ကိုယ့်ကိုတန်ဖိုးမထားတဲ့သူတွေနဲ့ ဝေးပါစေ……

ကိုယ်က ဘယ်လောက်ပဲ အကောင်းဆုံးတန်ဖိုးထားပြီးလုပ်ပေးပါစေ၊ ကိုယ့်အလှည့်ကျ ပြန်ပြီး တန်ဖိုးမထားတဲ့အပြင် ကိုယ့်ကိုတောင် အမှိုက်တခုလို တန်ဖိုးမဲ့သူလို သတ်မှတ်တတ်တဲ့သူမျိုးကြုံဖူးကြမှာပါ။ ကိုယ့်မှာတော့ တစ်ခါ တန်ဖိုးထားပြီး ဆက်ဆံပေးလိုက်၊ ကိုယ့်ကိုတခါပြန်ပြီး တန်ဖိုးမဲ့စွာဆက်ဆံတာခံရလည်းပဲ နောက်အခေါက်ဆို သူနားလည်မှာပါလို့တွေးလိုက် သူကလည်းတန်ဖိုးမထားလိုက်၊ ဒါနဲ့ပဲ သံသရာလည်နေတော့တာပါပဲ။


ကိုယ်က သူတို့ကို တန်ဖိုးထားတတ်ပေမယ့် သူတို့က ဘယ်တော့မှ ကိုယ့်ကိုတန်ဖိုးမထားဘဲ လိုမှသာ ခေါ်သုံးတတ်သူမျိုးက ပတ်ဝန်းကျင်မှာ တကယ်ကိုရှိနေတတ်ပါတယ်။
ကိုယ်က ကိုယ့်မှာရှိသလောက်လေးထဲက အကောင်းဆုံးဖြစ်အောင် လုပ်ပေးလိုက်ပေမယ့် ကိုယ့်အလှည့်ကျရင် သူတို့က သတိတောင်မရတတ်ကြပါဘူး။ ကိုယ့်မှာသာ ဘာပြီးရင် ဘာအတွက်ဆိုပြီး သူတို့အတွက် စေတနာထားထားပေမယ့် သူတို့ကတော့ ကိုယ့်ဆီက ရတာကိုသာယူတတ်ပြီး သူတို့အလှည့်ကျ ကိုယ့်ကိုသတိတောင်မရတတ်ပါဘူး။ ကိုယ်တန်ဖိုးထားလုပ်ပေးတာသည်လည်း သူတို့အတွက် ရသင့်ရထိုက်တာမျိုးလို့တောင် ယူဆပြီး အားမနာတမ်း ယူနေတတ်ကြပါသေးတယ်။ ကိုယ့်အလှည့်ကျရင်သာ သူတို့နဲ့ပတ်သက်ပြီး အကောင်းဆုံးဆိုတာမျိုးမပြောနဲ့ မြူမှုန်သေးသေးလေးလောက်တောင် ရဖူးမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မလိုအပ်တာတွေတော့ သင့်ဆီကို ရောက်လာပါလိမ့်မယ်။ ဘယ်အရာကိုမဆို သင့်အတွက်ဆိုတာမျိုး သူတို့မှာ တယုတယနဲ့တောင် ရှိနိုင်မှာမဟုတ်ပါဘူး။
အဲလိုလူမျိုးက အဲလိုမျိုးတုံ့ပြန်တတ်တာကို သိနေပေမယ့်လည်း ကိုယ့်မှာတော့ တန်ဖိုးတကြီးပေးဆပ်ထားရတဲ့အတွက် သူတို့ရဲ့တုံ့ပြန်မှုကို ကိုယ့်မှာ စိတ်မကောင်းဖြစ်ပြီး တနုံနုံနဲ့ခံစားနေရမှာပါ။ ပြန်ပြီးတန်ဖိုးထားလိမ့်နိုးနိုးနဲ့ ပေးဆပ်ခဲ့ပေါင်းလည်း များနေခဲ့ပေမယ့် ဒီအခြေအနေကနေ မတိုးတက်သွားပါဘူးဆိုရင် ထိုကဲ့သို့ တန်ဖိုးမထားတတ်သူမျိုးကို လျစ်လျူရှုပေးလိုက်ပါ။ အမှန်အတိုင်းပြောရရင် လောကမှာလူတိုင်းက ကိုယ်ပေးလိုက်ရတာနဲ့ တန်သလောက်တော့ တုံ့ပြန်မှုတစ်ခုခုတော့ လိုချင်ကြတာချည်းပါ။(ဘာကိုမှမမျှော်လင့်မိပေမယ့် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးလောက်ပေါ့) ဒါပေမယ့် ထိုကဲ့သို့ ကိုယ့်ကိုတန်ဖိုးမထားတတ်သူတွေနဲ့ကတော့ လျစ်လျူရှုခြင်းကသာ သင့်ရဲ့စိတ်ခံစားမှုကို သက်သာစေပါလိမ့်မယ်။
လျစ်လျူရှုလိုက်ပါ။ ပြီးရင် ဘာပြန်ရနိုင်မယ်ဆိုတဲ့စိတ်ကို လုံးဝဖျောက်ပစ်လိုက်ပါ။ ကိုယ်သည် ကိုယ်အတတ်နိုင်ဆုံးဘက်ကနေ လုပ်နိုင်တာကို အစွမ်းကုန်လုပ်ပေးခဲ့ပြီးပြီပဲ။ တန်ဖိုးထားခြင်း၊ မထားခြင်းသည် သူ့ကိစ္စဖြစ်ပြီး လူတိုင်းအပေါ် တန်ဖိုးထားဆက်ဆံခြင်းသည်သာ ကိုယ့်ကိစ္စ လို့တွေးလိုက်ပါ။ အဲဒါက သင့်စိတ်ကို လွတ်မြောက်သွားစေပါလိမ့်မယ်။ သင့်စိတ်က လွတ်မြောက်ခြင်းနဲ့နည်းတူ သင်လည်း သူတို့နဲ့ပတ်သက်ပြီး ဘာကိုမှ ခံစားရတော့မှာ မဟုတ်ပါဘူးနော်။
ပြီးတော့ ကိုယ့်ကိုတန်ဖိုးမထားတတ်သူတွေနဲ့ ပတ်သက်ရင် ကိုယ့်ရဲ့အနစ်နာခံခြင်းသည် အကန့်အသတ်ရှိပါစေ။ ဘာလို့လဲဆိုတော့ သင်က အကန့်အသတ်မရှိပေးဆပ်အနစ်နာခံလေ သူတို့ကတော့ သင့်တန်ဖိုးကိုမသိတဲ့အတွက် သင်ပေးဆပ်သမျှ ရသင့်ရထိုက်တာလို့သာ ထင်နေမှာပါ။ အဲဒီ့တော့ သူတို့အတွက်မထိခိုက်နိုင်ပေမယ့် သင့်အတွက်တော့ ရေရှည်မှာ လုံးဝမကောင်းနိုင်ပါဘူး။ သင်က နစ်လေ မြုပ်လေဖြစ်နေမှာပါ။ အဲဒါကြောင့် ထိုသူမျိုးအတွက် အကန့်အသတ်တစ်ခုအထိ သတ်မှတ်ထားပြီး ဘာကိုမှ မမျှော်လင့်ဘဲ ပေးဆပ်ပါ။ ထိုအကန့်အသတ်ကျော်လွန်သွားတဲ့အခါ နောက်ထပ် ဘာကိုမှ မပေးဆပ်ပါနဲ့တော့။ ကိုယ့်ကိုတန်ဖိုးမထားတတ်သူတွေကို လွတ်လပ်စွာ လွှတ်ချလိုက်ခြင်းက သင့်အတွက်လုံးဝလွတ်လပ်ခြင်းပါပဲ။
သင်တန်ဖိုးထားဆက်ဆံသလို သင့်ကိုလည်း အရေးတယူတန်ဖိုးထားဆက်ဆံသူတွေနဲ့ ပတ်သက်ရတဲ့အခါ သင်ဒီထက်ပိုစိတ်ချမ်းသာရမှာပါ။ ဘာလို့လဲဆိုတော့ သင့်စိတ်ကို သူတို့က ပိုနားလည်ပေးနိုင်လို့ပါ။ အဲဒါကြောင့် သင့်တန်ဖိုးကို နားမလည်တဲ့သူတွေကို စွန့်ခွာလိုက်ပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ကိုတန်ဖိုးမထားတတ်သူကို စွန့်ခွာခြင်း၊ လျစ်လျူရှုခြင်းက အတ္တကြီးခြင်းမဟုတ်ပါဘူး၊ လူသားဆန်ခြင်းတစ်မျိုးသာဖြစ်ပြီး သင့်ကိုသင်လေးစားခြင်းပါပဲ။ အချို့သောလူတွေက သင့်ဘဝထဲက ထုတ်ပစ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတတ်ပါဘူး။ ကိုယ့်ဘဝထဲက ထုတ်ပစ်လိုက်ခြင်းကသာ ကိုယ့်အတွက် ပိုကောင်းလာမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။