သင့်ရဲ့မကောင်းတဲ့အမြင်တွေထဲကနေ သင့်ကိုသင်လွတ်မြောက်အောင်ဘယ်လိုလုပ်မလဲ

“A negative mind will never give you a positive life” လို့ကြားဖူးသလိုမျိုးပါပဲ။ မကောင်းတဲ့အမြင်တွေက ပိုကောင်းတဲ့ဘဝကို ဘယ်တော့မှပေးနိုင်မှမဟုတ်ပါဘူး။ တကယ်လည်း သင့်ရဲ့အတွေးအမြင်တွေက သင့်ဘဝအပေါ်သက်ရောက်မှုရှိနေပါတယ်။ အဲဒါဆိုရင် လူတိုင်းက အမြဲအကောင်းမြင်နေတတ်ကြတာလား ဆိုတော့လည်း မဖြစ်နိုင်ပြန်ပါဘူး။ ဘဝဆိုတာက နာကျင်မှု တလှည့် ပျော်ရွှင်မှုတခါ၊ ကြေကွဲမှု၊ စတဲ့ ကောင်းလိုက်မကောင်းလိုက်နဲ့ကြုံနေရမှာပါပဲ၊ အဲဒါကြောင့်အမြဲတမ်း အကောင်းမြင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အဲလိုပဲ မကောင်းတဲ့အတွေးတွေချည်းပဲတွေးပြီးလည်း စိတ်ဓာတ်ကျနေလို့ မဖြစ်ပြန်ပါဘူး။ ကောင်းတာတွေကြုံလာတဲ့အခါ အကောင်းမြင်တာ ပုံမှန်ဖြစ်ပေမယ့် မကောင်းတဲ့ကိစ္စတွေကြုံရတဲ့အခါမျိုးမှာတော့ ဘယ်လိုအကောင်းမြင်နိုင်အောင် ကြိုးစားမလဲဆိုတာက ဘဝအတွက်လိုအပ်ပါတယ်။ သင့်မှာ မကောင်းတဲ့အမြင်တွေရဲ့ဖိစီးမှုတွေ နှိပ်စက်မှုခံနေရပြီဆိုရင်တော့ သင့်ကိုသင် လွတ်မြောက်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ သိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။


၁) မှားယွင်းနေတဲ့ကိစ္စကို သိအောင်လုပ်ပါ။
သင့်ကိုမကောင်းမြင်တဲ့စိတ်တွေဖြစ်စေတဲ့ ဖြစ်ရပ်က ဘာလဲ၊ ဘယ်လိုအကြောင်းအရာမျိုးလဲဆိုတာ သေချာတွေးကြည့်သင့်ပါတယ်။ သင်ဖြေရှင်းနိုင်တဲ့ ထောင့်ကနေ တွေးကြည့်ရင် ဖြစ်နိုင်ချေရှိလား။ သင်မဖြေရှင်းနိုင်ဘူးလား။ အဖြေမရှာနိုင်လို့ ညဘက်တွေအိပ်မပျော်ဘဲဖြစ်လာတာမျိုးတွေ၊ မစားနိုင်မသောက်နိုင်ဖြစ်လာတာမျိုးတွေဆိုရင် တစ်ယောက်ယောက်ကို ထိုခံစားချက်တွေကို ပြောပြရင်ဖွင့်လိုက်ပါ။ သင်မြင်နေတဲ့အမြင်နဲ့မတူတဲ့ စကားသံတွေကို နားထောင်ကြည့်လိုက်ပါ။ အဖြေတစ်ခုခုရလာနိုင်သလို၊ သင်ထင်နေတဲ့အထင်နဲ့ မတူဘဲ မှားယွင်းနေတာက ဘာဆိုတာ သင်သေချာသဘောပေါက်လာပါလိမ့်မယ်။

၂) သင့်ခံစားချက်ကို သေချာဝေဖန်ပိုင်းခြားပါ။
သင့်ကိုမကောင်းမြင်စေတဲ့ဖြစ်ရပ်အပေါ်မှာ သင်အချိန်အကြာကြီးခံစားနေတာဖြစ်သင့်ရဲ့လား။ တကယ်ဆိုးဝါးနေတဲ့ဖြစ်ရပ်လား။ ဒီဖြစ်ရပ်အတွက်နဲ့ ကိုယ့်ရဲ့နေ့စဉ်၊ လစဉ်လုပ်ငန်းဆောင်တာတွေကို အဟန့်အတားဖြစ်သင့်ရဲ့လား။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သင်တတ်နိုင်တာ ဘာမှမရှိဘူးလား။ အဲဒါဆိုရင် သင့်ဘဝရဲ့ကျန်နေသေးတဲ့ကိစ္စရပ်တွေကိုသာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ကြိုးစားပါ။ ဒါမှမဟုတ် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သင်လုပ်နိုင်တာရှိရင် ချက်ချင်းလုပ်ကြည့်လိုက်ပါ။

၃) စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ကြိုးစားပါ။
မကောင်းတဲ့ဖြစ်ရပ်ပေါ်မှာ ပေါက်ကွဲချင်ပေါက်ကွဲမယ်၊ နာကျင်မယ်၊ ဝမ်းနည်းမယ်၊ ဘာမှမလုပ်ချင်မကိုင်ချင်တော့လောက်အောင်ဖြစ်မယ် စသည်ဖြင့် ခံစားချက်ကို လွှတ်ချပေးလိုက်တာက လွယ်ပါတယ်။ ဒါပေမယ့် အဲလိုမျိုး သင့်ခံစားချက်တွေကို ဘာမှမထိန်းချုပ်ပဲ လွှတ်ချလိုက်ရင် ဘာဖြစ်နိုင်မလဲလို့တွေးကြည့်ပါ။ ဘာမှပိုကောင်းလာမှမဟုတ်တဲ့အပြင် ပိုဆိုးသွားနိုင်ပါသေးတယ်။ အဲဒါဆိုရင် သင့်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်တာသာ အကောင်းဆုံးပါပဲ။

၄) အဆိုးထဲကအကောင်းကိုရှာတွေးတတ်တဲ့အကျင့်လုပ်ပါ။
ဘယ်အဆိုးမဆို ကောင်းတာတစ်ခုလောက်တော့ တွဲလျက်ပါလာတတ်ပါတယ်။ သင်မြင်အောင်ကြည့်တတ်ဖို့သာ လိုပါတယ်။ သင့်ဖေ့ဘုတ်ရဲ့ ပတ်စဝေါ့လေး မေ့သွားတာကို ညည်းညူနေတာမျိုး လုပ်မယ့်အစား ပတ်စဝေါ့အသစ်ကို ပြန်ချိန်းတဲ့အခါ သေချာလေး ပြန်မှတ်ထားလိုက်မိတာ အဆိုးထဲက အကောင်းပါပဲလို့တွေးတာမျိုးပါ။ ရုံးမှာ မီတင်အချိန်ပြောင်းသွားတာကို စိတ်ညစ်နေမယ့်အစား ထိုမီတင်မစခင်မှာ ကိုယ်လုပ်စရာရှိတာလေးတွေ ုလုပ်ဖို့ အချိန်ပိုရသွားတာပေါ့လို့ တွေးတာမျိုးပေါ့။ အတွန့်တက်ပြီး အဆိုးမြင်နေတာက ပိုအချိန်ကုန်စေပါတယ်။ အတွန့်တက်ပြီး အဆိုးမြင်မယ့်အချိန်မှာ ရနိုင်တဲ့ကောင်းကျိုးကို တွေးတတ်တဲ့အကျင့်ကိုလုပ်ယူပါ။

၅) သင်ပြုပြင်ထိန်းချုပ်လို့မရတဲ့ကိစ္စတွေကို လွှတ်ချလိုက်ပါ။
သင်ကတစ်ချို့ကိစ္စတွေကို မဖြေရှင်းနိုင်ပါဘူး။ ဥပမာ အခြားသူတစ်ယောက်ရဲ့အမူအကျင့်၊ စိတ်ခံစားချက် ၊ အခြာားသူများပယောဂကြောင့် ဆိုးရွားတဲ့နေ့တစ်နေ့ ဒါမှမဟုတ် မီးမလာတာ၊ ရေမလာတာ၊ ဘတ်စ်ကားကြပ်တာ၊ ဘတ်စ်ကား လမ်းတွေပိတ်တာ စတာတွေပေါ့။ သင်ပြုပြင်လို့မရသလို၊ သင်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကို အာရုံစိုက်ပြီး စိတ်ညစ် ညည်းညူနေခြင်းက သင့်စိတ်ခံစားချက်ကိုပိုဆိုးရွားစေပါတယ်။ ဘတ်စ်ကား ကြပ်တယ်ဆိုရင် ဘတ်စ်ကားချောင်လောက်မယ့်အချိန်ကိုရွေးပြီး ရုံးသွားဖို့ အိမ်ကနေစောစောထွက်လိုက်တာမျိုးပေါ့။ မီးမလာလို့ ဘာအလုပ်မှမပြီးရင် စာအုပ်တစ်အုပ်လောက်ထိုင်ဖတ်နေလိုက်တာကမှ စာဖတ်ဖြစ်သွားတာပေါ့။

သင်ပြုပြင်လို့မရဘဲ သင်ထိန်းချုပ်လို့မရတဲ့ကိစ္စမျိုးတွေကို အာရုံနောက်မခံဘဲနဲ့ သင်ထိန်းချုပ်နိုင်တာဘာလဲလို့ ရှာဖွေပြီး ထိုအရာကိုသာ အာရုံစိုက်လိုက်ပါ။
သင့်အပေါ်လွှမ်းမိုးနေတဲ့ မကောင်းတဲ့အမြင်တွေကို သင်လွှတ်ချနိုင်ဖို့ အပေါ်က အချက်တွေကို အကျင့်လုပ်ပြီး လုပ်ယူကြည့်ပါ။ အကျင့်ဖြစ်လာတဲ့အခါ အကျင့်ကောင်းတွေကြောင့် သင့်အပေါ်လွှမ်းမိုးတဲ့မကောင်းတဲ့အမြင်တွေ ပျောက်ပျက်သွားပါလိမ့်မယ်။ အဆိုးထဲက အကောင်းကိုရွေးပြီးတွေးတတ်လာတဲ့အခါ အဆိုးမြင်တဲ့ဇုံထဲကနေ လွှတ်မြောက်သွားပါလိမ့်မယ်။ အကောင်းမြင်စိတ်များလာတဲ့အခါ သင့်ဘဝက ပိုပြီး ပျော်စရာကောင်းလာသလို ပိုပြီးလည်း လန်းဆန်းပေါ့ပါးလာပါလိမ့်မယ်။ အဲဒါကြောင့် အကောင်းမြင်တတ်ခြင်းက ပိုကောင်းတဲ့ဘဝကိုဖြစ်လာစေနိုင်ပါတယ်လို့ ပြောကြတာပါနော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။