ကလေးကိုဆုံးမရာတွင် မှားယွင်းနေသောအချက်များ

ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာမလွယ်သလို ကလေးကိုဆုံးမဖို့ကြိုးစားရတာလည်း မလွယ်ပါဘူး။ ကလေးတစ်ယောက်အပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ဆုံးမပေးတဲ့သူ တော်ရင်တော်သလို ကလေးကလည်း တော်တဲ့ကလေး၊ လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ကလေးကိုထိန်းကျောင်းတဲ့သူတွေကိုယ်တိုင်ကိုယ်က မတော်ရင်တော့ လူဆိုးကလေးတွေပဲ ဖြစ်လာမှာပါ။ အဲဒါကြောင့် ကလေးက အနာဂတ်အတွက်အရေးကြီးပါတယ်။ အဲလိုပါပဲ ကလေးကိုဆုံးမပေးမယ့်၊ ထိန်းကျောင်းပေးမယ့်လူကြီးကလည်း အခရာပါပဲ။ ကလေးကို ဆုံးမပေးတဲ့နေရာမှာ မှားယွင်းနေတဲ့အချက်လေးတွေကို သိစေချင်တဲ့စိတ်လေးနဲ့ ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ရပါတယ်။


၁) စိတ်မရှည်ခြင်း၊ အော်ငေါက်ခြင်း
ကလေးဆိုတဲ့အတိုင်း မသိတာတွေအများကြီးရှိမှာပါ၊ မတတ်သေးတာလည်းအများကြီးရှိမှာပါ။ တစ်ချို့သောလူကြီးတွေက လူကြီးချင်း စိတ်အခန့်မသင့်တဲ့အချိန်မျိုးမှာဖြစ်ဖြစ်၊ တစ်ခုခုစိတ်အနှောင့်အယှက်ဖြစ်နေချိန်ဖြစ်ဖြစ်၊ ကလေးကို စိတ်မရှည်တာမျိုး၊ ကလေးကိုမဲတာမျိုးတွေလုပ်တတ်ကြပါတယ်။ အဲလိုမျိုး ကလေးကို တခုခုကြောင့် စိတ်ထိခိုက်စေခြင်းက ကလေးက သူ့ကိုယ်သူယုံကြည်မှုမရှိတော့တာမျိုး၊ အချိန်ပြည့် လူကြီးကိုကြောက်လန့်နေတာမျိုးဖြစ်နေတတ်ပါတယ်။ အဲလိုအခြေအနေမျိုးကို တစ်ချို့သောလူကြီးတွေက ကလေးကလူကြီးကိုကြောက်တာသည် ဂုဏ်ယူစရာကိစ္စတစ်ခုလို ပြောဆိုနေတာမျိုးတွေ့ဖူးပါတယ်။ တကယ်တော့ အဲဒါကမှားယွင်းပါတယ်။ အမြဲတစေ ကြောက်လန့်နေတဲ့ကလေးက ဘယ်နေရာမှာမှ ထူးချွန်တဲ့ကလေးတစ်ယောက်မဖြစ်လာနိုင်ပါဘူး။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို နောက်ကျစေနိုင်ပါတယ်။
၂) တခုခုဆို မရှင်းပြဘဲ တားမြစ်ခြင်း
တစ်ချို့သော လူကြီးတွေရှိပါတယ်။ ကလေးက တခုခုလုပ်တယ်ဆိုရင် မလုပ်နဲ့…..လို့သာ တားမြစ်တတ်ပါတယ်။ အဲလိုတားမြစ်တဲ့အခါ ဘာကြောင့်မလုပ်သင့်တယ်ဆိုတာတော့ မရှင်းပြတတ်ပါဘူး။
မရှင်းပြတဲ့အတွက် ကလေးက ဘာကြောင့်မလုပ်ခိုင်းတာလဲဆိုတာကို မသိပါဘူး။ အဲဒါကြောင့် သူစိတ်ဝင်စားတဲ့အရာကို မိဘလစ်တာနဲ့ထပ်လုပ်ချင်စိတ်နဲ့လုပ်တတ်ကြပါတယ်။ ဥပမာ၊ ရေနွေးကို ကိုင်ချင်တယ်ဆိုရင် “အဲဒါကိုမကိုင်ရဘူးနော်၊ ပူလိမ့်မယ်သားရဲ့။ သားလက်ပူသွားရင် သားလက်မှာအနာကြီးဖြစ်လာတတ်တယ်။ အဲဒါကြောင့်မကိုင်ခိုင်းတာနော်” အဲလိုမျိုးရှင်းပြသင့်ပါတယ်။ ထိုကဲ့သို့ရှင်းပြခြင်းအားဖြင့် ကလေးက ဘာကြောင့်အမေမကိုင်ခိုင်းရတာလဲဆိုတဲ့အကြောင်းရင်းကို နားလည်သွားပြီး နောက်ထပ်မိဘမမြင်ကွယ်ရာမှာလည်း ကိုင်ဖို့မကြိုးစားတော့ပါဘူး။ (ကလေးချင်းကတော့ မတူညီနိုင်တဲ့အတွက် စိတ်ရှည်စွာရှင်းပြတတ်ဖို့လိုပါတယ်။ သင်ရှင်းပြတာက ကလေးနားလည်လွယ်လောက်တဲ့စကားမျိုးဖြစ်ဖို့အရေးကြီးပါတယ်နော်)
၃) ရိုင်းပြတဲ့စကားလုံးမျိုးနဲ့ ဆူပူအော်ဟစ်ခြင်း
တစ်ချို့မိဘတွေက ကလေးကို ဆူပူရုံတင်မက အော်ဟစ်ပြီး လက်လွတ်စပယ်ဆဲဆိုတတ်ကြပါသေးတယ်။ အဲဒါက လုံးဝမှားယွင်းပါတယ်။ ကလေးတွေက မိဘမရှိတဲ့အခါမျိူးဖြစ်ဖြစ်၊ ကလေးချင်းဆော့ကစားရာမှာပဲဖြစ်ဖြစ် ကြားဖူးနားဝရှိနေကျဖြစ်တဲ့ ထိုစကားမျိုးကို ကလေးက ဒေါသထွက်ရာမှာ ပြန်လည်အသုံးချပြီးပြောဆိုတတ်ပါတယ်။ အဲဒါကို အကောင်းထင်သွားတတ်ပါတယ်။ မကောင်းတဲ့စကားလုံးမျိုးကို ကြားရဖန်များတာထက် မိဘကိုယ်တိုင်က သားသမီးကို ထိုစကားမျိုးပြောနေတဲ့အတွက် ကလေးစိတ်ထဲမှာ ကောင်းတယ်လို့ထင်မြင်သွားတတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ဆုံးမတဲ့နေရာမှာ မလုပ်ရဘူး….လို့ အမိန့်ဆန်ဆန်တားမြစ်ပြီး ဒေါသအလျောက် အော်ဟစ်ဆဲဆိုတာမျိုးက လုံးဝမလုပ်သင့်ပါဘူး။
၄) အလိုလိုက်ချင်တဲ့နေရာတိုင်းမှာအလိုလိုက်တတ်ပြီး၊ ဘာမဟုတ်တာလေးတွေကျမှ အကြီးအကျယ်ဆူပူတတ်ခြင်း
တစ်ချို့မိဘတွေကျတော့ ဆုံးမသင့်တဲ့နေရာမျိုးမှာ မဆုံးမပါဘူး။ သူတို့ရဲ့စိတ်ခံစားမှုအလိုက် ကလေးအပေါ်ပြုမူတတ်တာမျိုးပါ။ ဥပမာ။ မိဘက စိတ်ပျော်နေတယ်ဆိုပါတော့။ ကလေးက တားမြစ်သင့်တာတွေကို လုပ်နေရင်တောင် “ နောက်မလုပ်နဲ့နော်….” ဆိုတာမျိုးနဲ့တင်ပြီးသွားတာမျိုးပါ။ အပြင်းအထန်တားမြစ်ရမယ့်ကိစ္စမျိုးဆိုရင် တားမြစ်ရမှာပါပဲ။ ဒါပေမယ့် အဲလိုမဟုတ်ဘဲ သူတို့စိတ်ပျော်ရွှင်နေတဲ့အချိန်မို့ ဘာမှလဲ ပြင်းထန်စွာမဆုံးမတော့ဘဲ နေလိုက်တတ်ပါတယ်။ ဒါပေမယ့် မိဘဖြစ်သူရဲ့စိတ်က အနှောင့်အယှက်တစ်ခုခုဖြစ်နေတဲ့အချိန်မျိုးမှာ ကလေးက စာအုပ်တွေမှာ ပုံတွေလိုက်ဆွဲတယ်ဆိုပါတော့ “အဲဒီ့စာအုပ်မှာပုံမဆွဲရဘူးလို့ မှာထားတယ်မလား။ ဘာလို့ လိုက်ဆွဲနေတာလဲ” ဆိုပြီး အော်ဟစ်ကာ ပြင်းထန်စွာ အပြစ်ပေးတော့တာပါပဲ။ ထိုကဲ့သို့အပြုအမူမျိုးက မှားယွင်းနေပါတယ်။ ကိုယ်စိတ်ပျော်ရွှင်နေလဲ ကလေးကို တားမြစ်သင့်တာဆုံးမသင့်တာဆုံးမရမှာဖြစ်သလို၊ ကိုယ့်စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်မျိုးမှာလည်း ကလေးကိုဆုံးမစရာကြုံလာတဲ့အခါ ကလေးကိုမဲပြီးအပြစ်တင်တာမျိုးက လုံးဝမလုပ်သင့်ပါဘူး။
၅) မိမိသတ်မှတ်ပေးထားသောစည်းကမ်းကို မိမိကိုယ်တိုင်ဖျက်ခြင်း
တစ်ချို့မိဘတွေက သကြားလုံး၊ ဂျယ်လီမစားရဘူး…စသည်ဖြင့် သတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့မိဘကိုယ်တိုင်က ကလေးအတွက် သကြားလုံး၊ဂျယ်လီစား ဖို့ဝယ်လာပေးတာမျိုးလုပ်တာက မှားယွင်းပါတယ်။ ကိုယ်တိုင်ကလေးကိုသတ်မှတ်ပေးထားတဲ့ စည်းကမ်းဆိုရင် ကိုယ်တိုင်ကပါ မဖောက်ဖျက်ရမယ့်အပြင် ကလေးကို ဖောက်ဖျက်ဖို့ တိုက်တွန်းတတ်သူတွေ (ဥပမာ။ အဖိုးအဖွားဦးလေးအဒေါ် စသည်ဖြင့်ပါ)
ကိုပါ တားမြစ်ရမှာပါ။
၆) ဆုံးမချိန်မရွေးချယ်တတ်ခြင်း
တစ်ချို့မိဘတွေက ကလေးကို လူတွေကြားထဲ၊ ကလေးရဲ့အပေါင်းအသင်းကြားထဲမှာ ဆူပူတာမျိုး လုပ်တတ်ကြပါတယ်။ အဲဒါက ကလေးအတွက် အရှက်ရစရာဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ချက်ချင်းဆူပူစရာမလိုတဲ့ကိစ္စမျိုးမှာ ကလေးနဲ့နှစ်ကိုယ်ကြားဆုံးမပေးတာမျိုး၊ ဒါမှမဟုတ် “သား….ခဏလာခဲ့ပါအုံး” ဆိုပြီး ကွယ်ရာမှာ ဆုံးမတာမျိုးလုပ်သင့်ပါတယ်။ အဲလိုမဟုတ်ဘဲ လူရှေ့မရှောင်၊ သူရှေ့မရှောင် ဆူပူခြင်းဟာ ကလေးက သင်ဆုံးမတာကို နားဝင်မှာမဟုတ်ဘဲ၊ ရှက်ရွံ့ခြင်းနဲ့အတူ အရွ့ဲပြန်တိုက်တာမျိုးပါ ဖြစ်လာနိုင်ပါတယ်။
အထက်ပါအချက်လေးတွေကို မိဘတွေကိုယ်တိုင်လိုက်နာကြည့်ပြီး မိမိတို့ရဲ့သားသမီးတွေကို နည်းလမ်းတကျဆုံးမနိုင်ကြပါစေ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။