ရိုးသားတဲ့သူနဲ့လိမ်ညာတတ်သူကြားကခြားနားချက်များ

လောကမှာ ရိုးသားသူနဲ့ လိမ်ညာတတ်သူကြားမှာ ခြားနားချက်တွေရှိပါတယ်။ ထိုလူ၂မျိုးကြားက ခြားနားချက်ကိုသိထားခြင်းက ကိုယ်တိုင် လိမ်ညာခံရမယ့်ဘေးကနေ ရှောင်ရှားနိုင်မှာပါ။ လောကမှာ ရိုးသားသူက လိမ်ညာတတ်သူရဲ့အလိမ်အညာကို ခံကြရစမြဲပါပဲ။ ရိုးသားသူတွေအနေနဲ့ လိမ်ညာတတ်သူလို ကလိမ်ကကျစ်အကျင့်စရိုက်မျိုးကို ဘယ်လောက်ပဲသတိထားနေပါစေ၊ ယုံကြည်မိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်တစ်ခါလောက် အလိမ်ခံခဲ့ဖူးတယ်ဆိုရင် သင်ခန်းစာအဖြစ်မှတ်သားထားပြီး နောက်တစ်ကြိမ်မခံရအောင်တော့ သတိထားသင့်ပါတယ်။ ။ အဲဒါကြောင့် ရိုးသားတဲ့သူရဲ့အကျင့်နဲ့ လိမ်ညာတတ်တဲ့သူရဲ့ အကျင့်တွေကို သိထားအောင် ဖော်ပြပေးလိုက်ပါတယ်။


၁) ရိုးသားသူတွေက ဟန်ဆောင်ဖုံးကွယ်ထားလေ့မရှိပါဘူး။ လိမ်ညာတတ်သူတွေက ဘာမှမဟုတ်တဲ့ ကိစ္စအသေးအဖွဲလေးတွေမှာတောင် ဟန်ဆောင်ဖုံးကွယ်ထားလေ့ရှိပါတယ်။

၂) ရိုးသားသူတွေက ကိုယ့်အန္တရာယ် (သို့) ကိုယ့်ကိုလိမ်ညာမယ့်ဘေးကိုမတွေးဘဲ အမှန်အတိုင်းပြောဆိုတတ်ပါတယ်။ လိမ်ညာတတ်သူတွေကတော့ ကိုယ်အကျိုးရှိမယ့်ကိစ္စကလွဲပြီး ကိုယ့်အန္တရာယ်ကိုယ်ဝေးဝေးရှောင်ပါတယ်။

၃) ရိုးသားသူတွေက ကိုယ့်ရဲ့မရှိခြင်း၊ မပြည့်စုံ၊ မလုံလောက်ခြင်းစတဲ့ လူအထင်သေးမယ်လို့ထင်ရတဲ့ကိစ္စအချို့ကိုလည်း မကွယ်ဝှက်တတ်ပါဘူး။ လိမ်ညာတတ်သူတွေကတော့ လူအထင်ကြီးမှုကို လိုချင်ပြီး ဟန်ဆောင်နေထိုင်တတ်ပါတယ်။

၄) ရိုးသားသူတွေက အရှိကိုအရှိအတိုင်း ပြောဆိုတတ်ပါတယ်။ အဲဒါကြောင့် စကားပြောရင် ဗြောင်ကျကျဒဲ့ကျကျဖြစ်နေတတ်ပါတယ်။ စကားပြောရင် အပြောမတတ်ပေမယ့် စိတ်ရင်းကောင်းတဲ့သူတွေဖြစ်ပါတယ်။ လိမ်ညာတတ်သူတွေကတော့ ပုံမုန်ထက် နှုတ်ချိုသာခြင်းကို လက်နက်အဖြစ်သုံးတတ်ပါတယ်။ တဖက်လူတိုင်းကို ကိုယ့်ရဲ့ရယူလိုမှုအတွက် ပေါင်းသင်းနေတာဖြစ်ပါတယ်။

၅) ရိုးသားသူတွေမှာ ကိုယ့်ကျင့်တရားကို အရေးကြီးဆုံးအဖြစ်သတ်မှတ်ထားတတ်ပါတယ်။ လိမ်ညာတတ်သူတွေမှာတော့ ကိုယ်ကျင့်တရားထက် ကိုယ်ရယူလိုမှုကိုသာ အရေးထားပါတယ်။ ကိုယ်ရမယ်ဆိုရင် ကိုယ်ကျင့်တရားလည်း ခေါင်းထဲမထည့်ဘဲ ဖောက်ပြန်သင့်ဖောက်ပြန်တတ်ကြပါတယ်။

၆) တကယ်ရိုးသားတဲ့သူဆိုတာက မကောင်းမှုဒုစရိုက်ကို ရှေ့တင်မှာလည်းမလုပ်သလို နောက်ကွယ်မှာလည်း မလုပ်တတ်ပါဘူး။ လိမ်ညာသူအတွက်ကတော့ မကောင်းမှု၊ ဒုစရိုက်၊ လူတစ်ယောက်ရှောင်ကျဉ်သင့်တဲ့ကျင့်ဝတ်ရယ်လို့ မသတ်မှတ်ထားပါဘူး။ လစ်ရင်လစ်သလို ကိုယ့်အတွက်ကျန်မယ်ဆို လုပ်လေ့ရှိပါတယ်။

၇) ရိုးသားသူတွေက ငွေကြေး၊ အပေါ်ယံ၊ ရုပ်ရည်၊ ရုပ်ဝတ္ထုပစ္စည်းတွေကို အာရုံမထားတတ်ပါဘူး။ လိမ်ညာသူအတွက်တော့ အပေါ်ယံ၊ ရုပ်ရည်၊ ရုပ်ဝတ္ထုပစ္စည်းတွေကို အရမ်းအာရုံထားတတ်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်၊ မပြည့်စုံခြင်း၊ ရုပ်ဝတ္ထု၊ အဆင်မပြေခြင်းစတာတွေကို အရမ်းအာရုံထားပါတယ်။ အရမ်းကို ဖုံးကွယ်ချင်စိတ်ဖြစ်ပါတယ်။ အရှိကို အရှိအတိုင်းချပြခြင်းက သိမ်ငယ်စရာကောင်းတယ်၊ တဖက်လူရဲ့အနှိမ်ကိုခံရတယ်လို့ အထင်မှားတတ်ကြပါတယ်။ အဲဒါကြောင့်ကိုလည်း သူတို့ဘဝတစ်လျှောက်လုံးမှာ လူတကာကို လိမ်ညာ၊ ဖုံးကွယ်ခြင်းနဲ့သာ ပြည့်နေပါတော့တယ်။

၈) ရိုးသားသူတွေက မဖြစ်နိုင်တာတွေကို ယုံကြည်အောင် မပြောတတ်ပါဘူး။ လေတလုံးမိုးတလုံးနဲ့ အခြားသူများကို မဆွဲဆောင်တတ်ပါဘူး။ လိမ်ညာတတ်သူတွေကတော့ လေတလုံးမိုးတလုံးပြောပြီး တကယ်ဖြစ်မြောက်အောင် မလုပ်တတ်ပါဘူး။ အဲဒီလို လေကြီးလေကျယ်ပြောမှသာ အခြားသူကို လိမ်ညာအယုံသွင်းနိုင်မှာမို့ သူတို့က လေကြီးသူတွေလည်းဖြစ်ပါတယ်။

၉) ရိုးသားသူတွေက အခြားသူတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကိုယ့်စိတ်နဲ့နှိုင်းပြီး ကူညီတတ်ပါတယ်။ လိမ်ညာတတ်သူကတော့ အခြားသူရဲ့ပြဿနာကို အပေါ်ယံဟန်ဆောင်ပူပန်ပေးသလို လုပ်တတ်ကြပါတယ်။ တကယ်တမ်းတော့ ဒုက္ခရောက်နေတဲ့သူဆီက ဘာများ သူ့အတွက်ကျန်မလဲ၊ ရနိုင်မလဲဆိုတာမျိုးကိုသာ တွေးတတ်၊ အရယူတတ်ကြတာဖြစ်ပါတယ်။

၁၀) ရိုးသားသူတွေက အမြဲတစေ ကိုယ့်အတွက်ကို ထည့်မစဉ်းစားတတ်ပါဘူး။ အဲဒါကြောင့် နစ်နာစရာရှိ ရိုးသားသူကချည်း နစ်နာတတ်ပါတယ်။ အနစ်နာလည်း ခံတတ်ပါသေးတယ်။ လိမ်ညာတတ်သူကတော့ အခြားသူတွေကို ဟန်ဆောင်ပန်ဆောင်ဆက်ဆံဖို့ လိမ်ညာတတ်ဖို့သာ အာရုံထားပြီး အချိန်တန် လိမ်ညာသမျှနဲ့တောင် ကြီးပွားသွားတတ်ပါသေးတယ်။ ဆင်ဖြူတောင်မှီပြီး ကြံရအောင်စုပ်တတ်သူများပါပဲ။
လူတစ်ယောက်ကိုပေါင်းသင်းတဲ့အခါမှာ မျက်လုံးစုံမှိတ် ယုံကြည်တာထက်စာရင် မျက်လုံတစ်လုံးမှိတ်၊ တစ်လုံးဖွင့်တဲ့နည်းလမ်းကိုကျင့်သုံးသင့်ပါတယ်။ ယုံသင့်တာယုံ၊ မယုံသင့်တာကျရင် မယုံကြည်မိဖို့လည်းလိုအပ်ပါတယ်။ အထက်က အချက်လေးတွေထက် ပိုသိထားတဲ့အချက်လေးတွေရှိရင်လည်း ဝေမျှခဲ့ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။