မရှိတဲ့အရာတွေထက် ကိုယ့်မှာ ရှိထားပြီးသားအရာတွေရဲ့ တန်ဖိုးကိုသိပါစေ။

လူတော်တော်များများက များသောအားဖြင့် ကိုယ့်မှာရှိထားပြီးသားအရာအချို့ရဲ့တန်ဖိုးကို မေ့နေတတ်ကြပါတယ်။ နီးလွန်းလို့ မမြင်နိုင်တာလည်း ဖြစ်နိုင်တာပေါ့လေ။ ဒီခေါင်းစဉ်လေးကို ဖတ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လိုက်ပါ။ ကိုယ်တိုင်ရော ကိုယ့်မှာမရှိတဲ့အရာတွေကိုသာ လိုချင်တပ်မက်စိတ်ဖြစ်နေမိတယ်မလား။ ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်မှာမရှိတဲ့အရာတချို့အပေါ် လိုချင်စိတ်ဖြစ်ပေါ်နေတတ်ပြီး ထိုမရရှိ မပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ပဲ ဝမ်းနည်းနေတတ်ပါတယ်။ ဥပမာ။ ခုလက်ရှိ ဆမ်ဆောင်းဖုန်းလောက်ကိုင်ထားတဲ့သူက ကိုယ့်ဆမ်ဆောင်းဖုန်းရဲ့အားသာချက်ကိုမေ့ပြီး အိုင်ဖုန်းနောက်ဆုံးပေါ် ရရင်တော့ လိုချင်သား….ဆိုတဲ့စိတ်မျိုးဖြစ်နေတာမျိုးပေါ့။


ခုလက်ရှိ တိုက်ခန်းနဲ့နေရသူက ခြံနဲ့ဝန်းနဲ့ အိမ်ကျယ်ကျယ်လေးမှာ နေချင်စိတ်ဖြစ်သလိုမျိုးပေါ့။
ကိုယ့်မှာရှိထားတဲ့အရာတွေရဲ့တန်ဖိုးကို မေ့ပြီး ကိုယ်မြင်နေရတဲ့အချို့အရာတွေကိုလိုချင်စိတ်ရှိနေရုံကတော့ ဘာမှမဖြစ်နိုင်သေးပေမယ့် ကိုယ်ရထားတာတွေကို တန်ဖိုးလုံးဝမထားသလို၊ တန်ဖိုးလည်း လုံးဝမသိဘဲ ကိုယ်မရထားတာကိုသာ အသာငမ်းငမ်းလိုချင်စိတ်ဖြစ်နေပြီ၊ ဆိုတဲ့အခါမှာတော့ ပြဿနာက ရှိလာပါပြီ။

များသောအားဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနောက်ကိုသာ လိုက်တတ်တဲ့လူအများစုကြားမှာ ထိုပြဿနာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကိုယ့်မှာ ရှိပြီးသားအရာတွေရဲ့တန်ဖိုးကိုမသိနိုင်တဲ့အခါကျတော့ ကိုယ်မရထားတာတွေကိုသာ လိုချင်စိတ်ဖြစ်လာပါတယ်။ ကိုယ်မရထားတာတွေကိုလိုချင်စိတ်ဖြစ်လာတဲ့အခါမှာတော့ ကိုယ်မရထားတာကို ပိုင်ဆိုင်အောင်ကြိုးစားနိုင်တဲ့အခါ ပြဿနာမရှိပေမယ့် ကိုယ်မပိုင်ဆိုင်နိုင်တဲ့၊ လက်လှမ်းမမှီနိုင်တဲ့အရာမျိုးဖြစ်နေတဲ့အခါမှာတော့ ကိုယ့်မှာ စိတ်သောကဖြစ်ရသလို၊ စိတ်ဓာတ်ကျလာနိုင်ပါတယ်။ “ငါ့ဘဝက ဆိုးလိုက်တာ…ဒါလေးတောင် မရနိုင်ဘူး” “ငါလိုချင်လိုက်တာ….ဘယ်တော့မှဝယ်နိုင်ပါ့မလဲမသိဘူး” “ဒါမျိုးလေးသာ ပိုင်ဆိုင်လိုက်ရရင် ဘာပဲလုပ်ရလုပ်ရ” ဆိုတဲ့စိတ်မျိုးတွေဖြစ်လာနိုင်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းမှာမှ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ဘဝကိုကြည့်ပြီး ပြီးပြည့်စုံတယ်လို့ထင်ကာ အားကျတာ၊ သာယာပျော်ရွှင်မှုတွေကိုကြည့်ပြီးအားကျတာမျိုးတွေလည်း အလားတူပါပဲနော်။ “ငါ့ဘဝကတော့ ဘယ်တုန်းကမှ မပြည့်စုံခဲ့ဘူး၊ စိတ်ပျက်လိုက်တာ” “သူတို့ဘဝက ကောင်းလိုက်တာ၊ အားကျလိုက်တာ၊ တော်လိုက်တာ”စသဖြင့်ကိုယ်မရရှိထားတာကို လိုချင်စိတ်နဲ့အားကျစိတ်ဖြစ်လာတဲ့အခါ ကိုယ်ရရှိပိုင်ဆိုင်ထားတာကို အားမရတော့ပါဘူး။ ကိုယ့်ဘဝကိုယ် အားမလိုအားမရတွေဖြစ်၊ စိတ်တွေညစ်ပြီး စိတ်သောက ရောက်ရတဲ့အခါ စိတ်ဖိစီးမှုနောက်ကိုပဲလိုက်နေမိပါလိမ့်မယ်။ အဆိုးအပျက်သဘောအမြင်တွေသာ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် ရလဒ်ကတော့ ကောင်းမှာမဟုတ်တော့ပါဘူး။ အဆိုးမြင်လာတဲ့စိတ်ကြောင့် ဘဝက နေပျော်စရာကောင်းတယ်လို့ ထင်တော့မှာမဟုတ်ပါဘူး။ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝကို ကိုယ်တိုင်က မလိုချင်တော့ဘူးဆိုရင် ကိုယ့်ဘဝကိုယ်တန်ဖိုးထားအသက်ရှင်ချင်ပါတော့မလား။ အဲဒါကြောင့် ကိုယ်မရရှိထားတာကို လိုချင်ခြင်းက ကိုယ့်ကိုပူလောင်စေပါတယ်။
အဓိကက ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝမှာ ဘာတွေကောင်းကွက်ရှိသလဲ၊ ကိုယ်ရှိထားတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ဘာလုပ်လို့ရမလဲ၊ ကိုယ့်အခြေအနေ ကိုယ့်အဆင့်အတန်းနဲ့ အကောင်းဆုံးဘဝဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ၊ ဘဝကိုပျော်စရာကောင်းတဲ့ဘဝအဖြစ်မြင်လာနိုင်ဖို့က ကိုယ့်မှာရှိထားပြီးသားလေးတွေရဲ့ တန်ဖိုးကို သိဖို့အရေးကြီးတာပါပဲ။

ပေါ်လီယာနာစာအုပ်ထဲကလိုပေါ့……ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝရဲ့ဆိုးခြင်းတွေကို တွေဝေငေးမောပြီး ဝမ်းနည်းလက်ညိုးထိုးနေမယ့်အစား ကိုယ့်ဘဝရဲ့ကောင်းခြင်းတွေကို ဘယ်လိုအသုံးချမလဲလို့တွေးကြည့်ပါ။ ဘဝက ပိုနေပျော်စရာကောင်းလာပါလိမ့်မယ်။ ကိုယ်မရနိုင်တာထက် ကိုယ်ရထားပြီး ပိုကောင်းအောင်လုပ်လို့ရတဲ့အရာတွေကို မြင်အောင်ကြည့်တတ်ရင် ဘဝက ပိုပြီးပျော်စရာကောင်းလာပါလိမ့်မယ်။
ကိုယ်ပိုင်ကားမစီးနိုင်လို့ဆိုပြီး စိတ်ညစ်နေမယ့်အစား ဘတ်စ်ကားခ ၂၀၀ပဲပေးပြီး လိုရာရောက်တာကို ဝမ်းသာကြည့်ပါ။ ကိုယ့်ရုပ်ရည်က ဆိုးလွန်းလို့စိတ်ညစ်နေမယ့်အစား ကိုယ်နေကောင်းကျန်းမာပြီး ကိုယ်စိတ်ရှိတိုင်းလှုပ်ရှားနိုင်နေတာကို ကျေးဇူးတင်ကြည့်ပါ။ အိမ်ပိုင်မဝယ်နိုင်လို့ စိတ်ဆင်းရဲလိုက်တာလို့တွေးမယ့်အစား အိမ်ငှားခပေးနိုင်ပြီး အိမ်ငှားနေနိုင်တာကိုပဲ ကျေးဇူးတင်ကြည့်ပါ။ အိမ်ငှားမနေနိုင်တဲ့ဘဝတွေမှ အများကြီးပါပဲနော်။ ကိုယ့်ကလေးနဲ့ကိုယ်ခွဲနေရတယ်ဆိုပြီး ဝမ်းနည်းနေမယ့်အစား ကိုယ့်ကလေးကို ယုံကြည်စိတ်ချစွာပြုစုစောင့်ရှောက်ပေးထားတဲ့လူကို ကျေးဇူးတင်စွာ အလုပ်ကြိုးစားကြည့်ပါ။ “You have to do the best with what God gave you” – Mrs. Gump ဆိုတဲ့စာသားလေးလိုပေါ့ ဘုရားသခင်ကပေးထားသလောက်နဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားရမှာပါပဲ။

ကိုယ်မရထားတဲ့အရာတွေ၊ မပိုင်ဆိုင်ထားတဲ့အရာတွေကိုသာ လက်ညိုးထိုးပြီး အပြစ်ဖွဲ့နေရင် ရထားတာလေးနဲ့အကောင်းဆုံးလုပ်ဖို့အချိန်တွေ အလကားကုန်ဆုံးသွားပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အရာတွေရဲ့တန်ဖိုးကို တွေ့အောင်ရှာပါ။ မရရှိမပိုင်ဆိုင်ထားတာတွေကိုချည်း မလိုချင်ဘဲ ရှိတာကိုတန်ဖိုးထားပြီး အကောင်းဆုံးကြိုးစားနိုင်ပါတယ်လို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။