သင့်ကို နေ့စဉ်လို စိတ်ဓာတ်တက်ကြွနေစေမယ့် နည်းဗျူဟာများ

“Your mind is a beautiful thing. When you fill it with beautiful thoughts, your life will start to change.” –Unknown အမည်မသိစာဆိုရေးခဲ့တဲ့ကောက်နုတ်ချက်တစ်ခုက “သင့်စိတ်က အရမ်းကိုလှပတဲ့အရာသာဖြစ်ပါတယ်။ ထိုစိတ်ထဲကို လှပတဲ့အတွေးတွေသာဖြည့်ထားလိုက်မယ်ဆိုရင် သင့်ဘဝလည်း လှပခြင်းဘက်ကိုစတင်ပြောင်းလဲသွားမှာပါ” တဲ့။ ပြောချင်တာက သင့်စိတ်ထဲကို သင်ထည့်လိုက်တဲ့အရာပေါ်မူတည်ပြီး သင့်စိတ်ကပြောင်းလဲသလို၊ သင့်ဘဝလည်း ပြောင်းလဲသွားပါလိမ့်မယ်ပေါ့။ ကျွန်တော်တို့ ပျော်ရွှင်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်တွေ၊ စိတ်အားငယ်စိတ်ညစ်နေတဲ့အချိန်တွေစသည်ဖြင့် ခံစားချက်ပေါင်းစုံက ကျွန်တော်တို့စိတ်ထဲမှာဖြစ်ပေါ်နေတတ်ပါတယ်။ အခုပြောပြပေးချင်တာက စိတ်ဓာတ်တက်ကြွခြင်းအကြောင်းပါ။ ကျွန်တော်တို့ စိတ်ဓာတ်ကျခြင်းက ရုန်းထွက်မယ်ဆိုပါတော့ စိတ်ဓာတ်တက်ကြွခြင်းကို ကျွန်တော်တို့စိတ်ထဲထည့်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ စိတ်ဓာတ်တက်ကြွခြင်းဆိုတာဘယ်လိုမျိုးလဲ။ စိတ်ဓာတ်တက်ကြွနေတဲ့အချိန်ဆို ကမ္ဘာလောကကြီးတစ်ခုလုံးမှာ မလုပ်နိုင်တာဘာမှမရှိဘူးလို့ အထင်ရောက်နေတတ်တာမျိုးပေါ့။ တခါတရံမှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဘာမှမလုပ်နိုင်ပါဘူးဆိုပြီး ထင်တဲ့အခိုက်အတန့်မျိုးရှိတတ်ပါတယ်။ ကျွန်တော်တို့ကျရှုံးနေချိန်မျိုးမှာ လူတိုင်းက ကျွန်တော်တို့ကို လှောင်ပြောင်ရယ်မောနေတယ်လို့ အတွေးရောက်ပြီး စိတ်ဓာတ်ကျနေတတ်ကြပါတယ်။ အဲဒါကြောင့် ဘဝမှာ ကျွန်တော်တို့ကို စိတ်ဓာတ်တက်ကြွစေတဲ့အရာများကို ဦးစားပေးလုပ်ဖို့လိုအပ်ပါတယ်။ သင့်ကိုသင် အမြဲစိတ်ဓာတ်မြင့်တင်နေသင့်ပြီး သင်ဖြစ်ချင်တဲ့အရာတွေကို လုပ်ဆောင်ဖို့ သင့်ကိုသင်နေ့တိုင်းလို လှုံ့ဆော်နေသင့်ပါတယ်။


သင့်ကိုစိတ်ဓာတ်တက်ကြွစေပြီး အားတက်သရောဖြစ်စေဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။
၁) အိပ်ရေးဝအောင် အိပ်ပါ။
သင့်စိတ်၊ သင့်ခန္ဓာ နဲ့ သင့်ရဲ့သိမှတ်နိုင်စွမ်း စတဲ့အရာတွေအတွက် အိပ်စက်ခြင်းက အရမ်းအရေးကြီးပါတယ်။ သင်အိပ်ရေးဝနေတဲ့အခါ သင့်ရဲ့စိတ်ခံစားချက်အခြေအနေ၊ သင့်ဦးနှောက်၊ သင့်ခန္ဓာကိုယ်အခြေအနေက ပြောင်းလဲသွားပါတယ်။ အိပ်ရေး၀၀အိပ်ခြင်းက သင့်ရဲ့အာရုံစူးစိုက်မှုကို ပိုကောင်းဖို့ကူညီပေးနိုင်တဲ့အတွက် သင့်ရဲ့အိပ်ချိန်လုံလောက်ခြင်းက သင့်ရဲ့စိတ်ဓာတ်တက်ကြွခြင်းနဲ့ တိုက်ရိုက်ပတ်သက်ပြီး နံပါတ်တစ်အနေနဲ့ အရေးကြီးပါတယ်။
၂) အနှောင့်အယှက်တွေကို ဖယ်ထုတ်ပစ်ပြီး တက်ကြွစွာနေပါ။
စိတ်ဓာတ်တက်ကြွနေဖို့အတွက် သင့်ရဲ့စိတ်အနှောင့်ယှက်ဖြစ်စရာတွေကို ကန့်သတ်နိုင်တဲ့စွမ်းရည်ရှိဖို့လည်း လိုပါတယ်။ အင်တာနက်၊ ဖုန်း၊ ဂိမ်း၊ တယ်လီဗေးရှင်း စတဲ့အာရုံပြောင်းစေနိုင်တဲ့အနှောင့်အယှက်တွေပေါ့။ သင့်ဖြစ်ချင်တဲ့ပန်းတိုင်ကို သင်ပြင်းထန်စွာစိတ်အာရုံရှိမယ်ဆိုရင် အခုလက်ရှိ သင်ပိုင်ဆိုင်ထားတဲ့အချိန်ကိုသာ အကောင်းဆုံးကြိုးစားပါ။ အဲလိုလက်ရှိအချိန်ကို ကောင်းစွာအသုံးချနိုင်ဖို့ သင့်ရဲ့ဖုန်းကိုပိတ်ထားတာ၊ အင်တာနက်နဲ့ အခြားအာရုံနှောက်စေမယ့်အရာတွေအားလုံးကို ဖြတ်ချပစ်လိုက်တာအကောင်းဆုံးပါပဲ။
၃) သင့်ရဲ့ပန်းတိုင်ကို ရောက်ဖို့ ရေတိုရည်မှန်းချက်တွေသတ်မှတ်ထားပါ။
သင့်ရဲ့ရည်မှန်းချက်ကို ရောက်ဖို့ ရေတိုရည်မှန်းချက်အသေးလေးတွေသတ်မှတ်ထားခြင်းကလည်း သင့်ရဲ့စိတ်ဓာတ်တက်ကြွခြင်းကို ဖြစ်ပေါ်စေတဲ့အဓိက အကြောင်းရင်းတစ်ခုပါပဲ။ ရေတိုရည်မှန်းချက်လေးတွေ တစ်ခုပြီး တစ်ခုပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းက သင့်ရည်မှန်းချက်ကို ရောက်ဖို့ မြန်စေသလို၊ သင့်ကိုလည်း အမြဲစိတ်ဓာတ်ခွန်အားဖြစ်စေပါလိမ့်မယ်။
၄) သင့်အနာဂတ်ကို စိတ်ကူးပုံဖော်ပါ။
တခါတရံမှာ သင့်ရဲ့အနာဂတ်မှာဖြစ်ချင်တဲ့ပုံရိပ်တွေကို စိတ်ကူးယဉ်ကြည့်ခြင်းက သင့်ကိုစိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။ သင့်ရဲ့ရေရှည်ရည်မှန်းချက်ကို ရောက်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ လို့ ကြိုတွေးစိတ်ကူးပါ။ ထိုရည်မှန်းချက်ကို ရောက်ဖို့ ဘာတွေလုပ်သင့်သလဲဆိုပြီး အသေးစိတ်ကအစ ချရေးကြည့်ပါ။ အဲဒါက သင့်ကိုစိတ်ဓာတ်တက်ကြွစေနည်းပါပဲ။
၅) သင့်အချိန်ကို စီမံပါ။
စိတ်ဓာတ်တက်ကြွနေစေဖို့ သင့်ရဲ့အချိန်ကို အချိုးကျ စီမံတတ်ဖို့လိုပါတယ်။ အချိန်ဖြုန်းမိတဲ့ကိစ္စတွေကို ကန့်သတ်ထားပါ။ တစ်ချိန်လုံးတော့ ဘယ်သူကမှ အလုပ်မလုပ်နေနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့အချိန်ကို သင်အကျိုးရှိစွာ အသုံးချနိုင်အောင် စီမံခန့်ခွဲတတ်ရင် သင့်ရဲ့ရည်မှန်းချက်ကိုသွားနေတဲ့လမ်းကြောင်းက ပိုပြီး တိုးတက်မြန်စေနိုင်ပါတယ်။
၆) သင့်ရဲ့တစ်ပတ်စာ အစီအစဉ်ကို ကိုယ်တိုင်ဖန်တီးပါ။
သင့်ရဲ့စိတ်ဓာတ်တက်ကြွခြင်းကို မြင့်တင်ဖို့ကူညီပေးနိုင်တဲ့ ထိရောက်တဲ့အစီအစဉ်တစ်ခု ချမှတ်ထားသင့်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေအတွက် အစီအစဉ်ချမှတ်တဲ့အခါ လက်တွေ့မှာဖြစ်နိုင်တဲ့ရည်မှန်းချက်တွေဖြစ်ပါစေ။ သင့်ရဲ့ တစ်ပတ်စာလုပ်ဆောင်ချက်တွေက ဘယ်လောက်ပဲသေးတဲ့လုပ်ဆောင်ချက်ဖြစ်ပါစေ ကိစ္စမရှိပါဘူး။ သင့်ရဲ့ပန်းတိုင်နဲ့ နည်းနည်းလေးလောက်ပဲဖြစ်ဖြစ် နီးကပ်သွားနိုင်မယ်ဆိုရင် အဆင်ပြေပါတယ်။ သင့်တိုးတက်မှုအတွက် သင့်ရဲ့လမ်းကြောင်းကို သင်ကိုယ်တိုင်ဆွဲသင့်ပါတယ်။ အဲဒီ့နည်းလမ်းအတိုင်း သင့်ကိုသင်ပြန်ကြည့်တဲ့အခါ သင့်စိတ်ကို ခွန်အားဖြစ်စေဖို့ ကူညီပေးနိုင်ရမယ်၊ သင့်ကိုယ်သင် ယုံကြည်မှုတိုးလာစေရမယ်။
၇) ပြုလုပ်ရမယ့်အရာတွေကို စာရင်းလုပ်ထားပါ။
ဒီနေ့လုပ်ရမယ့်အရာတွေကို ဒီနေ့အတွက် စာရင်းလုပ်ထားတာက သင့်ပန်းတိုင်ကို ပိုနီးစပ်စေဖို့ ကူညီနိုင်ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို စာရင်းလုပ်ထားခြင်းက သင့်ရဲ့ပန်းတိုင်ကိုရောက်ရှိပြီး သင့်ကိုစိတ်ဓာတ်မြင့်တင်ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
https://beinspiredchannel.com/strategies-stay-motivated/ လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။