သင့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို ဘယ်လိုဖယ်ရှားမလဲ။

တခါတရံမှာ ကျွန်တော်တို့ဘဝအတွက် အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို ရှောင်ရှားဖို့က ခက်ခဲပါတယ်။ သူတို့တွေက အကြောင်းအမျိုးမျိုးနဲ့ ပေါ်လာတတ်ပါတယ်။ တခါတရံ ကျွန်တော်တို့အလုပ်ဝန်းကျင်မှာ ဒါမှမဟုတ် မိသားစုပတ်ဝန်းကျင်မှာ၊ သူတို့ကို ဖယ်ထားလို့မရလောက်အောင် ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ သူတို့ကြောင့်ပျက်စီးမှုမဖြစ်စေရအောင် ကျွမ်းကျင်စွာဖယ်ရှားပစ်နိုင်ပါတယ်။ အဆိပ်အတောက်လိုလူမျိုးတွေကို သင့်ဘဝထဲက ထုတ်ပစ်လိုက်တဲ့အခါ ဘယ်လိုအကျိုးရှိပြီး ဘယ်လောက်အဓိပ္ပါယ်ရှိသလဲဆိုတာကို သင်သိလာမှာပါ။


၁) သူတို့ကို ပြောင်းလဲဖို့ မမျှော်လင့်နေပါနဲ့။.
ပထမဆုံး အရေးကြီးတာက သင်နဲ့ပတ်သက်နေတဲ့ အဆိပ်အတောက်လိုလူမျိုးကို ဖယ်ရှားနိုင်ဖို့ သင်ကိုယ်တိုင်က အမှန်တရားကိုလက်ခံနိုင်ဖို့လိုပါတယ်။ အဲဒါကတော့ သူတို့လိုလူမျိုးတွေကို ဘယ်လိုမှပြောင်းလဲဖို့ တွန်းအားမပေးနိုင်ဘူးဆိုတာပါပဲ။ သူတို့တွေရဲ့စကားတွေထဲမှာတင် သူတို့ကိုယ်သူတို့မပြောင်းလဲနိုင်ဘူးဆိုတာ အရိပ်အမြွက်ပြောတတ်ပါတယ်။ အဲလိုမဟုတ်ရင်လည်း အခြားသူတစ်ယောက်က သူတို့ပိုကောင်းလာဖို့ ကူညီပေးတာကိုလိုချင်နေတတ်လေ့ရှိပါတယ်။
အဆိပ်အတောက်ဖြစ်စေတဲ့သူတွေက သူတို့အတွက် အမြဲတမ်းပိုကောင်းတဲ့အခြေအနေတစ်ခု ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာဖို့ စိတ်ဓာတ်တက်ကြွနေတယ်ဆိုတာမရှိပါဘူး။ သူတို့ရဲ့ ရှုပ်ထွေးမှုတွေနဲ့ လိုအပ်မှုတွေနဲ့တင် ပြဿနာတက်နေတတ်ပါတယ်။
အဲဒါကြောင့် သူတို့ကိုယ်သူတို့တောင်မပြောင်းလဲနိုင်တဲ့သူတွေကို သင်လည်း မပြောင်းလဲပေးနိုင်ဘူးလို့ လက်ခံထားတာကသာ သင့်ဘဝထဲကသူတို့ကို ထုတ်ပစ်လို့လွယ်ကူမှာပါ။
၂) စည်းမျဉ်းတွေ ကန့်သတ်ထားပြီး ထိန်းသိမ်းပါ။
ခြယ်လှယ်တတ်ပြီး အဆိပ်အတောက်လိုလူမျိုးတွေက သင့်ရဲ့ ကောင်းမွန်တဲ့အကျင့်အကြံတွေကိုပါ ဆုတ်ယုတ်စေပြီး သင့်ရဲ့အလုပ်လုပ်ချင်စိတ်ကိုပါ အခက်အခဲဖြစ်စေလာပါတယ်။ သူတို့နဲ့ပိုပြီး ပျော်ရွှင်တတ်လာစေဖို့ အပေးအယူလုပ်တတ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းမိတဲ့အခါ သင့်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ခက်ခဲလာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်စည်းမျဉ်းကို ခိုင်မာစွာသတ်မှတ်ထားပါ။ မပတ်သက်သင့်မှန်းသိတဲ့လူနဲ့ ပတ်သက်ရမယ့် ကိစ္စတွေကို အတတ်နိုင်ဆုံးရှောင်ပါ။
၃) သူတို့ရဲ့ဒုက္ခ၊ ပြဿနာတွေထဲ ဝင်မပါပါနဲ့။
အဆိပ်အတောက်လိုလူတွေက သင့်ကို သူတို့အတွက်အမြဲလိုအပ်နေသလိုမျိုး ပြုမူတတ်ကြပါသေးတယ်။ သူတို့ကအမြဲ အရှုပ်အထွေးတွေကြားထဲမှာ ပြဿနာတက်နေကြတာမို့ သင့်ကိုပါ သူတို့ရဲ့အရှုပ်တွေထဲ ဆွဲထည့်တတ်ပါသေးတယ်။ အဲဒါကြောင့် သူတို့က သင့်ကို အမြဲတစေလိုအပ်နေတဲ့သူလိုမျိုးပြုမူလာရင် သတိထားပါ။ သူတို့ပြဿနာတွေထဲကို ကယ်တင်ရှင်လုပ်ပြီး ဝင်မပါပါနဲ့။ မကူညီပေးလိုက်ရလို့ သင့်ကိုယ်သင်မကောင်းတဲ့သူလို့ ထင်နေမိရင်တောင် သင်က ဒုက္ခတွေပြဿနာတွေတိုင်းကို လိုက်ဖြေရှင်းပေးမနိုင်ဘူးဆိုတာ သတိရပါ။
၄) အဖြေရှာဖို့သာ အာရုံစိုက်ပါ။
အဆိပ်အတောက်လိုလူတွေက သင့်ကို ဝမ်းနည်းမှုတွေနဲ့ ဒေါသဖြစ်စရာတွေပဲ ပေးပါလိမ့်မယ်။ ဒါပေမယ့်အဲဒီ့အရာတွေကိုပဲ သင်အာရုံစိုက်နေလိုက်ပြန်ရင် စိတ်ရှုပ်ထွေးခြင်းနဲ့ စိတ်ဒုက္ခရောက်ရတာပဲအဖတ်တင်ပါလိမ့်မယ်။
အဲဒီ့အစား သင့်ရဲ့အာရုံစိုက်မှုကို စိတ်ပိုင်းဆိုင်ရာအရ၊ စိတ်ခံစားမှုအရ ကောင်းမွန်စေတဲ့အကြောင်းအရာတွေမှာသာ အာရုံစိုက်ပါ။ မကောင်းတဲ့သူတွေရဲ့ မကောင်းတဲ့အပြုအမူတွေကိုသာ ပြန်ပြောင်းတွေးတောမိနေရင် သင့်ရဲ့အချိန်ကုန်သလို၊ သင့်ရဲ့အလုပ်အပေါ်အာရုံစိုက်ရမယ့် စွမ်းအင်တွေလည်း အလကားကုန်သွားရမှာပါ။
၅) ကိုယ့်ရဲ့တိုးတက်မှုတွေမှာသာ အာရုံစိုက်ပါ။
အဆိပ်အတောက်လိုလူမျိုးနဲ့ ပတ်သက်တဲ့အခါ သင့်ရဲ့အခက်အခဲနဲ့အားနည်းချက်တွေကို ဘယ်လိုမှ အာရုံစိုက်ဖို့မလွယ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ပြဿနာတွေကြားထဲမှာပဲ သင့်အချိန်တွေကုန်နေတော့တာကိုး။ အဲဒါကြောင့် သူတို့ပြဿနာကို အာရုံမစိုက်ပါနဲ့။ ကိုယ့်ရဲ့အခက်အခဲနဲ့ ကိုယ့်အားနည်းချက်တွေကိုသာ ပြောင်းလဲပြုပြင်ဖို့ အာရုံစိုက်ပါ။ အဲဒီလို ကိုယ့်တိုးတက်မှုအတွက် ကိုယ်အာရုံများနေတဲ့အခါ သူတို့ကိစ္စ၊ သူတို့ပြဿနာတွေတောင် ကိုယ်သိလဲမသိချင်၊ လာပြောလဲ စိတ်ဝင်စားချိန်တောင်မရတော့ပါဘူး။
၆) သင့်ပတ်ဝန်းကျင်မှာ ကောင်းတဲ့သူတွေနဲ့သာ ဝန်းရံပါ။
ပြောချင်တာက ပေါင်းသင်းသင့်တဲ့လူတွေနဲ့သာ အဓိကထားပေါင်းသင်းဆက်ဆံပါ။ အဆိပ်အတောက်လိုလူတွေနဲ့ ပတ်သက်ဖို့ အချိန်မပေးပါနဲ့။ အကောင်းမြင်စိတ်ရှိတဲ့သူတွေ၊ ပျော်ရွှင်စေတဲ့သူတွေ၊ သင့်ကိုအားပေးကူညီတဲ့သူတွေ စတဲ့သူတွေနဲ့သာ ဝန်းရံထားခြင်းက သင့်အတွက် ပိုကောင်းတဲ့အရာတွေကိုသာ အာရုံစိုက်စေနိုင်ပါတယ်။
သင့်ရဲ့နေ့စဉ်ဘဝမှာ သူတို့ရဲ့အတွေးအခေါ်တွေလွှမ်းမိုးခြင်းနဲ့ သူတို့ရဲ့ပြဿနာပေါင်းစုံလွှမ်းမိုးခြင်းကနေ ကင်းကွာနိုင်အောင် ကြိုးစားတာက သူတို့ကို သင့်ဘဝထဲက ထုတ်ပစ်ဖို့ပိုလွယ်ကူစေပါတယ်။ သင့်ဘဝကိုသာ သင်အာရုံစိုက်ခြင်းက သူတို့အကြောင်းတွေအတွက်တောင် လုံးဝအာရုံမရှိနိုင်တော့ပါဘူး။ သူတို့ကိအရေးမပေးတဲ့သင့်ကို သူတို့ကလည်း တဖြေးဖြေး ပါဝင်ပတ်သက်မှုနည်းပါးသွားပါလိမ့်မယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။