားလည်မှတ်မိလွယ်ပါတယ်။ အဲဒါအပြင် မိဘက ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို ကြိုတင်ပြီး အကျိုးအကြောင်းပြောပြဆွေးနွေးတာမျိုးလည်းလုပ်လို့ရသလို၊ အန္တရာယ်အများကြီးမရှိနိုင်ဘူးဆိုရင် သူတို့ကိုယ်တိုင် လုပ်ခွင့်ပြုသင့်ပါတယ်။ ဖြစ်လာမှသာ “ဒါက မေမေပြောထားသလိုပါလား...” ဆိုတဲ့အတွေးအခေါ်မျိုးဖြစ်လာစေတာပါ။ အဲဒီ့ကနေမှတဆင့် “ ငါ့အမေပြောရင်မှန်တယ်...နားထောင်ရမယ်” ဆိုတဲ့အဆင့်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တချို့မိဘတွေကတော့ အဲဒီ့အချက်ကို သဘောမပေါက်ပါဘူး။ ကလေးက ဘာလေးပဲလုပ်လုပ် စိုးရိမ်တကြီးနဲ့ ကလေးကို လန့်အောင်လုပ်ပြီး အော်ဟစ်တားမြစ်လိုကတာမျိုး လုပ်တတ်ပါတယ်။ ဘာကြောင့် မလုပ်ရတာလဲ.....ဆိုတဲ့ အကျိုးအကြောင်းကိုလည်း မသိဘဲ ကလေးဟာ သူစူးစမ်းချင်တာကို အတင်းတားဆီးခံလိုက်ရတဲ့အတွက် ကလေးစိတ်ထဲမှာ တခုခုလုပ်ချင်ရင်တောင် ငါ့အဖေအော်မှာလား၊ ငါ့အဖေ ရိုက်မှာလား၊ ငါ့အဖေ ဘာလုပ်လိုက်မလဲ.....ဆိုတဲ့ ကြောက်လန့်မှုက ပိုများလာပါတယ်။ အဲဒါသည် ကလေးရဲ့စိတ်မလုံခြုံမှုပါပဲ။ အဲဒီလို စိတ်မျိုးဖြစ်သွားရင် ကလေးဟာ ဘာကိုမှ လေ့လာစူးစမ်းနိုင်မှာမဟုတ်တော့ပါဘူး။ အဲဒါအပြင် မလုပ်နဲ့ဆိုမှ ပိုလုပ်တတ်တဲ့ ပြောမရဆိုမရကလေးတွေဖြစ်လာနိုင်ပါသေးတယ်။ အဲဒီ့အခါကျမှ ကိုယ်စိုးရိမ်တဲ့ဆိုးကျိုးတွေတသီကြီး ခံရပါလိမ့်မယ်။ အဲဒါကြောင့် overreacting အလွန်အမင်း ကလေးကို တားမြစ်ပိတ်ပိတ်ခြင်း၊ အလွန်အမင်းအပြုအမူမျိုး မလုပ်မိသင့်ပါဘူး။
၂) စကားနဲ့အပြုအမူ ကိုက်ညီမှုမရှိခြင်း
နောက်တစ်ခုကတော့ အပြောနဲ့အလုပ်မညီတတ်ခြင်းပါပဲ။ ဥပမာ။ မင်းဒီနေ့ ဂိမ်းလုံးဝမဆော့ရဘူး၊ လို့ကလေးကို တားမြစ်ထားပေမယ့် အဖေလုပ်သူကိုယ်တိုင် ဂိမ်းကိုဆော့ပြနေတာမျိုး၊ သားအတွက် စက်ရုပ်ကြီးဝယ်လာခဲ့မယ်...လို့ပြောပြီးအပြင်ထွက်သွားတယ်၊ ဒါပေမယ့် ပြန်လာတော့ စက်ရုပ်ကြီးလည်းပါမလာဘူး။ စတဲ့ အပြုအမူမျိုးဟာ ကလေးက သင့်ကိုအယုံအကြည်မဲ့စေပါတယ်။ အဲဒီလိုအယုံအကြည်မဲ့လာတဲ့အခါ ကလေးက သင့်ကို မလေးစားတဲ့အပြင် သင်တခုခုပြောရင်တောင် ကိစ္စမရှိပါဘူး၊ အချိန်တန်ရင် အဖေက သူလုပ်ချင်ရာလုပ်မှာပဲဆိုတဲ့အတွေးမျိုးက “ အဖေက ငါ့ကိုချစ်တယ်ပြောတာပဲ။ တကယ်လည်း မဟုတ်ပါဘူး” ဆိုတဲ့ စိတ်မလုံခြုံမှုကိုဖြစ်စေနိုင်ပါတယ်။ စိတ်လုံခြုံမှုဟာ သေချာလေးနက်စွာယုံကြည်အလေးထားခြင်းကနေလည်း ဖြစ်လာနိုင်တယ်ဆိုတာ အဖေလုပ်သူတွေမေ့ထားလို့မဖြစ်ပါဘူး။
၃) အမေဖြစ်သူနဲ့စကားအခြေအတင်များခြင်း၊ ရန်ဖြစ်ရိုက်ပုတ်ခြင်း
အဖေနဲ့အမေအမြဲတစေ ရန်ဖြစ်နေတတ်တဲ့အပြုအမူကို မြင်တွေ့နေကျ ကလေးတွေဟာလည်း အဖေ ဒါမှမဟုတ် အမေက အော်ဟစ်ဆူငေါက်လိုက်ရုံနဲ့ ငါ့ကိုများ ရန်လုပ်တော့မလား.....ဆိုတဲ့ အတွေးမျိုးနဲ့ အမြဲတစေ ရင်ထိတ်နေရတတ်ပါတယ်။ အဲဒါသည် စိတ်မလုံခြုံခြင်းတစ်မျိုးပါပဲ။ အဲဒီ့ကနေမှတဆင့် ကလေးဟာ အမြဲတစေ ထိတ်လန့်ကြောက်ရွံနေပြီး တက်ကြွရွှင်လန်းခြင်းမရှိတော့ဘဲ ကလေးသဘာဝ ပျောက်ဆုံးနေတတ်ပါတယ်။
၄) တက်ကြွစွာအားပေးမှုမရှိခြင်း
ကလေးက တစ်ခုခုကို သူ့ပင်ကိုယ်အသိဥာဏ်နဲ့ဖန်တီးလိုက်တယ်ဆိုပါတော့။ ဥပမာ မိသားစုပန်းချီကားလေးတစ်ချပ် ဗလာစာအုပ်မှာဆွဲလိုက်တယ်။ ဆိုရင် မိဘလုပ်သူတွေက ကလေးရဲံ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုတာမျိုးပါ။ ကလေးရဲ့ ကြိုးစားအားထုတ်မှုဟာ လိုအပ်ချက်တွေရှိကောင်းရှိမယ်၊ ပြီးပြည်စုံချင်မှ ပြည်စုံမှာဖြစ်ပေမယ့်၊ အားနည်းချက်တွေကို နောက်ပို့ထားပြီး ကလေးရဲံ့ကြိုးစားမှုကို အားတက်သရောထောက်ခံဖို့ လိုအပ်ပါတယ်။ “ ဟယ်.....သားဆွဲထားတာလှလိုက်တာ၊ နောက်လည်း ပိုလှအောင်ဆွဲနော်” “ သမီးလေးဖန်တီးထားတာ မိုက်လိုက်တာ၊ မေမေတောင်မလုပ်တတ်ဘူး၊ ဖေဖေတော့ ကြိုက်သွားပြီကွာ” ဆိုတဲ့ အားတက်သရောအားပေးမှုမျိုးကို ရနေကျကလေးဟာ ဘယ်အရာကိုမဆို အကောင်းဖြစ်အောင် ဖန်တီးကြိုးစားချင်စိတ်ဖြစ်လာပါတယ်။ ငါဘာလုပ်လုပ် ငါ့မိဘက အားပေးမှာပဲဆိုတဲ့စိတ်လုံခြုံမှုရှိစေပါတယ်။ အဲဒီလိုအားပေးခြင်းမခံရတဲ့ကလေးကတော့ နောက်ထပ်ဖန်တီးဖို့ မကြိုးစားချင်တော့ပါဘူး။ “ ငါ့ဘာလုပ်လုပ် ဘယ်သူကမှ ငါ့ဘက်မှမရှိပါဘူး” ဆိုတဲ့စိတ်နဲ့ သူ့ကမ္ဘာမှာ သူတစ်ယောက်တည်းရှိနေသလို စိတ်မလုံခြုံမှုကို ခံစားရနိုင်ပါတယ်။
၅) ဝေဖန်အပြစ်တင်လွန်းခြင်း
ကလေးကို အမြဲတစေ အပြစ်တင်ဝေဖန်တတ်တဲ့မိဘများလည်း အလားတူပါပဲ။ ကလေးက ဘာလေးပဲလုပ်လုပ် “ နင်ကလည်း ညံ့လိုက်တာ ဒီထက်လှအောင်ဆွဲပါလား” နင်ကလည်း အသုံးကိုမကျဘူး၊ ဒါလေးတောင်မလုပ်နိုင်ဘူးလား” “ နင်ကလည်း ဟိုဘက်အိမ်က......ဘယ်သူက နင့်ထက်စာရင်တော်တယ် ၊ နင်က ငတုံး” စသဖြင့် ကလေးကို အပြစ်တင်ဝေဖန်ပြီး အပြစ်ချည်းရှာပြောနေတဲ့အခါမှာလည်း ကလေးဟာ စိတ်ဓာတ်ကျအားငယ်လာတတ်ပြီး ကိုယ့်ကိုယ်ကိုယ်အသုံးမကျသူတစ်ယောက်လိုခံစားလာရခြင်းဟာ စိတ်မလုံခြုံမှုကိုခံစားရခြင်းပါပဲ။
အထက်ပါအချက်တွေအားလုံးကို ဖတ်ပြီးတဲ့အခါမှာလည်း ကလေးအတွက် အဖေမှမဟုတ်ဘူး အမေလည်း ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်ပြီး ပြုပြင်သင့်တာပြုပြင်ကြည့်ပါ။ ကလေးတစ်ယောက်ဟာ လူကောင်းလူတော် ဖြစ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ သူ့ရဲ့ငယ်ဘဝက မိဘအုပ်ထိန်းသူတွေရဲံထိန်းကျောင်းပေးမှုဟာ အများကြီး အရေးပါပါတယ်။ ကိုယ့်ကလေးကို ကြီးမှ စိတ်ဓာတ်ပျော့ညံ့လိုက်တာ၊ ဘာလေးလုပ်လုပ် မျက်ရည်လွယ်လိုက်တာ၊ စိတ်ဓာတ်ညံ့ဖျင်းလိုက်တာဆိုတဲ့ လူမျိုး မဖြစ်စေချင်ဘူးဆိုရင် ကလေးရဲ့ငယ်ဘဝမှာ ကတည်းက ကလေးရဲံ စိတ်လုံခြုံမှုရှိအောင် သွန်သင်ထိန်းကျောင်းဖို့လိုပါတယ်။ ဒါမှသာ ကြီးပြင်းလာတဲ့ဘဝတစ်လျှောက်မှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး လောကဓံကို ရင်ဆိုင်နိုင်မယ်၊ စိတ်ဓာတ်ခွန်အားပြည့်ဝတဲ့ လူကြီးတွေဖြစ်လာမှာဖြစ်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။