ကလေးရဲ့ screen time ကို ဘယ်လိုလျှော့ချမလဲ။

ဒီနေ့ခေတ်က digital ခေတ်ဖြစ်တဲ့အတွက် ဖုန်း၊ လက်တော့၊ ကွန်ပျူတာ စသဖြင့် အမျိုးမျိုးကို မသုံးချင်လည်း အသုံးပြုနေကြရတာပါပဲ။ ထိုကဲ့သို့အသုံးပြုရတဲ့အတွက် ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ လူကြီးတွေအတွက်လည် းဆိုးကျိုးရှိရုံမက ကလေးတွေမှာလည်း ဖုန်းကိုစွဲလမ်းခြင်း၊ ဂိမ်းစွဲလမ်းခြင်း စတဲ့ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းရှိတဲ့လူကြီးတွေမှာတောင် ထိုဆိုးကျိုးရဲ့ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အခါ အသိဉာဏ်မကြွယ်ဝသေးတဲ့ကလေးတွေအတွက် ဆိုးကျိုးတွေက ပိုပြီး ပြင်းထန်ပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့ screen time ကို အကန့်အသတ်နဲ့ အသုံးပြုခိုင်းသင့်ပါတယ်။ ဘယ်လိုကန့်သတ်မလဲဆိုတာလေး ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) အချိန်နဲ့သုံးခွင့်ပေးပါ။
ကလေးက ဖုန်းကို စပြီး သုံးပြီဆိုရင် ကလေးကို ကြိတင်ပြီး သုံးဖို့ ခွင့်ပြုမယ့်အချိန်ကို ပြောပြထားလိုက်ပါ။ “ခုအချိန်ကစပြီး နောက်တစ်နာရီအတွင်းပဲ သုံးရမယ်နော်….ဘယ်အချိန်ဆိုရင် သိမ်းရမယ်” လို့ ပြောထားတာမျိုးပါ။ ကလေးတွေကို အသက်အလိုက် ဘယ်နှစ်နာရီသုံးသင့်တယ်ဆိုတာကို ကလေးနဲ့ screen time ဆိုတဲ့ပိုစ့်မှာရေးဖူးပါတယ်။ သုံးသင့်တဲ့အချိန်အကန့်အသတ်အတွင်းသုံးခိုင်းတာက ကလေးရဲ့ မျက်လုံးကျန်းမာရေးနဲ့အာရုံကြောကို မထိခိုက်သလို ကိုယ်လည်း ကလေးကိုထိန်းချုပ်ရလွယ်စေပါတယ်။
၂) တစ်နေ့မှာ တစ်ချိန်သာသုံးသင့်တယ်ဆိုတာ ပြောပြထားပါ။
တစ်နေ့လုံးမှာ တခါတောင်းသုံးရင် တစ်နာရီ၊ နောက်တစ်ခါတောင်းသုံးရင် တခါထပ်ပြီးခွင့်ပြုတာမျိုးမလုပ်သင့်ပါဘူး။ ကလေးက ဖုန်းသုံးဖို့တောင်းတဲ့အခါ တစ်ခါတည်း ရှင်းပြထားလိုက်ပါ။ “ဒီနေ့တစ်နေ့လုံးအတွက် ဒီတစ်ခါတောင်းသုံးပြီးရင် တစ်နေ့လုံးမသုံးရတော့ဘူးနော်” ဆိုတာမျိုးနဲ့ သတိပေးပါ။ တကယ်လည်း ကလေးက နောက်တစ်ကြိမ်ထပ်တောင်းသုံးတဲ့အခါ မပေးသုံးပါနဲ့တော့။
၃) အပြင်ထွက်ဆော့ကစားဖို့ အချိန်ပိုယူပါ။
အထူးသဖြင့် မြို့ထဲမှာနေုထိုင်သူတွေအတွက် တိုက်ခန်းနဲ့နေထိုင်သူများပါတယ်။ တိုက်ခန်းတွေလည်း ပေါများလာပါတယ်။ အဲဒီ့အခါ အရင်ခေတ်တွေတုန်းကလို မြေပြင်မှာ ပြေးလွှားခုန်ပေါက်ဆော့ကစားဖို့ရာ နေရာရှားပါးလာပါတယ်။ ကလေးတွေရဲ့ကျောင်းကျူရှင်၊အခြားသင်တန်း စတဲ့အချိန်တွေနဲ့တင်ပြည့်နေတတ်တဲ့အခါ ကလေးတွေမှာ အားလပ်ချိန်နည်းပါးလာပါတယ်။ နည်းပါးလာတဲ့အားလပ်ချိန်နဲ့ ဆော့ကစားစရာနေရာလွတ်နည်းပါးလာခြင်းက ကလေးတွေကို ဖုန်းနဲ့အပန်းဖြေတဲ့အချိန်ပိုများလာစေပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားလပ်ချိန်နည်းပါးမှုနဲ့ နေရာလွတ်နည်းပါးမှုကို နားလည်ပါ။ ကလေးရဲ့အားလပ်ချိန်လေးတွေမှာ ငွေကုန်ကြေးကျမများဘဲ လွတ်လပ်စွာဆော့ကစားနိုင်မယ့်နေရာမျိုးကို မိဘက သိထားသင့်ပါတယ်။ အဲဒါအပြင် ကလေးရဲ့အားလပ်ချိန်နဲ့ ညှိုပြီး ရက်ခြားဆိုသလို အပြင်ထွက်ဆော့ကစားဖို့ အချိန်သတ်မှတ်ပေးသင့်ပါတယ်။ အဲဒါမှ ကလေးရဲ့ screen time ကလည်း လျှော့မှန်းမသိလျှော့သွားမှာဖြစ်ပါတယ်။
၄) မိဘကိုယ်တိုင်လည်း ကလေးနဲ့အချိန်ပေးပါ။
မိဘကိုယ်တိုင်ကလည်း screen time ကို လျှော့ပြီး ကလေးနဲ့ ဖက်လှဲတကင်းဆော့ကစားတဲ့အချိန်မျိုးပေးသင့်ပါတယ်။ ကလေးနဲ့ ကျောင်းက သင်ခန်းစာတွေအတူပြန်နွှေးတာမျိုး၊ ပုံပြင်ပြောတဲ့အချိန်သတ်မှတ်ပေးတာမျိုး၊ အပြန်အလှန်ပန်းချီဆွဲ ၊ ဆေးရောင်ခြယ်တဲ့အချိန်သတ်မှတ်ထားတာမျိုး စတဲ့အချိန်တွေမှာ ကလေးတွေနဲ့အတူဆော့ကစားပေးပါ။ အဲဒါဆိုရင် ကလေးတွေကလည်း screen time ကိုအာရုံရတော့မှာမဟုတ်ပါဘူး။ အဲလိုမဟုတ်ဘဲ မိဘကတော့ ဖုန်းသုံးနေပြီး ကလေးကိုဘေးမှာထားကာ “ဖုန်းမသုံးနဲ့နော်။ မျက်လုံးပျက်တတ်တယ်” လို့ ဆိုဆုံးမနေလို့တော့ မဖြစ်နိုင်ပါဘူးနော်။
၅) အိမ်ကလူတွေကိုလည်း စည်းကမ်းသတ်မှတ်ထားပါ။
ကလေးဆိုတာမျိုးက လူကြီးလုပ်သမျှ သင်ယူနေတတ်တာမျိုးပါ။ အဲဒါကြောင့် တစ်အိမ်လုံး outdoor ထွက်မယ့်အချိန်မှာ ဖုန်းမသုံးဖို့ စည်းကမ်းသတ်မှတ်တာမျိုး၊ ည ၉နာရီနောက်ပိုင်း အိမ်မှာ ဘယ်သူမှ ဖုန်းမသုံးရဆိုပြီး စည်းကမ်းသတ်မှတ်တာမျိုးတွေနဲ့ အိမ်သားတွေအားလုံးကို screen time အနားပေးတဲ့အချိန်သတ်မှတ်ပါ။ မိဘတွေက ကလေးကို screen time အနားပေးထားချိန်မှာ အခြား ဆွေမျိုးအသိုင်းအဝန်းက ကလေးကို ဖုန်းပေးဆော့တာမျိုး ဘယ်သူကမှ မလုပ်ဖို့ စည်းကမ်းသတ်မှတ်ထားသင့်ပါတယ်။
အထက်က နည်းလမ်းတွေနဲ့ ကလေးရဲ့ screen time ကို လျှော့ချသင့်သလောက်လျှော့ချလိုက်ပါ။ ဖုန်းအသုံးများခြင်းကြောင့် ကလေးရဲ့အာရုံကြောထိခိုက်ခြင်း၊ အမြင်အာရုံပျက်စီးခြင်း၊ အခြားအရာများအပေါ်အာရုံစူးစိုက်မှုအားနည်းခြင်း၊ ဂဏှာမငြိမ်ခြင်း၊ စာသင်ကြားရာတွင် အာရုံမစိုက်နိုင်ခြင်းစတဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်ပွားနိုင်တာကို သတိထားဖို့လိုပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။