ကလေးကို ချစ်တာလား၊ နှစ်တာလား

ကလေးကို မေတ္တာတရားအပြည့်အဝပေးဖို့ လိုကိုလိုအပ်ပါတယ်။ ဒါပေမယ့် မေတ္တာတရားကိုအကြောင်းပြပြီး ကလေးကို အရာအားလုံးကို အလိုလိုက်ခြင်းနဲ့ အကာအကွယ်ပေးခြင်းကတော့ မတူပါဘူး။ ကျွန်တော်တို့ငယ်ငယ်က ပြောဖူးတဲ့စကားကြားဖူးမှာပါ။ ကလေးကို ချစ်တာလား…. ဒါမှမဟုတ် နှစ်နေတာလား ဆိုတဲ့စကားပါ။


တကယ်တော့ ကလေးတစ်ယောက်အတွက် ချစ်ခြင်းမေတ္တာအပြည့်အဝရဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ချစ်တတ်ဖို့တော့လိုပါတယ်။ ကလေးကို အစစ်အမှန်ချစ်ခင်ခြင်းက ကလေးတစ်ယောက်ကို နက်နဲတဲ့ပျော်ရွှင်ကြည်နူးမှုရစေတာ၊ တနည်းအားဖြင့် ကလေးကိုချစ်ခင်ပြတာ၊ ကြင်နာစွာဆက်ဆံတာ၊ ကလေးရဲ့အမှားတွေကို အမှန်ဖြစ်အောင် လမ်းပြတာ၊ မွေးစကနေ ၅နှစ်အတွင်း အခြေခံအုတ်မြစ်အနေနဲ့ ကလေးရဲ့ဉာဏ်ရည်တိုးတက်စေဖို့ ၊ စဉ်းစားတွေးခေါ်တတ်စေဖို့၊ သူ့ကိုယ်သူ ယုံကြည်မှုရှိစေဖို့၊ ကလေးစိတ်ရောလူရောကျန်းမာစေဖို့ ဂရုစိုက်ပေးတာတွေအပြင်၊ ကလေးကြီးပြင်းရှင်သန်ရမယ့်ဘဝတစ်လျှောက်လုံးမှာ သူ့ဘဝကိုသူတာဝန်ယူနိုင်ဖို့၊ သူ့ကြောင့် အခြားသူတွေ ဝန်ထုပ်ဝန်ပိုးမပိစေဖို့၊ လူကောင်းတစ်ယောက်ဖြစ်ဖို့၊ လူမှုဆက်ဆံရေးကောင်းမွန်စေဖို့ စသဖြင့်လည်း သင်ကြားပေးရမှာဖြစ်ပါတယ်။ အဲဒီ့ထဲမှာမှ ကလေးတစ်ယောက် သူ့တာဝန်သူမယူနိုင်သေးခင်အရွယ် အသက်လေးနှစ်အောက်မှာ မိခင်က အရာအားလုံးလိုက်ပြီး ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
ကလေးက အသက်လေးနှစ်နောက်ပိုင်းမှာ သူ့ဟာသူ ပြုလုပ်နိုင်တာလေးတွေ လုပ်ခိုင်းဖို့၊ သူနားလည်သလောက်လေးတွေ လုပ်နိုင်ဖို့ သင်ပေးရမှာပါ။ ဥပမာ။ ကလေးအသက်၄နှစ်နဲ့ ၅နှစ်ကြား ဆိုရင် အိပ်ရာခင်းတာ၊ အိပ်ရာသိမ်းတာ၊ ထမင်းစားဖို့ ဝိုင်းကူပြင်ဆင်ပေးတာ၊ စသဖြင့်ပါ။
ကိုယ့်ရဲ့တာဝန်အသေးအဖွဲလေးတွေက အစ ကိုယ့်ဟာကိုယ်တာဝန်ယူခိုင်းပေးပါ။ ဥပမာ။ ကလေးထမင်းစားပြီးသား ပန်းကန်ကို ဘေစင်မှာ တင်ထားခိုင်းတာမျိုး၊ ထမင်းဝိုင်းကို ဝိုင်းကူသိမ်းခိုင်းတာမျိုး၊ ကလေးကို မဆုံးဖြတ်ခိုင်းဘဲ မိဘကဆုံးဖြတ်တာကိုချည်းလိုက်နာခိုင်းတာထက် ကလေးရဲ့ ဆုံးဖြတ်ဆုံးချက်ကို လေးစားပါ။ ကလေးရဲ့ဆုံးဖြတ်ချက်ကနေ အမှားတွေဖြစ်လာရင်လည်း သင်ခန်းစာယူတတ်ဖို့ မိဘက ပြောပြပေးပါ။ ကလေးက အမှားရဲ့နောက်ဆက်တွဲဆိုးကျိုးကို သိလာပါစေ။ အဲဒီ့အခါ သူ့ဟာသူအမှားကိုပြင်ဖို့ကြိုးစားပါလိမ့်မယ်။ ဥပမာ။ ကလေးက ရေချိုးပြီးတဲ့အခါ ဗီရိုထဲက သူကြိုက်နှစ်သက်တဲ့အဝတ်အစားကို ဝတ်ပေးတာမျိုးပေါ့။ မဝတ်ခိုင်းဘဲ အဲဒီ့အင်္ကျ ီက ပူတယ်၊ အိုက်တယ် စသဖြင့် ဘာမှမပြောဘဲ ကလေးရွေးချယ်တာကိုသာ ပေးဝတ်လိုက်တာမျိုးပါ။ မကြာခင် သူ့ဟာသူ မဝတ်တော့ဘူး၊ လဲပေးပါဆိုတဲ့အခြေအနေထိ ရောက်အောင် စောင့်လိုက်ပါ။ သူလဲခိုင်းတဲ့အခါမှာသာ “ဟုတ်တယ်နော်….ဒီအင်္ကျ ီက ပူတယ်နော်။ နောက်တစ်ခါ နေပူတဲ့အချိန်မျိုးဆိုရင် ဒီအင်္ကျ ီမျိုးမဝတ်ရဘူးဆိုတာ သဘောပေါက်ပြီမလား” ဆိုတာမျိုးနဲ့ သင်ပေးလို့ရပါတယ်။
ကလေးကို လိုတရဆိုသလို၊ ကလေးတောင်းလိုက်တာနဲ့ အခက်အခဲဆိုတာ နားမလည်လောက်အောင် ချက်ချင်းဖြည့်ဆည်းပေးတာမျိုး ဒါမှမဟုတ် ကလေးကို အငိုမခံဘဲ ချက်ချင်း လိုချင်တာပေးလိုက်တာမျိုးတွေကတော့ ချစ်တာမဟုတ်ဘဲ အချစ်လွန်တာဖြစ်ပါတယ်။ အဲဒါအပြင် ကလေးကို တခုခုဆို အပြစ်ပြောမခံတာမျိုး၊ ကလေးရဲ့အမှားတွေကို “ကလေးမို့ မသိသေးဘူး….” ဆိုတဲ့အတွေးနဲ့ ကလေးကို ကာကွယ်တာမျိုးတွေမလုပ်သင့်ပါဘူး။ အမှန်ကတော့ ကလေးကို အကျိုးအကြောင်းရယ်သေချာသိနားလည်အောင် ကလေးရဲ့အမှားကိုပြင်နိုင်အောင် ပြောပြရှင်းပြပေးရမှာပါ။ အချစ်လွန်ပြီးအရာအားလုံးမှာ လိုက်လုပ်ပေးနေခြင်းက ကလေးကို သူ့တာဝန်သူမယူနိုင်တဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်။ အဲဒါအပြင် အကာအကွယ်ပေးလွန်းခြင်းကလည်း ကလေးကို မရင့်ကျက်တဲ့ကလေးတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။ ဘယ်နေရာမဆို အနိုင်ကျင့်တတ်တဲ့ကလေးမျိုးလည်းဖြစ်လာနိုင်ပါတယ်။
အဲဒါကြောင့် ကလေးက အမှားတွေလုပ်ပါစေ၊ ကလေးရဲ့အမှားတွေကို အမှန်ဖြစ်အောင် လမ်းပြပြီး အကျိုးသင့်အကြောင်းသင့်ပြောပြပေးပါ။ “ကလေးပဲမသိသေးဘူး…..” ဆိုပြီး လျစ်လျူရှုမထားပါနဲ့။ အမှန်ပြင်ပေးပါ။ ကလေးကမသိသေးရင် အမှန်သိအောင် သင်ပေးပါ။ ကလေးကို prefect ဖြစ်ဖို့ချည်းလိုချင်နေလို့လည်း မရပြန်ပါဘူး။ ကလေးပဲအမှားတော့ရှိအုံးမှာပါ။ အမှန်သာပြင်ပေးပါ။ အမှားနည်းလာပါလိမ့်မယ်။
ကလေးကိုချစ်တာအကြောင်းပြပြီး ကလေးနာကျင်မှာ၊ ရှုံးနိမ့်မှာ ၊ ကြောက်လန့်မှာတွေကို တွေးပူပြီး ကလေးအတွက် အရာအားလုံး မိဘက လိုက်ပြီး prefect ဖြစ်အောင်လုပ်ပေးတာမျိုးက ချစ်တာထက် ကလေးကိုနှစ်နေသလိုဖြစ်စေပါတယ်။ ကလေးက မိဘရဲ့ဆုံဖြတ်ချက်မပါဘဲ ဘာမှမလုပ်တတ်တော့တာ၊ မိဘရဲ့ ပြင်ဆင်ပေးမှုမပါဘဲ ဘာကိုမှ ကိုယ့်ဟာကိုယ်မလုပ်နိုင်တာ၊ မိဘရဲ့အမြင်နဲ့ပဲ အရာရာကိုဆုံးဖြတ်တာ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတာမျိုးတွေဖြစ်လာတတ်ပါတယ်။ အဲဒီလိုကလေးမျိုးကနေ လူကြီးဘဝရောက်လာတဲ့အခါ သူတို့ဘဝမှာပိုပြီးတွေေ၀ ဒွိဟဖြစ်ရတဲ့ပြဿနာတွေကြုံလာနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။