မိမိကိုယ်သာ ကိုးကွယ်ရာ……

Life isn't finding shelter in the storm. It's about learning to dance in the rain. Sherrilyn Kenyon ပြောထားတဲ့စကားလေးက သိပ်ကိုလှပါတယ်။ “ဘဝဆိုတာ မုန်တိုင်းထဲမှာ ခိုလှုံရာရှာရမှာမဟုတ်ပါဘူး။ မိုးစက်တွေနဲ့အတူ ကခုန်တတ်ဖို့ သင်ယူရမှာဖြစ်ပါတယ်”တဲ့။ ဒီစာသားလေးဖတ်မိတော့ တွေးမိသွားပါတယ်။ တကယ်တော့ ဘဝကမုန်တိုင်းထန်တယ်ဆိုရင် ဒီမုန်တိုင်းထဲကနေ လွတ်မြောက်ဖို့ရာအတွက် ခိုလှုံနိုင်မယ့်နေရာတစ်ခုကိုရှာရမှာမဟုတ်ပါဘူးတဲ့။ မုန်တိုင်းထဲက မိုးရေစက်တွေစိုရွှဲနေရင်းနဲ့တောင် ပျော်ရွှင်အသားကျနေအောင် နေတတ်ဖို့သင်ယူရမယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။


တကယ်တမ်းတွေးကြည့်ရင်တကယ်မှန်တာပါ။ ကျွန်မတို့တွေဟာ များသောအားဖြင့် ဘဝမှာအခက်အခဲကြုံလာတဲ့အခါ ထိုအခက်အခဲကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ အားကိုးရာဘာရှိမလဲဆိုတာမျိုးသာတွေးတတ်ကြပါတယ်။ တနည်းအားဖြင့်တော့ ကူညီမယ့်သူကို အဓိက ရှာတတ်ကြပါတယ်။

တကယ်တော့ ကျွန်မတို့ဘဝတွေမှာ အခက်အခဲဆိုတာ ဒီတစ်ကြိမ်သာကြုံတွေ့ကြရမှာမဟုတ်ပါဘူး။ မထင်မှတ်ထားတဲ့အခက်အခဲတွေရော ကြိုတွေးထားတဲ့အခက်အခဲတွေရော ကြုံတွေ့နိုင်ပါတယ်။ အဲဒါကြောင့် အခက်အခဲကြုံတိုင်း အားကိုးရာ၊ ကူညီမယ့်သူ့ကိုပဲ ရှာနေတော့မယ်ဆိုရင် တစ်သက်လုံး သူတပါးကိုချည်း အားကိုးနေရတော့မှာပါ။ ကိုယ်တိုင်ဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင် ဒီတစ်ကြိမ်ဖြေရှင်းနိုင်ခဲ့ခြင်းသည် ကိုယ့်အတွက် ဒီတစ်ကြိမ်စွမ်းရည်တိုးတက်လာစေမှာပါပဲ။ နောက်ထပ် ပိုခက်တဲ့အခက်အခဲတွေရင်ဆိုင်ရတဲ့အခါမှာလည်း အခါခါ ဖြေရှင်းနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာပြီး ကိုယ့်ရဲ့စွမ်းရည်လည်းတိုးလာစေမှာပါ။

ဒါပေမယ့် အဲဒီ့လို ကြုံလာတဲ့အခက်အခဲတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ဘဲ အခြားလူတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ဖြေရှင်းပေးမလားဆိုတဲ့ မျှော်လင့်ချက်မျိုးထားမိတဲ့အခါ ကိုယ့်ရဲ့လက်ရှိအချိန်တွေ အလကားကုန်သွားနိုင်ပါတယ်။ အဲဒါအပြင် ကိုယ်တိုင်အားစိုက်ထုတ်ကြိုးစားဖို့လည်း လျော့သွားပါတယ်။ ကိုယ်တိုင် ရသလောက်အားစိုက်ထုတ်ဖို့ အာရုံမရှိတော့ပါဘူး။ တကယ်လို့များ အခြားလူတစ်ယောက်က ဝင်ပြီးကူညီပေးလိုက်ခြင်းကို ခံလိုက်ရပြန်ရင်လည်း နောက်ထပ်သော အခက်အခဲတွေကြုံလာရင် အကူအညီရလိုရငြားမျှော်လင့်မိနေအုံးမှာပါပဲ။ အဲဒီအခါ အခက်အခဲမှန်သမျှကို ရဲဝင့်စွာရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုတဲ့ သင့်ကိုယ်သင် ဆုံးရှုံးရပါလိမ့်မယ်။ အဓိကက သင့်ဘဝကို ကူညီဖေးမပေးမယ့်လူတွေကို မျှော်လင့်ဖို့မဟုတ်ဘဲ သင်ကိုယ်တိုင် သင့်ကိုယ်သင်ကယ်တင်နိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။
သင့်ကိုယ်သင်မှ မကယ်တင်နိုင်ရင် ဘယ်သူကမှ သင့်ကိုကယ်တင်နိုင်မှာမဟုတ်ပါဘူး။ အခက်အခဲတွေ ဘယ်လောက်များများ ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ထားရှိတဲ့လူကသာ ဘယ်လောက်ကြီးမားတဲ့အခက်အခဲရှိပါစေ ကျော်ဖြတ်နိုင်တဲ့သတ္တိရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် Thomas Jefferson ပြောခဲ့တာပါ။ "“ရဲစွမ်းသတ္တိအပြည့်နဲ့ လူတစ်ယောက်ဟာ အပြောင်းအလဲများစွာကို လုပ်နိုင်ပါတယ်"”တဲ့။ ဘယ်လိုအခက်အခဲမျိုးမဆို မရရအောင် ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုတဲ့စိတ်ထားရှိတဲ့သူဟာ ဘယ်လိုအခက်အခဲမဆို မကြောက်မရွံ့နဲ့ ကျော်ဖြတ်ဖို့ အင်အားတွေရှိနေမှာပါပဲ။ အဲဒါကြောင့်လည်း ဘယ်လိုမျိုးအပြောင်းအလဲမဆို လက်ခံပြီး ကျော်ဖြတ်နိုင်မှာပါ။
အဲဒီ့အတွက် “ မိမိကိုယ်သာ ကိုးကွယ်ရာ…..” လို့ ပြောကြတာဖြစ်ပါတယ်။

ဘဝရဲ့အခက်အခဲတွေအတွက် မိမိကိုယ်တိုင်ကသာ အရေးကြီးတာဖြစ်ပါတယ်။ ကိုယ့်ကို ဘေးကနေ ဖေးမကူညီမယ့်သူတွေရှိဖို့ လုံးဝမလိုအပ်ဘူးလို့ မဆိုလိုပါဘူးနော်။ ဒါပေမယ့် အမြဲလိုလို ဘေးကနေဖေးမကူညီမယ့်လူကိုပဲ မျှော်လင့်ပြီး ကိုယ်တိုင်ဖြေရှင်းဖို့ မကြိုးစားလို့မရပါဘူးလို့ပြောချင်တာပါ။ ကိုယ့်ဘဝရဲ့အခက်အခဲမှန်သမျှကို ကူညီနိုင်မယ့်သူရှိသည်ဖြစ်စေ….မရှိသည်ဖြစ်စေ……ကိုယ်တိုင်ကြိုးစားရမှာ ကိုယ့်တာဝန်ပါပဲ။ အဲဒါကြောင့် မိမိကိုယ်သာ ကိုးကွယ်ရာ…..ဖြစ်ပြီး မိမိကိုယ့်ကိုယ်အားကိုးဖို့ အရေးကြီးပါတယ်။
အဲဒီ့အတွက်ကြောင့် ဘဝရဲ့ လဲကျမှုတိုင်းမှာ၊ ဘဝရဲ့အဆင်မပြေမှုတိုင်းမှာ၊ ဘဝရဲ့အခက်အခဲတိုင်းမှာ ကိုယ့်ဘေးမှာ ဖေးမမယ့်သူ ဘယ်သူမှမရှိပါလား…..ရယ်လို့ ဝမ်းနည်းအားမငယ်ပါနဲ့နော်။

"မနေ့က သင်လဲကျခဲ့တယ်ဆိုရင်.....ဒီနေ့တော့ မတ်တပ်ရပ်လိုက်ပါ" ဆိုတဲ့ H. G. Wells စကားလိုပေါ့။ ကိုယ်လဲကျသွားတဲ့အခါ ထူပေးမယ့်သူမရှိတာ ဝမ်းနည်းစရာမဟုတ်ပါဘူး။ ကိုယ်လဲကျတဲ့အခါ ကိုယ့်ဟာကိုယ်ပြန်မထမိမှာကိုသာ စိုးရိမ်စရာပါ။ ဘဝရဲ့ပြဿနာတိုင်းဟာ သင့်ကို ဘဝမှာ ဘယ်လိုရှင်သန်နေထိုင်သင့်တယ်၊ ဘယ်လိုပုံစံမျိုးနဲ့ ကျော်လွှားရမယ်ဆိုတဲ့ လမ်းညွှန်ချက်ဆိုင်းဘုတ်တွေသာဖြစ်ပါတယ်။
ကိုယ့်စွမ်းရည်သည်သာအရေးအကြီးဆုံးဖြစ်ပြီး ဘယ်လိုအခက်အခဲပြဿနာမဆို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ ဇွဲလုံ့လသာအရေးအကြီးဆုံး၊ ကိုယ့်ဘဝအတွက် ကိုယ့်ရဲ့အကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့စိတ်ကသာ အရေးကြီးဆုံးမို့ မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်ပါတယ်နော်။ အဲဒီ့အတွက် သင်လုံးဝ(လုံးဝ) လဲကျ အရှုံးပေးလို့မဖြစ်ပါဘူးနော်။ အဲဒါအပြင် သင့်ကိုကူညီပေးမယ့်သူထက် သင့်ကိုယ်သင်ဘယ်လိုကူညီနိုင်မလဲဆိုတာသာ စဉ်းစားရမှာဖြစ်ပါတယ်။

အဲဒါကြောင့် သင့်ကိုယ်သင်သာ ကိုးကွယ်ရာအဖြစ်မှတ်ယူပြီး ကိုယ့်ဘဝအတွက် ဘာဖြစ်ဖြစ်အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ဖို့ ကိုယ်တစ်ယောက်လုံးရှိတယ်ဆိုတဲ့စိတ်သာမွေးပြီး ဘဝကို ရင်ဆိုင်ဖြတ်သန်းဖို့ တိုက်တွန်းလိုက်ပါတယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။