ကလေးတွေကိုစာဖတ်ပြခြင်းက ကလေးရဲ့တစ်ဘဝလုံးကို ဘယ်လိုအကျိုးရှိနိုင်သလဲ။

စာဖတ်ခြင်းက အကျိုးများစေတယ်ဆိုလူတိုင်းလိုသိကြပါတယ်။ ဒါပေမယ့် ကလေးတွေကို စာဖတ်ပြခြင်းကိုတော့ ခပ်လွယ်လွယ်သဘောထားတတ်ကြပြီး “ကလေးကဘာသိအုံးမှာလဲ၊ ကြီးလာမှ သူ့ဟာသူစာဖတ်တတ်ရင် ဖတ်ပါစေ” ဆိုတဲ့စိတ်မျိုးနဲ့ တချို့မိဘတွေတွေးတတ်ကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းအကျင့်ကို ကလေးကစာတွေဖတ်တတ်လာမှ ဖတ်ခိုင်းမယ်လို့လုပ်လို့မရပါဘူး။ ကလေးငယ်စဥ်ကပင် မိဘလုပ်သူက အကျိုးရှီတဲ့စာဖတ်ခြင်းကို ကလေးစွဲလမ်းနေအောင်၊ အကျင့်ဖြစ်အောင်လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကလေးက အရွယ်ရောက်တဲ့အခါ စာအုပ်မြင်တာနဲ့ဖတ်ချင်တဲ့ စာဖတ်နာသူလေးတွေဖြစ်လာမှာပါ။ ဘာလို့ကလေးကို ငယ်စဥ်ကတည်းက စာဖတ်ခိုင်းရမှာလဲဆိုရင် အကြောင်းရင်းက အများကြီးပါပဲ။


၁) ကလေးရဲ့ အတွေးအခေါ်တွေကို ကွန့်မြူးစေနိုင်ပါတယ်။
စာဖတ်တဲ့အခါ စာအုပ်ထဲက ဇာတ်ကောင်လေးတွေကို ကလေးက စိတ်ကူးနဲ့ပုံဖော်ရပါတယ်။ အဲဒီ့အခါ ကလေးရဲ့စိတ်ကူးစိတ်သန်းကို ကွန့်မြူးစေနိုင်ပါတယ်။ တနည်းအားဖြင့်တော့ ပုံပြင်ပြောခြင်းကနေစပြီး စာအုပ်ထဲကပုံလေးတွေကို ကြည့်ရာကနေ စနိုင်ပါတယ်။ အဲဒီ့ကနေ ကလေးရဲ့စိတ်ကူးဥာဏ်ကွန့်မြူးခြင်းက ကလေးရဲ့ဦးနှောက်ကို ပိုပြီးဖွံ့ဖြိုးလာစေနိုင်ပါတယ်။

၂) အခြားဘဝတွေကို စာအုပ်ထဲကနေ သင်ခန်းစာယူသင်ကြားနိုင်ပါတယ်။
ပုံပြင်စာအုပ်ထဲကနေ အခြားသော ဘဝတွေကို ပိုသိလာနိုင်ပါတယ်။ ပိုပြီး သင်ခန်းစာယူနိုင်ပါတယ်။ မိဘကလည်း သားသမီးကို မဖြစ်စေချင်သမျှကို စာအုပ်တွေပုံပြင်တွေထဲက ဇာတ်ကောင်တွေရဲ့အမှားတွေကို ပြောပြရင်း သင်ပြနိုင်ပါတယ်။

၃) အမြင်ကျယ်လာစေပါတယ်။
စာအုပ်တွေထဲကနေ ဘဝများစွာကို မြင်ရ၊ သင်ကြားရတဲ့အတွက် ကလေးက ကလေးအရွယ်နဲ့မလိုက အမြင်ကျယ်လာစေပါတယ်။ ပိုပြီး နားလည်သိတတ်လာနိုင်ပါတယ်။

၄) စိတ်တည်ငြိမ်စေပါတယ်။
အခြားကလေးတွေနဲ့မတူဘဲ စာဖတ်တဲ့ကလေးဟာ စာအုပ်တစ်အုပ်ရနေရင် အရသာရှိရှိနဲ့ စာဖတ်ရင်းတွေးတောစဥ်းစားနေနိုင်တာမို့ အခြားကလေးတွေထက်ကို စိတ်တည်ငြိမ်နိုင်ပါတယ်။

၅) ဝေါဟာရကြွယ်ဝစေပါတယ်။
စာအုပ်ထဲမှာ၊ ပုံပြင်ထဲမှာ ပါတဲ့စကားလုံးအသစ်တွေကို သိလာပြီး မှတ်သားနိုင်တာကြောင့် အခြားကလေးတွေထက်ကို စာလုံးပေါင်း၊ ဝေါဟာရပိုပြီးကြွယ်ဝလာစေပါတယ်။

၆) အသိဥာဏ်ရင့်ကျက်စေပါတယ်။
ဘဝပေါင်းစုံ၊ သင်ခန်းစာပုံပေါင်းစုံကို စာအုပ်တွေထဲကနေသိလာနိုင်တဲ့အတွက် ဘဝပေါင်းစုံကို သင်ခန်းစာယူမှတ်သားနိုင်တာကြောင့် အခြားကလေးတွေထက်ကို အသိဥာဏ်ရင့်ကျက်စေနိုင်ပါတယ်။
အထက်က အချက်တွေအားလုံးဟာ ကလေးတစ်ယောက်ရဲ့ဘဝကနေမှတဆင့် လူကြိးတစ်ယောက်ဖြစ်လာတဲ့အထိ အများကြီး ဘဝကို အထောက်အကူပြုနိုင်တာကြောင့် စာဖတ်ခြင်းဟာ ကလေးရဲံတစ်ဘဝလုံးအတွက် များစွာအထောက်အကူပြုပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။