ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်။

ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်ဆိုတာက သင်စိုက်တဲ့အပင်က သရက်ပင်ဖြစ်နေရင် သရက်သီးသာရမှာဖြစ်ပြီး ပန်းသီးလိုချင်လို့မရနိုင်ပါဘူးလို့ဆိုလိုတာပါ၊ တနည်းအားဖြင့် သင့်စိတ်ထဲ လူတိုင်းကို စိတ်ကောင်းထားမှန်ကန်အောင် နေထိုင်ခဲ့ရင်လည်း အဲဒီ့အကျိုးကိုသင်ခံစားရမှာဖြစ်ပြီး၊ သင်က တပါးသူဒုက္ခရောက်အောင် ကောကျစ်ယုတ်မာခဲ့တယ်၊ သင့်ဘဝတစ်လျှောက်မမှန်မကန်နေထိုင်ခဲ့တယ်ဆိုရင်လည်း အဲဒီ့ရဲ့အကျိုးဆက်ကို သင်ခံစားရမှာပါပဲလို့ ဆိုလိုချင်တာပါ။


အလုပ်အကိုင်မှာလည်း ထိုနည်းတူစွာပါပဲ။ သင်တကယ် စေတနာထားကြိုးစားတယ်ဆိုရင် သင်တခုခုတော့ ပြန်ရမှာပါပဲ။ တကယ်လို့များ ကိုယ်တကယ်ကြိုးစားနေရက်နဲ့ မရလာဘူးဆိုရင် ပြန်သုံးသပ်ကြည့်ပါ။ ကိုယ်ကပဲ လိုအပ်နေတာလား၊ လိုအပ်ချက်ကိုရှာဖွေပါ၊ အားနည်းချက်ကိုပြုပြင်ဖို့ကြိုးစားပါ။
စိတ်ပိုင်းဆိုင်ရာမှာလည်း အလားတူပါပဲ။ သင်စိတ်ထဲ လူတိုင်းကို အကောင်းဆုံး ဆက်ဆံခဲ့တယ်၊ အစွမ်းကုန်စေတနာထားခဲ့ရက်နဲ့ ဘာကြောင့်များ ပြန်မရသလို ဆိုရင် အခြေအနေကိုပြန်သုံးသပ်ပါ၊ ကိုယ့်အပြစ်ရှိရင် ပြင်ဖို့ကြိုးစားပါ။ ပတ်ဝန်းကျင်က ကိုယ်ဘယ်လောက်ကောင်းကောင်း ကိုယ့်တန်ဖိုးနားမလည်ရင် စွန့်ခွာပါ၊ ကိုယ်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။ ကိုယ့်ရဲ့ပုံမှန်တစိုက်မတ်မတ် စိတ်ကောင်းထားခြင်းအကျင့်ကိုတော့ မပြောင်းလဲလိုက်ပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုသာပြောင်းလဲလိုက်ပါ။

တကယ်တော့ လောကရဲ့နိယာမအရ ကိုယ်ပေးတဲ့အတိုင်းကိုယ်ပြန်ရတာအသေအချာပါပဲ။ ဥပမာ တွေးကြည့်လိုက်ပါ။ အပေါ်ယံ ဂုဏ်တွေ၊ ငွေတွေ၊ ပကာသနတွေကိုသာ ကြည့်ပြီး လူတစ်ယောက်ကို ပေါင်းသင်းတတ်တဲ့လူဟာ အချိန်တန် ဂုဏ်တွေ၊ ငွေတွေ၊ ပကာသနတွေမရှိတော့တဲ့အခါ သူ့အနားမှာ ဘယ်သူမှ ကျန်ခဲ့မှာမဟုတ်ပါဘူး။ ဒါသည်လည်း သူပေးလိုက်တဲ့ အတိုင်းပြန်ရခြင်းတစ်မျိုးပါပဲ။ သူက လူတွေကို အပေါ်ယံပဲကြည့်ပေါင်းခဲ့တဲ့အတွက် သူဝန်းကျင်ကလူတွေဟာလည်း အပေါ်ယံကာသနမရှိတဲ့အခါ ဘယ်သူမရှိ သူ့အနားနေမှာမဟုတ်ပါဘူး။ သူပေးတဲ့စိတ်အတိုင်းသူပြန်ရတာပါ။ ပါးစပ်ဖျားကနေ လွယ်လွယ်လိမ်ညာတတ်သူဟာလည်း သူ့အကြောင်းသိသွားတဲ့အခါ သူ့ကို လူတွေက ရာနှုန်းပြည့် ယုံကြည်ပါတော့မလား။ ဘယ်သူမှမယုံကြည်တော့ခြင်းဟာလည်း သူ့အကျင့်အတိုင်း သူပြန်ရသွားတာပါပဲ။ ငွေကို လွယ်လွယ်သုံး၊ တန်ဖိုးမထားတတ်သူဟာလည်း အချိန်တန် အရေးပေါ်ငွေလိုတဲ့အခါ သူ့ထံမှာ ငွေက ရှိနေမှာမဟုတ်ပါဘူး။ အဲဒါသည်လည်း သူ့အကျင့်အတိုင်း သူပြန်ရတဲ့ရလဒ်ပါပဲ။
ကိုယ့်ထက်သာတဲ့လူအပေါ်မနာလို၊ ကောက်ကျစ်ယုတ်မာတဲ့အကျင့် ကျင့်ကြံတတ်သူဟာလည်း အချိန်တန် သူအရေးကြုံဒုက္ခရောက်ရင် သူ့ကို ကူညီမယ့်သူရှိနိုင်ပါ့အုံးမလား။ အဲဒါသည်လည်း သူပေးတဲ့အတိုင်း သူပြန်ရတာပါပဲ။

အဲဒါကြောင့် ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်ပြန်ရမယ်လို့ ပြောစမှတ်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ ကိုယ်ကအကောင်းဆုံးနေထိုင်ရဲ့သားနဲ့ ကိုယ့်ကျမှ ဘာလို့ ဆိုးရတာလဲရယ်လို့ ယူကြုံးမရ ဆိုးဝါးစွာ တုံ့ပြန်နေထိုင်လိုက်ခြင်းဟာ ကိုယ်အဆိုးတွေချည်းပြန်ရိတ်သိမ်းဖို့ဖြစ်လာမှာပါ။ တခါတလေ ဘဝမှာ နာကျင်ရတာတွေများတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖြစ်ပါတယ်။
“ဒီနာကျင်မှုတွေလိုမျိုးများ အခြားသူတစ်ယောက်ယောက်ကို ငါပေးခဲ့ဖူးလေသလား” ရယ်ပေါ့။ ဗုဒ္ဓဘာသာအယူအရဆို မမြင်နိုင်ဘဲ အတိတ်က လုပ်ခဲ့မိတာတွေအတွက် ပြန်ဆပ်နေရတာများလား....လို့ပြန်တွေးကြည်မိတော့ ရင်ထဲ ပေါ့သွားပါတယ်။ ဆပ်စရာရှိတာ ဆပ်လိုက်ရပြီကိုး။ တကယ်တော့ ကိုယ်က အကောင်းဆုံး ကျင့်ကြံနေထိုင်နေပါရက်နဲ့ ဘဝမှာ မထင်မှတ်ထားတဲ့ အဆိုးတွေ၊ အခက်အခဲတွေကြုံလာရတဲ့အခါမှာလည်း စိတ်ဓာတ်မကျလိုက်ပါနဲ့။ အထက်ကလို ဆပ်စရာရှိတာဆပ်လိုက်ရတယ်....လို့သာတွေးလိုက်ပါ။ လက်ရှိအချိန်မှာသာ သင်ခန်းစာယူတဲ့အနေနဲ့ ကိုယ်စိုက်ပျိုးမယ့်အပင်ကို နောင်သံသရာအတွက် အကောင်းဆုံးဖြစ်အောင်သာ စိုက်ပျိုးသင့်တယ်လို့ တွေးပါ။ တွေးတဲ့အတိုင်းကျင့်ကြံကြည့်လိုက်ပါ။
လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင် ကျင့်ကြံနေထိုင်၊ စိတ်ကောင်းထားခြင်းဟာ အပင်ကောင်းကောင်း စိုက်ပျိုးခြင်းပါပဲ။ ဒါမှသာ ကိုယ်ပြန်ရိတ်သိမ်းရမယ့်အခါ အကောင်းဆုံးတွေသာ ရိတ်သိမ်းရမှာမို့ပါ။

ရည်မှန်းချက်အတွက် ကြိုးစားခြင်းမှာလည်း အလားတူပါ။ ဘယ်လောက်အခက်အခဲကြုံကြုံ တစိုက်မတ်မတ် ဇွဲမလျော့ဘဲ ကြိုးစားခြင်းဟာ ကိုယ့်အတွက် တခုခုတော့ မဖြစ်မနေပြန်ရမှာပါပဲ။ ဇွဲလျှော့ချင်လာတိုင်း ကိုယ်စိုက်ပျိုးသမျှ ကိုယ်ပြန်ရမယ်လို့ပြန်တွေးကြည့်ပါ။ အခုလက်ရှိအချိန် သင်ဘာမှမလုပ်ဘဲ မှိုင်တွေနေခြင်းဟာ သင့်အတွက် အချိန်အလကားကုန်ရုံပဲရှိမှာပေါ့။ အဲဒါသည်လည်း သင့်အတွက် ဘာမှမလုပ်လို့ ဘာမှမရတာပဲ မဟုတ်လား။ တခုခုလိုချင်ရင် တခုခုတော့ လုပ်နေရမှာပါပဲ။
အဲဒါကြောင့် ဘဝမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ အနှောင့်အယှက်တွေ၊ ကိုယ့်ကို မနာလို ကောက်ကျစ် ချောက်တွန်းသူတွေ၊ ကိုယ်ဘယ်လောက်ကောင်းအောင် ကြိုးစားနေထိုင်ပါစေ အပြစ်တင်သူတွေ စသဖြင့် ကြုံရတဲ့အခါ တခုပဲ တွေးကြည့်ပါ။ ကိုယ်လုပ်နေတာသည် ကိုယ်ရမှာဖြစ်တာမို့ သူတို့လက်ရှိလုပ်နေခြင်းတွေသည်လည်း သူတို့သာ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်မကောင်းကြံခြင်းသည် သူတို့လုပ်နေတာမို့ သူတို့ အလားတူပြန်ရပါလိမ့်မယ်။ ကိုယ်ကြိုးစားနေခြင်းသာ မှန်ကန်ရင် ကြိုးစားမှုအသီးအပွင့်ကို ကိုယ်ရပါလိမ့်မယ်။ ကိုယ်က သူများကို ကောက်ကျစ်ခဲ့သည်ဆိုလျှင် ထိုအပြစ်ကိုလည်း ကိုယ်ခံစားရမှာပါပဲ။
အဲဒီ့အတွက် ဘာလေးပဲလုပ်လုပ် ကိုယ်လုပ်သမျှ ကိုယ်ရမယ်၊ ကိုယ်စိုက်ပျိုးသမျှ ကိုယ်သာလျှင် ရိတ်သိမ်းရမယ်လို့ တွေးပြီး ချင့်ချိန်သုံးသပ်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။