ဘယ်နေရာမှာမှ မအောင်မြင်တဲ့လူတွေရဲ့အကျင့်များ

ဘယ်နေရာမှာမှ မအောင်မြင်ဘဲ ဘယ်နေရာမှာမှ သေချာထူးချွန်ကျွမ်းကျင်မှုမရှိတဲ့လူအများစုဟာ သူတို့ကိုယ်သူတို့ စိတ်ကြီးဝင် ယုံကြည်မှုလွန်ကဲနေကြသူတွေဖြစ်ပါတယ်။ အဲဒါအပြင် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ဘယ်အရာကိုမှ ထိရောက်စွာ မသင်ယူချင်ဘဲ ကိုယ်သာလျှင် အတော်ဆုံးရယ်လို့ သွေးနထင်ရောက်နေသူများပါပဲ။ အဲဒါအပြင် သူတို့ကိုမေးကြည့်လိုက်ရင်လည်း ဘဝအတွက် သေချာတဲ့ရည်မှန်းချက်လည်းမရှိသလို၊ ရှိတဲ့ရည်မှန်းချက်အတွက်လည်း တစိုက်မတ်မတ်မကြိုးစားချင်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ဘဝမှာတကယ်အောင်မြင်တိုးတက်ချင်တယ်ဆိုရင်တော့ အမှားရှိရင်ပြုပြင်ပြီး အမှန်ဖြစ်အောင်ကြိုးစားရမှာပါ၊ ဘယ်နေရာမှာမဆို ကိုယ်နဲ့တန်တဲ့အလုပ်မရှိဘူးရယ်လို့ သွေးနထင်ရောက်နေလို့မဖြစ်နိုင်ပါဘူးနော်။ အဲ ဒါကြောင့် မအောင်မြင်တဲ့လူတွေရဲ့ အကျင့်ဆိုးတွေကို ရှောင်နိုင်ဖို့ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ရည်မှန်းချက်ပန်းတိုင် မသတ်မှတ်ထားခြင်း
တိကျတဲ့ရည်မှန်းချက်ပန်းတိုင်မရှိတာကြောင့် ကိုယ်တိုင်ဘယ်လမ်းကိုလျှောက်ရမယ်မှန်းမသိတဲ့လူလိုပါပဲ။ အဲဒါကြောင့်ကို ဘယ်နေရာမှာမှ ထူးချွန်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ဆုံးဖြတ်ချက်ချပြီးလုပ်ဆောင်တာမျိုးလည်းမရှိနိုင်ပါဘူး။ အဲဒါကြောင့်ပဲ ဘယ်နေရာမှာမှ မအောင်မြင်ပါဘူး။

၂) အခြားသူများကို အပြစ်တင်ခြင်း
များသောအားဖြင့် ကိုယ့်ရဲ့အားထုတ်မှုကိုမထုတ်သုံးဘဲ ဘေးပတ်ဝန်းကျင်က မိဘအသိုင်းအဝန်း၊ ကူညီဖေးမမယ့်သူကိုသာမျှော်နေတတ်ပြီး ထိုလူတွေကမကူညီလို့၊ ထိုလူတွေက လုပ်ခွင့်မပေးလို့ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ အပြစ်တင်နေတတ်ကြပါတယ်။

၃) ဆင်ခြေများခြင်း
ဘာလုပ်လုပ် ဆင်ခြေများပြီး အကြောင်းပြချက်ပေးတာများပါတယ်။ ဘာဖြစ်လို့ ……..ဘာအတွက်…..ဘာကြောင့်နဲ့တင် အကြောင်းပြချက်ပေးပြီး တခြားဘာမှ မလုပ်ဖြစ်ဘဲ အကြောင်းပြချက်ကိုသာ ကိုင်စွဲထားတတ်ပါတယ်။

၄) အခြားသူတွေရဲ့အထင်ကြီးခြင်းကို ခံယူလိုခြင်း
တကယ်မတတ်ဘဲ တတ်သယောင်ယောင်လုပ်တတ်ပြီး အခြားလူတွေရဲ့ အထင်ကြီးမှုကိုလည်း ခံချင်ကြပါသေးတယ်။ အဲဒါကြောင့် တကယ်မတတ်ရင် မတတ်ဘူးလို့ ရိုးသားစွာ သင်ယူကြတဲ့လူမျိုးမဟုတ်ဘဲ တတ်သယောင်ယောင်ဟန်ဆောင်တတ်သေးတာမို့ ဘယ်နေရာမှာမှ မအောင်မြင်တော့ပါဘူး။

၅) မိမိအရည်အချင်းတိုးတက်လာအောင် ကြိုးစားချင်စိတ်မရှိခြင်း
ကိုယ်က အားနည်းချက်ရှိတယ်ဆိုရင်လည်း အဲဒီ့အားနည်းချက်ကိုသာ တသသလုပ်နေတတ်တာမျိုးပါ။ ကိုယ့်ရဲ့အရည်အချင်းပိုပြီးတိုးတက်လာအောင် ပိုကြိုးစားမယ်လို့ အတွေးမျိုးမရှိဘဲ ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာတွေလောက်နဲ့ ပြဿနာအကြီးကြီးလိုမျိုး ခံစားနေတာမျိုးပေါ့။

၆) အခြားသောအကြောင်းအရာတွေဖြင့် အချိန်ဖြုန်းတတ်ခြင်း
အချိန်ကို လွယ်လွယ်ဖြုန်းတီးတတ်သူတွေပါ။ ပြောလိုက်ရင်သာ မိဘတွေကမှ မထောက်ပံ့တာ၊ မိဘကမှ ကြိုးစားခွင့်မပေးတာ၊ မိဘကမှခွင့်မပြုတာ၊ ဒီပတ်ဝန်းကျင်နဲ့ဆို မဖြစ်လောက်ပါဘူးဆိုပြီး မဆီမဆိုင်သူတွေကို အပြစ်ဖွဲ့နေတတ်ပြီး သူ့ကိုကြည့်လိုက်ရင်တော့ သူကိုယ်တိုင်က အချိန်ကိုအလကားဖြုန်းတီးနေတာတွေ့ရပါလိမ့်မယ်။

၇) ဘယ်လိုအတတ်ပညာကိုမဆို သေချာတတ်ကျွမ်းအောင်သင်ယူလိုစိတ်မရှိခြင်း
အောက်သက်မကြေဘူးဆိုတာမျိုးပါ။ ဘယ်လိုအတတ်ပညာကိုမဆို သေချာတတ်ကျွမ်းအောင် မသင်ယူချင်ပါဘူး။ အထက်ကပြောသလို လူအထင်ကြီးလည်းခံချင်သေးတာဆိုတော့ တတ်သယောင်ယောင်ဟန်ဆောင်တတ်ပြီး တကယ်မတတ်သေးတာတွေကိုလည်း တတ်ကျွမ်းအောင် အောက်သက်ကြေကြေမသင်ချင်ဘဲ ဆရာသာလုပ်ချင်တဲ့စိတ်ဓာတ်မျိုးရှိတာဖြစ်ပါတယ်။
အဲဒီ့အချက်တွေအားလုံးပိုင်ဆိုင်ထားတဲ့လူဆိုရင်တော့ သေချာပါတယ် ဘယ်နေရာမှာမှ အောင်မြင်ထူးချွန်ပြီး လူရာဝင်တဲ့လူဖြစ်နိုင်မှာမဟုတ်ပါဘူး။ လူရာဝင်ရင်တောင် ပင်ကိုယ်အရည်အချင်းမရှိတဲ့အတွက် ခဏတဖြုတ်ပဲလူရာဝင်မှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။