Facebook ကို အကျိုးရှိအောင်ဘယ်လိုသုံးကြမလဲ။

ဒီနေ့ခေတ်မှာ နည်းပညာအဆင့်မြင့်လာသလို လူမှုကွန်ရက် (Social network) ကလည်း လူတိုင်းနီးပါးလို တယ်။ မြန်မာနိုင်ငံမှာ Jan 2020 ထိကောက်ယူထားတဲ့စစ်တမ်းအရ ဖေ့ဘုတ်အသုံးပြုသူပမာဏ 94.9%ရှိပါတယ်လို့ Social Media Stats Myanmar မှာဖော်ပြထားပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာဆိုရင်တော့ အခြားလူမှုကွန်ရက်တွေထက် ဖေ့ဘုတ်အသုံးပြုသူအများဆုံးလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဖေ့ဘုတ်ကို အထာကျကျ မသုံးတတ်ရင်ဘေးဖြစ်နိုင်သလို၊ သေချာလေးစနစ်တကျသုံးတတ်မယ်၊ လေ့လာတတ်မယ်ဆိုရင်တော့ ဖေ့ဘုတ်ကနေ ပညာအမျိုးမျိုးရနိုင်သလို၊ အများကြီးလည်းတိုးတက်လာစေနိုင်ပါတယ်။ အဲဒါကြောင့် facebook ကို ဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်နော်။


၁) ဗဟုသုတတိုးပွားဖို့ အသုံးပြုမယ်။
အရင်ဆုံး ဖေ့ဘုတ်သုံးပြီဆိုတာနဲ့ အခြားသူတွေတင်သမျှစာတွေ၊ သတင်းတွေ၊ သုတရသအစုံစုံကို ဖတ်ရမှာပါ။ အဲဒီ့ထဲကမှ ကိုယ့်အတွက်တကယ်အကျိုးရှိတဲ့ဗဟုသုတရှာဖွေဖို့အတွက် သုံးမယ်လို့ဆုံးဖြတ်ထားလိုက်ပါ။

၂) စာဖတ်မယ်။
စာဖတ်ဖို့အသုံးချတတ်ရင် ရပါတယ်။ E book တွေဒေါင်းထားတာမျိုး ဒါမှမဟုတ် ဖေ့ဘုတ်မှာ စာကောင်းပေကောင်းတွေမျှဝေတာ save လုပ်ထားပြီး ဖတ်တာမျိုးလုပ်လို့ရပါတယ်။ ဖေ့ဘုတ်မှာဆိုရင် ကိုယ်ကြိုက်တဲ့ ဝတ္ထု၊ ဆောင်းပါး၊ စိတ်ခွန်အားပေးတဲ့ဆောင်းပါးတွေ၊ ဟင်းချက်နည်း၊ အစုံ ရှယ်ထား၊ ဆေ့ထားပြီးဖတ်လို့ရတဲ့အပြင် စာအုပ် review ပေးတဲ့ဂရုတွေမှာ ကိုယ်ဖတ်ကောင်းမယ့်စာအုပ်တွေတောင် ဝင်ကြည့်ပြီးမှတ်ထားလို့ရပါတယ်။

၃) ပညာရပ်အသစ်တွေသင်ယူမယ်
ဖေ့ဘုတ်မှာ အကျိုးမရှိတာတွေကို ခေါင်းထဲမထည့်ဘဲ ကိုယ်စိတ်ဝင်စားတဲ့ပညာရပ်နဲ့ပတ်သက်တာတွေ လိုက်ရှာနိုင်ပါသေးတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ စိတ်ဓာတ်ခွန်အားပေးတဲ့စာတွေ၊ ပန်းချီစိတ်ဝင်စားသူများအတွက် ပန်းချီအကြောင်း၊ ပန်းအကြောင်းစိတ်ဝင်စားသူများအတွက် ပန်းအကြောင်း၊ စသဖြင့် အကျိုးရှိတာတွေတင်ပေးနေတဲ့ ပေ့ချ်တွေအများကြီးရှိပါတယ်။ ရှာပြီးလေ့လာဖို့သာလိုတာပါ။

၄) အဆိပ်အတောက်လိုအရာတွေကို လုံးဝမမျှဝေပါနဲ့။
ဖေ့ဘုတ်သုံးတဲ့အခါ လူအစုံ အဆင့်အတန်းမျိုးစုံသုံးနေတာဖြစ်တဲ့အတွက် စုံလင်စွာ မြင်ရတွေ့ရဖတ်ရပါလိမ့်မယ်။ ကိုယ်က သုံးတတ်ရင်ဆေးဖြစ်သလို မသုံးတတ်ရင်တော့ အဆိပ်ဖြစ်မှာပါ။ ဆဲဆိုနေတာတွေ၊ လူမြင်မတင့်တယ်တာတွေ၊ လူကြားမကောင်းတဲ့အပြောအဆို၊ အနေအထိုင်၊ ဖြစ်ရပ်တွေကို ထူးဆန်းတာ၊ အံ့သြစရာကောင်းတာနဲ့တင် ရှယ်နေတာမျိုးမလုပ်ပါနဲ့။ လူကြားလို့မကောင်း၊ လူမြင်မတင့်တယ်တာတွေကို ထူးဆန်းတယ်ဆိုတာနဲ့တင် တစ်ယောက်နဲ့တစ်ယောက်မျှဝေရှယ်လိုက်ခြင်းဟာ ထိုလူတွေအတွက် ပိုပြီးနာမည်ကြီးစရာဖြစ်လာတတ်တာကို သတိပြုပါ။ မကောင်းတဲ့အတွေး၊ အမြင်၊ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်မျိုးတွေက လူအများကြား များများရောက်မလာသင့်တာမို့ ထိုကဲ့သို့ လုံးဝမတင့်တယ်တဲ့အကြောင်းအရာမျိုး၊ ပိုစ့်မျိုးတွေကို မရှယ်ကြခြင်းဖြင့် ဖယ်ကျဉ်ထားသင့်ပါတယ်။ အဲလိုမဟုတ်ရင်တော့ အဆိပ်အတောက်လိုလူတွေက ဖေ့ဘုတ်ပေါ်မှာ like / share / comment တွေများပြီး ပေါ်ပြုလာဖြစ်မှန်းမသိဖြစ်လာကြပါလိမ့်မယ်။

၅)ကိုယ်ပြန်ပြီးအသုံးချနိုင်မယ့်အရာတွေကို လိုက်နာမယ်
ကိုယ့်အတွက် တစ်နေရာရာမှာအသုံးဝင်မယ့်အကြောင်းအရာမျိုးဆိုရင် ကိုယ်တကယ်လိုက်နာမယ်၊ အသုံးချနိုင်မယ့်အရာတွေကို အခြားသူများလည်း အသုံးချနိုင်အောင် မျှဝေပေးပါ။

၆)ဆဲရေးတိုင်းထွာခြင်းမလုပ်ပါနဲ့
လူအမျိုးမျိုးစိတ်အထွေထွေမို့ အမြင်မတူတာတွေရှိမှာပါ။ အမြင်မတူတာခြင်းလက်ခံသင့်တာ လက်ခံပေးလိုက်ပါ။ ငြင်းခုံရတာ စိတ်ပင်ပန်းသလို၊ ဒေါသထွက်စေပါတယ်။ မန့်တွေအောက်မှာ ဝင်ဆဲတာမျိုး အတတ်နိုင်ဆုံးမလုပ်ပါနဲ့။ ကိုယ်နဲ့အမြင်မတူရင် ကျော်သွားလိုက်ပါ၊ Like / comment / share မလုပ်ဘဲ ကျော်သွားလိုက်တာ ကိုယ်စိတ်ချမ်းသာပါတယ်။

၇)ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားချင့်ချိန်ပြီးမှ မျှဝေမယ်
သတင်းတွေဖတ်တဲ့အခါ source ကိုသေချာကြည့်ပြီးမှ အခြားသူတွေလည်း သိသင့်တယ်ဆိုရင် မျှဝေပေးလိုက်ပါ။ တကယ်လို့ source က မခိုင်မာဘူးဆိုရင် သေချာအောင်နောက်ထပ်သတင်းတွေကို လိုက်ဖတ်ကြည့်ပါ။ မသေချာတဲ့သတင်း၊ မခိုင်လုံတဲ့သတင်းမျိုး၊ အကြောင်းအရာမျိုးဆိုရင် မမျှဝေသင့်ပါဘူး။

၈) ကိုယ်တကယ်မသိနိုင်တဲ့လူမျိုးကို ဖေ့ဘုတ်သူငယ်ချင်းအဖြစ်လက်မခံသင့်ပါဘူး
ဖေ့ဘုတ်အသုံးပြုခြင်းနဲ့အတူ အသုံးများတာကတော့ မက်ဆေ့ဂျာပါ။ မက်ဆေ့ဂျာမှာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စကားလိုက်ပြောခြင်းဟာ တကယ်စိတ်ရင်းအမှန်နဲ့သူမျိုးဆိုရင် ကိစ္စမရှိပေမယ့် မက်ဆေ့ဂျာကနေပြောနေသမျှ စကားတွေမှန်မမှန်ဆိုတာ ကိုယ်တကယ်မသိနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်မသိတဲ့လူတိုင်းကို ဖေ့ဘုတ်သူငယ်ချင်းအဖြစ်လက်မခံသင့်ပါဘူး။ ဖေ့ဘုတ် ပရိုဖိုင်အမှန်မတင်ထားတာမျိုး၊ ကိုယ်နဲ့ ကြားခံသူငယ်ချင်းမရှိတဲ့လူမျိုးဆိုရင် သတိထားသင့်ပါတယ်။
ကိုယ့်ရဲ့အကျိုးရှိမှုအတွက်သာဖေ့ဘုတ်ကို သုံးမယ်ဆိုရင် ဖုန်းဘေလ်ကုန်ရကျိုးနပ်သလို၊ အချိန်ကုန်ရကျိုးလည်းနပ်မှာအမှန်ပါပဲ။ အဲဒီလိုမဟုတ်ဘဲ အခြားသူတွေရဲ့ပို့စ်တွေလိုက်ကြည့်ရုံလောက်နဲ့တင်ဆိုရင်တော့ ကျန်းမာရေးအရလည်း မကောင်းနိုင်သလို၊ အချိန်လည်း အလကားကုန်စေပါတယ်။ အပြင်မှတကယ်တမ်းမသိကျွမ်းသူကို ယုံကြည်မိရင်လည်း အလိမ်အညာခံရနိုင်ပါသေးတယ်။ အဲဒါကြောင့် ဖေ့ဘုတ်ကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲဆိုတဲ့ အသိစိတ်လေးနဲ့ ချင့်ချိန်တတ်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။