Exercise လုပ်ဖို့ပျင်းနေလျှင် ကိုယ့်ကိုကိုယ် ပြန်နှိုးဆော်နိုင်သည့် နည်းလမ်း ၇ ခု

ကိုယ်စားချင်တဲ့အစားတွေ စားဖို့ကတော့ ဘယ်လိုမှ မတားဆီးနိုင်တဲ့အကျင့်တစ်ခုဖြစ်နေပြီး ကိုယ့်ကိုကိုယ်မှန်ထဲကြည့်မိတဲ့အချိန်မှာပဲ နောင်တရနေတတ်တာမဟုတ်လား။ အဲဒီ့အချိန်မှာဆိုရင်တော့ “ငါအစားတွေလျော့စားမှ ဖြစ်မယ်……” လို့ ကိုယ့်ကိုကိုယ်တဖွဖွပြောနေတတ်ပေမယ့် တကယ်တမ်းလေ့ကျင့်ခန်းလုပ်ရမယ့်အချိန်မျိုးမှာတော့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေတတ်ခြင်းကလည်း ဆိုးဝါးတဲ့အကျင့်တစ်ခုပါပဲ။ အဲဒီ့တော့ အဲလိုမျိုး လေ့ကျင့်ခန်းလုပ်ဖို့ အပျင်းကြီးနေမိပြီဆိုရင် ခုဖော်ပြတဲ့ဆောင်းပါးလေးဖတ်ပြီး လိုက်လုပ်ကြည့်လိုက်ပါနော်။


၁) အချိန်ဇယားမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်မယ့်အချိန်တစ်ခုသပ်သပ်ထားပေးပါ။
အဲဒါက သင်ကိုယ်တိုင်မလုပ်ဖြစ်ဘဲ အပျင်းကြီးနေမိရင်တောင် သင့်ကိုသတိပေးနေမယ့် အရာတစ်ခုဖြစ်စေပါတယ်။ အဓိကက သင့်ရဲ့အချိန်ဇယားထဲမှာ တစ်နေ့ကို ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်မိနစ်စာလောက်တော့ လေ့ကျင့်ခန်းလုပ်ကိုလုပ်ရမယ်လို့ သတ်မှတ်ထားပါ။ ပြီးရင် အချိန်ဇယားကို သင်မြင်နိုင်လောက်တဲ့နေရာမှာ ကပ်ထားတာပိုကောင်းပါတယ်။ အဲဒါမှ မြင်လိုက်တာနဲ့ ဒီနေ့ ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်ရမယ်လို့ သတိပေးပြီးသားဖြစ်နေမှာပါ။ လုံးဝကို မေ့လျော့နေတာထက်စာရင် မြင်နေပြီး သတိတရဖြစ်နေတာကို သင့်ကို လေ့ကျင့်ခန်းလုပ်ဖို့ နှိုှု်းဆော်သလိုဖြစ်နေမှာပါ။

၂) အချိန်မရှိဘူးလို့ မပြောမိပါစေနဲ့။
အချိန်မရှိဘူးလို့ ဆင်ခြေပေးမိတတ်တာ ထုံးစံပါနော်။ အချိန်မရှိဘူးလို့ပြောမယ့်အစား လေ့ကျင့်ခန်းလုပ်မှဖြစ်မယ်…..လို့ ကိုယ့်ကိုကိုယ်သတိပေးတာက ပိုပြီး အကျိုးရှိစေပါတယ်။ သင့်စိတ်ကိုလည်း ပိုင်းဖြတ်ပါ၊ ဘယ်အချိန်မှာတော့ လုပ်ဖြစ်အောင်လုပ်ကိုလုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်လို့ အဲဒီ့အချိန်ရောက်ရင် (ဥပမာ ညနေပိုင်း ဒါမှမဟုတ် မနက်ပိုင်းလား တခုခုပေါ့) အချိန်မဆိုင်းဘဲ လုပ်ဖို့ ပြင်ပါ။ ညကတည်းက မနက်ဖြန် လေ့ကျင့်ခန်းလုပ်မှဖြစ်မယ်…..လို့ ညမအိပ်ခင်ကတည်းက ကိုယ့်ကိုကိုယ်သတိပေးတဲ့အနေနဲ့ တဖွဖွရွတ်ပါ။

၃) မနက်စောစောထဖို့အကျင့်လုပ်ပါ။
မနက်ကိုစောစောထခြင်းက သင့်အတွက် လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ အချိန်ပိုထွက်လာစေပါလိမ့်မယ်။
ထုံးစံအားဖြင့် မနက်ကို မထချင်၊ အလုပ်သွားခါနီးလောက်မှ ကပ်ထ၊ အလုပ်သွား ပြန်လာအနားယူဖို့တွေးတာကြောင့်လည်း ပုံမှန်လေ့ကျင့်ခန်းမလုပ်ဖြစ်ရမျိုး တော်တော်များများဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့် မနက်ကိုစောစောထနိုင်အောင် အကျင့်လုပ်လိုက်ပါ။ အဲဒီ့အချိန်မှာ သင့်အတွက်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်စေသလို၊ သင့်အလုပ်ကိုလည်း စောစောရောက်ဖို့ သင့်စိတ်လန်းဆန်းနေစေဖို့ သေချာသလောက်ပါပဲ။ ဘယ်လောက်ကောင်းလိုက်ပါသလဲ။

၄) အနည်းဆုံးတော့ လမ်းလျှောက်ပေးပါ။
လေ့ကျင့်ခန်းပီပီသသ လုပ်ဖို့ အချိန်သပ်သပ်လည်းပေးရမှာ ပျင်းနေတယ်ဆိုရင် ကိုယ့်ကိုကိုယ်နှိုးဆော်တဲ့အနေနဲ့ လမ်းလျှောက်ပေးပါ။ တစ်နေ့နာရီဝက်ခန့်လောက်ပေါ့။ ရေများများသောက်ပေးပါ။ ပုံမှန်အကျင့်တစ်ခုအနေနဲ့လမ်းလျှောက်ချိန်မတိုင်မီ ကြိုတင်ပေါင်ချိန်ထားပြီး သင့်ရဲ့ပေါင်ချိန်ကို မှတ်ထားပါ။ တကူးတက ဘယ်နေရာကနေဘယ်နေရာအထိ လမ်းလျှောက်မယ်လို့ အဝေးကြီးတွေတွေးမနေပါနဲ့။ ကြပ်ညပ်နေတဲ့ဘတ်စ်ကားပေါ်ကနေ သင့်အိမ်မရောက်ခင် မှတ်တိုင်၂ခုစာလောက်စောဆင်းပြီး အိမ်ရောက်တဲ့အထိ လမ်းလျှောက်လို့လည်း အဆင်ပြေတာပါပဲ။ တဖြေးဖြေးလျော့လာတဲ့ပေါင်ချိန်လေးကို ကြည့်ပြီး လေ့ကျင့်ခန်းပြန်လုပ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာပါလိမ့်မယ်။

၅) တိကျတဲ့သတ်မှတ်ချက်တစ်ခုထားပါ။
ဥပမာ။ တစ်လအတွင်း ဘယ်နှစ်ပေါင် ကျရမယ်ဆိုတာမျိုး၊ သတ်မှတ်ချက်တိကျစွာထားလိုက်ပါ။ အဲဒါကလည်း သင်လေ့ကျင့်ခန်းလုပ်ဖို့ပျင်းနေတဲ့အခါ ပြန်ပြီး တက်ကြွလာစေနိုင်ပါတယ်။ တစ်လမပြည့်ခင် သင့်ရဲ့ရည်မှန်းချက်ကို ရောက်အောင်လုပ်ရမယ်ဆိုတဲ့စိတ်က သင့်ကို အပျင်းကြီးနေရာကနေ လန့်နိုးစေပါလိမ့်မယ်။

၆) သင့်အခန်းမှာ စာကပ်ထားပါ။
တစ်နေ့မှာ ဘယ်နှစ်နာရီ လေ့ကျင့်ခန်းလုပ်ပါ ဆိုတဲ့စာမျိုးကို မြင်သာအောင် စာလုံးကြီးတွေနဲ့ရေးပြီး သင့်အခန်းနံရံမှာ ကပ်ထားလိုက်ပါ။ ဒါမှမဟုတ် အိမ်ရှေ့မှာဖြစ်ဖြစ်ပေါ့။ သင်မမြင်ချင်ရင်တောင် မြင်နေရလို့ သင်လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတဲ့အခါ အဲဒီ့စာသားတွေက သင့်ကို လှောင်ပြောင်နေတဲ့ဒဏ်ကို သင်ခံစားနိုင်မှာမဟုတ်ပါဘူး။ လုံးဝလေ့ကျင့်ခန်းမလုပ်ဖြစ်လေ ပိုပြီး ပျင်းလာလေလေမို့ တကယ်လို့များ စာကပ်ထားတာကို မြင်ပြီး လေ့ကျင့်ခန်းထလုပ်ဖြစ်ရင် နောက်နေ့လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ အစပြန်ဖြစ်သွားနိုင်ပါတယ်။

၇) သင့်ရဲ့ပတ်ဝန်းကျင်က လူတွေကို လေ့ကျင့်ခန်းလုပ်မယ့်အကြောင်းပြောပြထားပါ။
အဲဒါက သင့်ကိုသင်ချည်နှောင်တဲ့ကြိုးပါပဲ။ သူများတွေကို လေ့ကျင့်ခန်းလုပ်မယ်လို့ ကြိုပြောထားတဲ့အခါ မလုပ်ဖြစ်ရင် သင့်စကားနဲ့သင် အရှက်ရရတော့မှာပါ။ အဲဒီ့တော့ သင့်စကားနဲ့သင် လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားမိလာပါလိမ့်မယ်။

ဒါပေမယ့် ဘယ်လိုနည်းလမ်းတွေသုံးသုံး သင့်စိတ်ကိုတော့ သင်နိုင်အောင် ထိန်းချုပ်ပြီး လေ့ကျင့်ခန်းလုပ်ဖြစ်အောင် လုပ်မှ ရမှာပါ။ ဖော်ပြပေးထားတာလေးတွေက လွယ်ကူပြီး သင့်ကိုသင်နိုးဆော်နိုင်ရင်တော့ ထိရောက်မယ့်နည်းလမ်းလေးတွေပါပဲ။ တကယ်ဖြစ်ချင်စိတ်ရှိဖို့ကသာ အရေးကြီးတာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။