ကမ္ဘာကြီးပူနွေးလာမှုအတွက် ဘာတွေလုပ်သင့်သလဲ။

ကမ္ဘာကြီးပူနွေးလာမှုဆိုတာ ဘာလဲ….. ကမ္ဘာကြီးပူနွေးလာခြင်းဆိုသည်မှာ ၂၀ရာစု အလယ်ပိုင်းလောက်ကစတင်ပြီး ကမ္ဘာ့မြေမျက်နှာပြင်နဲ့ နီးကပ်သည့် လေထုနဲ့ ပင်လယ်ရေအပူချိန် မြင့်မားလာခြင်းဖြစ်ပါတယ်။ ခုချိန်ထိလည်း အပူချိန်ဆက်လက်တိုးမြင့်နေဆဲလို့ ဖော်ပြထားကြပါတယ်။


အကြောင်းရင်းများ……
ကမ္ဘာကြီးပူနွေးလာရတဲ့အကြောင်းရင်းပေါင်းများစွာရှိပါတယ်။ အထူးသဖြင့်တော့ လူတွေရဲ့ ဖန်တီးမှုတွေနဲ့ လောင်စာများအသုံးချခြင်း၊ စက်ရုံများပေါများလာခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုများပြားလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊
သစ်တောပြုန်းတီးခြင်း၊ စွမ်းအင်သုံးစွဲမှုများပြားလာခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ကမ္ဘာ့အပူချိန်တိုးမြင့်လာခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာစေပြီး မိုးရွာသွန်းမှုပုံစံနဲ့ မိုးရေချိန်တွေပြောင်းလဲလာပါတယ်။ အဲဒါကြောင့် အပူလျော့ပိုင်းဒေသ ကန္တာရပိုမိုကျယ်ပြန့်လာစေနိုင်ပါတယ်။
ဆိုးကျိုးများ……….
ဆိုးကျိုးတွေကတော့ အများကြီးဖြစ်လာနိုင်ပါတယ်။ ရေကြီးရေလွှမ်းမိုးမှုတွေ ပိုများလာနိုင်ပါတယ်။ မိုးခေါင်ရေရှားပါးမှုတွေလည်း ပိုဖြစ်လာပါတယ်။ ဟာရီကိန်းကဲ့သို့ မုန်တိုင်းတွေပိုပြီး ပြင်းထန်စွာဖြစ်လာနိုင်ပါတယ်။ ဝန်ရိုးစွန်း ဒေသမှ ရေခဲတောင်တွေ အရည်ပျော်လာနိုင်ပြီး ပိုလာဝက်ဝံတွေမျိုးတုံး နိုင်ပါတယ်။(နောက်ထပ်သော သတ္တဝါပေါင်းများစွာလည်း မျိုးတုံးနိုင်ပါတယ်)
ရေတွင်းရေကန်တွေ ခန်းခြောက်နိုင်တဲ့အတွက်
သန့်ရှင်းတဲ့ရေရှားပါးလာပြီး ရေထုညစ်ညမ်းမှုတွေလည်း ပိုဖြစ်လာနိုင်ပါတယ်။ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းကဲ့သို ရာသီဥတုဖောက်ပြန်မှုတွေဖြစ်နိုင်ပါတယ်။ ကုန်းနေ၊ ရေနေသတ္တဝါတွေ မျိုးတုံးမှုတွေများလာနိုင်ပါတယ်။ လေထုညစ်ညမ်းမှုပိုများလာနိုင်တဲ့အတွက် ရောဂါတွေပြန့်နှံ့လွယ်လာနိုင်ပြီး ရောဂါအသစ်အဆန်းတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အကြမ်းဖျင်းဖော်ပြထားတာဖြစ်ပြီးတော့ ဒီထက်ဆိုးဝါးတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
အဓိကကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုနဲ့ တိုက်ရိုက်ပတ်သက်မှုရှိနေပါတယ်။
အဲဒါကြောင့် ကမ္ဘာကြီးပူနွေးခြင်းအတွက် အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်တာရှောင်ကျဉ်လို့ ဆင်ခြင်သင့်တာပါတယ်။ ဆင်ခြင်ဖို့အတွက် အလွယ်ဆုံးနည်းလမ်းလေးကို လုပ်ရင်းနဲ့ အချင်းချင်းလက်တို့လို့ သတိပေးလိုက်ကြပါအုံး။
၁) အလင်းရောင်ကိုပြောင်းလဲပါ။
ပုံမှန်အလင်းရောင်ပေးတဲ့မီးလုံးနေရာမှာ fluorescent light bulb ဆိုတဲ့မီးလုံးမျိုး အစားထိုးသုံးပါ။ ထိုမီးသီးမျိုးက တစ်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၁၅၀ ပေါင်လျော့နည်းစေနိုင်ပါတယ်။
၂) စက်နိုးမောင်းနှင်သွားလာတာတွေလျော့ပါ။
လမ်းလျှောက်တာ၊ စက်ဘီးစီးတာ မျိုးတွေနဲ့ သွားလာနိုင်သမျှ သွားလာပါ။ အတတ်နိုင်ဆုံး ကားမောင်းပြီးသွားလာတာမျိုးကို လျော့နည်းပါစေ။ စက်နိုးအင်ဂျင်တွေက ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု တစ်ပေါင်သက်သာလည်း မနည်းပါဘူး။
ကိုယ်ခွန်အားကို အသုံးပြုပြီး လုပ်နိုင်တာကို လုပ်သင့်ပါတယ်။ အဲလိုမှမဟုတ်ရင်ဘဲ စက်ပစ္စည်းတွေမှာ ဓာတ်ငွေ့၊ ဓာတ်ဆီ၊ လောင်စာတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပိုဖြစ်လာနိုင်ပါတယ်။ ဓာတ်ငွေ့၊ ဓာတ်ဆီ အသုံးပြုမှု တစ်ဂါလံခန့်လျော့နည်းသွားလေလေ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု ပေါင်၂၀ခန့် လျော့နည်းစေပါတယ်။
၃) ပြန်သုံးလို့ရတာတွေ ပြန်သုံးပါ
အိမ်မှာအသုံးပြုတဲ့ပစ္စည်းတွေကို အသုံးပြုလို့ရတဲ့နေရာမျိုးမှာ ပြန်လည်အသုံးပြုခြင်းက စက်ရုံတွေမှာ ထိုပစ္စည်းတွေ ထုတ်လုပ်မှု လျော့နည်းသွားစေနိုင်တဲ့အတွက်
တစ်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ၂၄၀၀ပေါင်ခန့် သက်သာစေနိုင်ပါတယ်။ အဲဒါကြောင့် အိမ်သုံးပစ္စည်းတွေ၊ ပလပ်စတစ်တွေ၊ ဘူးခွံတွေ စသည်ဖြင့် ပြန်လည်အသုံးပြုပါ။
၄) ထုပ်ပိုးထားတဲ့ပစ္စည်းတွေကို လျော့သုံးပါ။
ထုပ်ပိုးထားတဲ့အခါ အထုပ်အပိုးတွေကို ဖယ်ရှားပြီး လွှင့်ပစ်တတ်ကြပါတယ်။ အဲဒီ့အခါ ပိုပြီးအမှိုက်တွေများလာပါတယ်။ ပလပ်စတစ်လိုမျိုး ပစ္စည်းတွေဆိုရင် ပိုပြီးဆိုးဝါးစေပါတယ်။ နှစ်ပေါင်းများစွာ မဆွေးမြေ့နိုင်တဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ထုပ်ပိုးထားတဲ့ပစ္စည်းတွေကို လျော့သုံးသင့်ပါတယ်။ လျော့သုံးလိုက်တဲ့အခါ စက်ရုံတွေက ထုပ်ပိုးဖို့အတွက် ပစ္စည်းတွေ ထုတ်လုပ်မှု လျော့ကျသွားပါလိမ့်မယ်။ ထိုအခါ အမှိုက်သရိုက်တွေ နည်းသွားပြီး လေထုထဲကို ကာဗွန်ဒိုက်အောက်ဆိုက်ရောက်ရှိမှုလည်း နည်းပါးသွားနိုင်ပါတယ်။ ၁၀ရာခိုင်နှုန်းခန့် ထုပ်ပိုးမှုတွေ လျော့ကျသွားမယ်ဆိုရင်တောင် ကာဗွန်ဒိုင်အောက်ဆိုက် ၁၂၀၀ပေါင်ခန့် သက်သာသွားမှာပါ။
၅) အပင်များများစိုက်ပါ။
သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်လည် ထုတ်လွှတ်ပေးပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်။ ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ အဲဒါကြောင့် အတတ်နိင်ဆုံး အပင်တွေ စိုက်သင့်ပါတယ်။ အပင်တစ်ပင်စိုက်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် တစ်တန်ခန့် စုပ်ယူနိုင်ပါတယ်။
သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ သစ်ပင်တွေမခုတ်ပါနဲ့။ ကိုယ်တိုင်ကစ တစ်ပိုင်တစ်နိုင် အပင်စိုက်ပါ။
၆) လျှပ်စစ်ပစ္စည်းတွေ လျော့သုံးပါ၊ စွမ်းအင်ချွေတာသုံးပါ။
အိမ်မှာ မသုံးတဲ့ မီးခလုတ်တွေ ပိတ်ထားပါ။ တစ်နေ့လုံး လျှပ်စစ်မီးသုံးတာ၊ ကွန်ပျူတာ၊ ဒီဗွီဒီစက်၊ တီဗွီ၊ စတဲ့ပစ္စည်းတွေ မသုံးရင် ပိတ်ထားပါ။ အဲကွန်းအချိန်ပြည့်ဖွင့်တာမျိုး လျော့ပါ။ ထိုကဲ့သို့ (တစ်အိမ်ကနေအများစုမှ) ထိုစွမ်းအင်တွေချွေတာလိုက်ခြင်းက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ထောင်ပေါင်းများစွာ လျော့နည်းသွားနိုင်ပါတယ်။
အဲကွန်းတွေ၊ heater တွေ မလိုအပ်ဘဲ အသုံးပြုတာကို လျော့ပါ။ ဆောင်းရာသီမှာ ၂ဒီဂရီခန့်လျော့သုံးပြီး နွေရာသီမှာ ၂ဒီဂရီခန့်လျော့သုံးခြင်းကြောင့် ကာဗွန်ဒိုက်အောက်ဆိုက်ထုတ်လွှတ်မှု ပေါင်ချိန် ၂၀၀၀ ခန့်လျော့နည်းစေနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အချက်လေးတွေက လူတိုင်း၊ အိမ်တိုင်းလိုလို လိုက်နာလို့ လွယ်ကူတဲ့အချက်လေးတွေပါ။ လူတိုင်း တစ်ယောက်စီကနေ တစ်အိမ်ထောင်၊ တစ်မိသားစုကနေ တစ်နိုင်ငံ၊ တစ်နိုင်ငံကနေ အားလုံးက နည်းနည်းစီထိန်းသိမ်းသွားကြမယ်ဆိုရင် ကမ္ဘာကြီးပူနွေးမှုကြောင့် ဆက်ဖြစ်လာမယ့် ဆိုးကျိုးတွေ နည်းပါးသွားနိုင်ပါတယ်။ အဲဒါကြောင့် ဒီပို့စ်လေးကို ရှယ်ပြီး အချင်းချင်း နှိုးဆော်တိုက်တွန်းပေးကြပါအုံး။
Wikipedia နဲ့ google မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။