အဆင့်အတန်းဆိုတာကို ဘယ်လိုသတ်မှတ်မလဲ။
လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုသိချင်ရင် ထိုလူက သူ့ထက်နိမ့်ကျသူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာကို ကြည့်ရတယ်လို့ ပြောတာကြားဖူးပါတယ်။ တော်တေ်ာများများကတော့ အဆင့်အတန်းလို့ပြောလိုက်တာနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကို ပြေးမြင်တတ်ကြပါတယ်။ မြန်မာရုပ်ရှင်ကားတွေထဲမှာဆိုရင် မိန်းကလေးက အဆင့်အတန်းနိမ့်ကျသူမို့ ယောကျ်ားလေးဘက်က သဘောမတူဘူးဆိုတာမျိုးတွေ မကြာခဏ ကြည့်ဖူးကြမှာပါ။
ပြောချင်တာက အဆင့်အတန်းကို များသောအားဖြင့် လူတစ်ယောက်ရဲ့အပေါ်ယံ နေပုံထိုင်ပုံ၊ ဝတ်စားဆင်ယင်ပုံ၊ သူ့အိမ်အနေအထား၊ သူ့မျိုးရိုးအသိုင်းအဝိုင်း၊ သူ့ပညာရပ် စတာတွေနဲ့ တိုင်းတာလို့မရနိုင်ပါဘူးဆိုတာပါ။
လမ်းဘေးက သူတောင်းစားဖြစ်နေပေမယ့် “တောင်းပဲစားမယ်….ခိုးမစားဘူး” ဆိုတဲ့လူမျိုးတွေလည်း ရှိမှာပါ။ ကျွန်တော်တို့ မြန်မာစကားပုံမှာ “လွယ်ရင်သူကြွယ်တောင် ခိုးတယ်” ဆိုတဲ့စကားပုံတောင်ရှိပါသေးတယ်။ အားလုံးကို သိမ်းကြုံးပြောတာမဟုတ်ပေမယ့် ခိုးချင်တဲ့အကျင့်စာရိတ္တရှိတဲ့သူက သူဌေးကြီးဖြစ်နေလည်း အချောင်ရချင်စိတ်ရှိရင် ခိုးမှာပါပဲတဲ့။ အဲဒါဆို အပေါ်ယံအရေပြားမှာ လူအထင်ကြီးလောက်အောင် နေတတ်ထိုင်တတ်သူဖြစ်နေတာနဲ့တင် သူခိုးမဖြစ်နိုင်တော့ဘူးလား။ အဲဒါကြောင့် အပေါ်ယံအရေပြားတစ်ထောက်စာလေးနဲ့ အပေါ်ယံအပြင်အဆင်၊ အနေအထိုင်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့အဆင့်အတန်းကို မဆုံးဖြတ်စေချင်ပါဘူး။
ဘာလို့များ အဆင့်အတန်းကိုသိချင်ရင် ကိုယ့်ထက်နိမ့်ကျတဲ့လူတစ်ယောက်အပေါ် ဆက်ဆံတဲ့ပုံစံကို ကြည့်ခိုင်းရတာလဲဆိုရင် လူဆိုတာမျိုးက အတ္တသမားတွေပါ။ အတ္တအနည်းနဲ့အများပဲကွာခြားပါတယ်။ အဲဒါကြောင့် ကိုယ့်ထက်နိမ့်ကျသူဆိုရင် အနိုင်ကျင့်ချင်စိတ်ရှိနေတတ်ပါတယ်။ အဲဒါအပြင် ကိုယ့်ထက်နိမ့်ကျသူက ကိုယ့်ကိုပြန်မလှန်ရဲလောက်ဘူးဆိုတဲ့စိတ်နဲ့ သူ့ရဲ့အတ္တတွေ ရုပ်လုံးပေါ်လာတော့တာပါပဲ။ အဲဒါကြောင့် ကိုယ့်ထက်နိမ့်ကျသူဆိုရင် သူခိုးစွပ်စွဲချင်စွပ်စွဲမယ်၊ အနိုင်ကျင့်ချင်ကျင့်မယ်၊ အော်ဟစ်ဆဲဆိုချင်ဆဲဆိုမယ်၊ အနိုင်ကျင့်ပြီး လိုချင်မျက်စိရှိသမျှ အနိုင်ကျင့်ယူနိုင်မယ်။ အဆင့်အတန်းစကား တဖွဖွပြောပြီး အဆင့်အတန်းမရှိဆုံးလုပ်ရပ်ကို လုပ်တတ်ကြပါတယ်။
တကယ်တမ်းအဆင့်အတန်းရှိသူဆိုတာ ကိုယ့်ထက်နိမ့်ကျလေ သနားကြင်နာစိတ်ပိုပြီး တန်းတူညီတူပေးကမ်းချင်စိတ်ရှိမယ်၊ ဖေးမကူညီမယ်၊ ကိုယ့်ထက်နိမ့်ကျသူက ကိုယ့်ထက်သာလွန်သွားတဲ့အခါ မုဒိတာပွားပြီး ထပ်တူကျေနပ်နိုင်မယ်၊ ကိုယ်မသိတဲ့ အခြားသူများရဲ့ဘဝကို လှောင်ပြောင်မရယ်မောဘူး၊ ကိုယ်မသိနိုင်တဲ့အခြားသူများရဲ့အခြေအနေကို မဖိနှိမ်ဘူး။ မမြင်ကွယ်ရာမို့ မဟုတ်တာလုပ်ဖို့ မစဉ်းစားဘူး။ မြင်ရာထင်ရာမို့လည်း လူအထင်ကြီးအောင် လုပ်ချင်စိတ်မရှိဘူး။ ကိုယ့်ချွေးစက်ကို ကိုယ်တန်ဖိုးထားပြီး အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာ နားလည်တယ်။ အချောင်လိုချင်စိတ်မရှိဘူး။ ကိုယ်စောင့်ထိန်းသင့်တာစောင့်ထိန်းတယ်။
အဲဒါဆိုရင် အားလုံးဟာ မွန်မြတ်တဲ့စိတ်ထားကောင်းကနေဖြစ်လာတဲ့ ကောင်းခြင်းအရာအားလုံးပါပဲ။ ပြီးတော့ ကိုယ်ကျင့်တရားကောင်းခြင်းလည်း အဆစ်ပါဝင်ပါသေးတယ်။ အဲဒါကြောင့် အဆင့်အတန်းဆိုတာ စိတ်ထားကောင်းမွန်ခြင်းလို့ ခေါ်ရမယ်ထင်ပါတယ်။ စိတ်သဘောထားပြည့်ဝခြင်းဆိုရင် ပိုပြီး မှန်ကန်ပါလိမ့်မယ်။
စိတ်သဘောထားပြည့်ဝသူကို ပညာတွေတသီကြီးတတ်ထားသူမှသာ ရှိနိုင်မယ်လို့ ထင်မှတ်လို့မရသလို၊ လမ်းဘေးမှာ ရေသန့်ဘူးခွံလိုက်ကောက်နေလို့ စိတ်သဘောထားမပြည့်ဝဘူးလို့လည်း ထင်မှတ်လို့မရနိုင်ပြန်ပါဘူး။ လူ့သဘောကိုက ရှု့ပ်ထွေးလွန်းပါတယ်။ အဲဒီ့တော့ လူတစ်ယောက်ရဲ့အဆင့်အတန်းဆိုတာကို လူတစ်ယောက်ရဲ့အပေါ်ယံ အရေပြားဖုံးလွှမ်းမှုတွေကြောင့်ခွဲခြားလို့ မရနိုင်ပါဘူးနော်။
ပြီးတော့ လူတစ်ယောက်ရဲ့အတွေးအခေါ်က လူတစ်ယောက်ရဲ့ဘဝကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။ အဲဒါကြောင့် စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုပြီး ပြောကြတာပါ။ စိတ်ထားကောင်းရင် ခုချက်ချင်းစိတ်ကောင်းထား၊ ခုချက်ချင်းကြီး ထီပေါက်သလိုတော့ ဝုန်းဒိုင်းဆိုထပြီး ကံတွေကောင်းသွားတာမျိုးမဟုတ်ပါဘူးနော်။ အချိန်တန် သင်အခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ကြုံရချိန်မှာ အလိုက်သင့်လေးအဆင်ပြေသွားမယ့်အရာမျိုးဖြစ်လာတာမျိုးပါ။ အဲဒါကြောင့် စိတ်သဘောထားပြည့်ဝခြင်းက အဆင့်အတန်းမြင့်မားခြင်းပါပဲ။ စိတ်ထားပုပ်ယုတ်ပြီး အောက်တန်းကျတဲ့သူကတော့ ဘယ်လောက်တန်ဖိုးကြီးတဲ့အဝတ်အစား၊ နောက်ဆုံးပေါ်ကားနဲ့ အိမ်အကောင်းစားကြီးမှာ နေပါစေ၊ အဆင့်အတန်းမရှိတဲ့သူပဲဖြစ်နေမှာပါပဲ။ လူတစ်ယောက်ရဲ့အဆင့်အတန်းကို သူရဲ့စိတ်သဘောထားပြည့်ဝခြင်းနဲ့ သူ့ရဲ့ကိုယ်ကျင့်တရားနဲ့သာ ဆုံးဖြတ်နိုင်မှာပါလို့ ပြောပြရင်း အားလုံးပဲ အဆင့်အတန်းရှိသူဖြစ်ဖို့ ကြိုးစားကြပါဆိုလို့ တိုက်တွန်းလိုက်ပါတယ်။ #BAWA101