ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက်ဂရုစိုက်သင့်သော အစိတ်အပိုင်း ၃ပိုင်း

အောင်မြင်မှုအတွက် ကောင်းမွန်တဲ့စွမ်းရည်တွေလိုအပ်တယ်ဆိုတာ လူတိုင်းနားလည်ကြပါတယ်။ ကောင်းမွန်တဲ့စွမ်းရည်တွေရှိဖို့အတွက်ကတော့ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်ဖို့၊ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှုတွေရှိလာအောင် ကြိုးစားရမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်ယူရတာက ကိုယ့်ကိုကိုယ်တွန်းအားပေးရတာဖြစ်ပါတယ်။ အဲဒါက စိန်ခေါ်မှုပါပဲ။ စိန်ခေါ်မှုဆိုတာ မရှိဘဲ အနိုင်ရတဲ့သူဆိုတာ မရှိပါဘူး။ ဘဝဆိုတာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ စိန်ခေါ်မှုတွေကြားကပဲ အောင်မြင်အောင်ကြိုးစားရတာမဟုတ်လား။ အကျင့်ကောင်းတွေက ဖြစ်လာဖို့မလွယ်ပါဘူး။ ဒါပေမယ့် ဖြစ်လာပြီးရင်တော့ ပိုပြီးတိုးတက်နိုင်ပါတယ်။ အကျင့်တွေကိုပြောင်းလဲဖို့မလွယ်ဘူး၊ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ အချို့ကပြောကြပါတယ်။ အောင်မြင်မှုဆိုတာ စိတ်ဓာတ်တက်ကြွခြင်းက ၁၀ရာခိုင်နှုန်းပဲ၊ ကျန်တဲ့ ၉၀ရာခိုင်နှုန်းကတော့ ကိုယ်တိုင်ကြိုးစားခြင်းပါပဲတဲ့။ ဟုတ်ပြီ….အဲဒါဆိုရင် စိတ်ဓာတ်တက်ကြွခြင်းက ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ။ စိတ်ဓာတ်တက်ကြွခြင်းဆိုတာက စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်းပဲလေ။ စိတ်ဓာတ်တက်ကြွစွာ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်လိုက်မယ်။ အဲဒီ့စည်းကမ်းကိုလိုက်နာမယ်၊ နောက်ထက်စိတ်ဓာတ်တက်ကြွစရာ၊ စိတ်ဓာတ်ကွန့်မြူးစရာကတော့ အခြားအရာတွေထံမှာရှာဖွေသင့်ပါတယ်။ ဥပမာ။ စာဖတ်တာ၊ အတတ်ပညာအသစ်တွေသင်ယူတာမျိုးပါ။


၁) ဘာသာအယူဝါဒ (သို့) ယုံကြည်သက်ဝင်မှု
လူသားတွေက တိရိစ္ဆာန်တွေနဲ့မတူညီကြပါဘူး။ လူသားတွေမှာ သက်ဝင်ယုံကြည်မှုတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်သက်ဝင်မှုတွေကနေ ကျွန်တော်တို့အတွက် အားကိုးစရာ၊ ငြိမ်းချမ်းစရာ၊ စိတ်ခွန်အားဆိုင်ရာ တစ်ခုခုကို ရတတ်ပါတယ်။ ဥပမာ။ တရားထိုင်တာမျိုး။ ကိုယ့်ရည်ကိုယ်သွေးတိုးတက်စေဖို့ ဘာသာအယူဝါဒကလည်း သွယ်ဝိုက်သောနည်းလမ်းနဲ့ သက်ရောက်မှုရှိနေပါတယ်။ ကိုယ့်ယုံကြည်ရာအလိုက် ကိုးကွယ်ယုံကြည်ရာကို အမြဲတစေလုပ်နေသင့်ပါတယ်။ ကိုယ်ယုံကြည်ရာ ဘာသာအယူဝါဒကို အချိန်တစ်ခုသတ်မှတ်ပြီးပုံမုန်လုပ်ဆောင်တာမျိုးက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

၂) ရုပ်ပိုင်းဆိုင်ရာ
စိတ်နဲ့ ခန္ဓာကိုယ်က အတူတကွ အလုပ်လုပ်နေကြရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ထိုအရာနှစ်ခုလုံးကို အာရုံစိုက်ဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း၊ ဖွံ့ဖြိုးခြင်းနဲ့ ခန္ဓာကိုယ်ကျန်းမာခြင်း၊ ဖွံ့ဖြိုးခြင်းကလည်း အရေးကြီးပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းက ခံစားချက်တွေကို ကောင်းမွန်စေပါတယ်။ သင့်ကိုသင် ယုံကြည်မှုရှိနေစေပါမယ်။ အဲဒီ့တော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့က အာဟာရပြည့်ဝခြင်းနဲ့လည်းဆိုင်ပါတယ်။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာနေတဲ့အခါ အလုပ်တွေကိုတက်ကြွစွာသင်လုပ်နုငိလာမယ်၊ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းမယ်၊ အဲဒါကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစာအာဟာရတွေပြည့်ဝအောင် ဂရုစိုက်ပါ။
ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကို ဂရုစိုက်တဲ့အခါ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကြောင့် အလုပ်ခွင်မှာ အခြားသူတွေနဲ့ဆက်ဆံရးမှာ ပိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးသလို၊ ပိုပြီးလည်း အဆင်ပြေစေပါတယ်။ အခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း သင်ရနိုင်ပါတယ်။ အဲဒါကြောင့် ကျန်းမာဖို့လိုသလို၊ အပြင်ပန်းသွင်ပြင်မှာလည်း သပ်ရပ်အောင်၊ ကြည့်ကောင်းအောင်၊ ယုံကြည်မှုရှိအောင် နေထိုင်ဝတ်စားဆင်ယင်ဖို့က သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

နောက်တစ်ခုက အပြုအမူပိုင်းဆိုင်ရာပါ။ သင့်ရဲ့ဝတ်စားဆင်ယင်မှုနဲ့သာမက သင့်ရဲ့အခြားသူများအပေါ်ပြုမူတဲ့အပြုအမူက ရိုင်းစိုင်းနေတာမျိုး၊ မကောင်းတဲ့အပြုအမူမျိုးဖြစ်နေရင် ဘယ်သူကမှ သင့်ကို အထင်ကြီးလေးစားမှာမဟုတ်ပါဘူး။ အဲဒါအပြင် သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးဘယ်လောက်ပဲတော်နေတတ်နေတယ်ပြောပြောပါစေ ဘယ်သူကမှ အယုံအကြည်ရှိမှာမဟုတ်ပါဘူး။ ဥပမာ။ အပြောကြီးပြီး မဖြစ်မြောက်တာမျိုး၊ အခြားတစ်ဖက်လူကို နှိမ်တဲ့အပြုအမူ၊ စကားမျိုးပြောတာမျိုးပေါ့။
အခြားသူများကိုဆက်ဆံတာဖြစ်စေ၊ ကိုယ့်ရဲ့အပြုအမူ၊ အနေအထိုင်က ကိုယ်လုပ်နိုင်တဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ပြောချင်တာက ဟန်မဆောင်ပါနဲ့။ စိတ်ကောင်းထားရမယ်ဆိုလည်း အကောင်းဆုံးစိတ်စေတနာထားပြီး ကူညီလိုက်ပါ။ ဘာမှပြန်မမျှော်လင့်ပါနဲ့။ အခြားသူများအပေါ် အကောင်းဘက်ကနေပဲ ဆက်ဆံပါ။ ဘယ်လိုတုံ့ပြန်မှုကိုမှ မမျှော်လင့်ဘဲနဲ့ပေါ့။

၃) စိတ်ပိုင်းဆိုင်ရာ
နောက်ဆုံးတစ်ချက်ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ။ ကောင်းမွန်တဲ့အကျင့်ကောင်းတွေကို ကိုယ့်ကိုကိုယ်ပျိုးထောင်ပါ။ အကျင့်ကောင်းတွေကို အလေ့အကျင့်ဖြစ်လာအောင် ကိုယ့်ကိုကိုယ်မောင်းနှင်ပါ။ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ပါ။ အဲဒီ့စည်းကမ်းတွေကို အတတ်နိုင်ဆုံးလိုက်နာနိုင်အောင် လုပ်ပါ။ စာဖတ်တဲ့အလေ့အကျင့်ကို အမြဲတစေမွေးမြူပါ။ မကောင်းတဲ့အကျင့်ဆိုးတွေကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ပစ်နိုင်အောင်ကြိုးစားပါ။ ကိုယ့်အပေါ် မကောင်းတဲ့အကျင့်ဆိုးတွေဖြစ်လာစေသူများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါ။ ကိုယ့်အပေါ်မှာ စိတ်ပိုင်းဆိုင်ရာအရ ဆိုးဝါးတဲ့ခံစားချက်တွေဖြစ်လာစေနိုင်တဲ့သူတွေကိုလည်း တဖြေးဖြေးချင်း စွန့်ခွာပါ။ ကိုယ့်ရဲ့စိတ်ထဲက ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကို အမြဲလို ဆန်းစစ်နေသင့်ပါတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့အောင် ပြုမူသူတွေ၊ အပြစ်တင်သူတွေ၊ တိုက်ခိုက်သူတွေ ကိုယ့်အနားမှာ ဘယ်နှစ်ယောက်ရှိသလဲ။ ကိုယ့်ကို တနည်းနည်းနဲ့ ကိုယ့်ယုံကြည်မှုတွေ ပါးလာအောင် လုပ်နေသလား။ ကိုယ့်အပေါ် ဘယ်သူကတော့ စိတ်ရင်းအမှန်နဲ့ တကယ် ဝေဖန်အကြံပေးနေသလဲ။ ကိုယ်ကကော ဘာတွေမှားနေသလဲ၊ ဘာတွေပြုပြင်သင့်နေပြီလဲ။ စသဖြင့် ကိုယ့်ကိုကိုယ်အမြဲလို ဝေဖန်သုံးသပ်နေသင့်ပါတယ်။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုကိုယ်လေးစားမှုရှိနေခြင်းက ကိုယ့်ကိုကိုယ်လည်း ပိုပြီးယုံကြည်မှုတိုးစေပါတယ်။

အဲဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမယ့် စည်းကမ်းတွေကို ကိုယ့်ဟာကိုယ်သတ်မှတ်ပါ။ လိုက်နာနိုင်အောင်လုပ်ပါ။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို စွန့်ခွာပါ။ အကျင့်ဆိုးဖြစ်လာစေသူ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပျက်ပြားအောင် လုပ်နိုင်သူတွေစသဖြင့်ပေါ့။ အသစ်တွေကို သင်ယူပါ။ ကိုယ်တကယ်စိတ်အားထက်သန်တာလေးတွေကိုသာ လုပ်ပါ။ ကိုယ့်ရဲ့လမ်းကြောင်းက အစဆိုရင် ခက်ခဲတတ်တာကို သတိရပါ။ အခက်အခဲကို ကျော်ဖြတ်နိုင်အောင်လုပ်ပါ။ အခက်အခဲတွေကျော်ဖြတ်နိုင်တဲ့အခါ ပန်းခင်းထားတဲ့လမ်းကိုလျှောက်နိုင်ပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။