ဘဝသင်ခန်းစာပေး ပုံပြင်တိုလေးများ
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ဘဝတွေအတွက် သင်ခန်းစာပေးပြီး သင်ခန်းစာယူမှတ်သား၊ လိုက်နာသင့်တဲ့သင်ခန်းစာရနိုင်တဲ့ပုံပြင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ #BAWA101
ကြင်နာသူနဲ့ရက်စက်သူ တခါက မြင်းပိုင်ရှင် လူနှစ်ယောက်ရှိပြီး ပထမမြင်းပိုင်ရှင်ဟာ အပြောအဆိုကြမ်းတမ်းပြီး ရက်စက်ပြီးမညှာတာတတ်သူဖြစ်ပါတယ်။ ဒုတိယမြင်းပိုင်ရှင်ကတော့ သူ့ရဲ့မြင်းအပေါ်ကြင်နာဂရုစိုက်ပြီး ကြင်နာတတ်သူဖြစ်ပါတယ်။ တစ်နေ့သောအခါမှာ မြင်းပိုင်ရှင်နှစ်ဘောက်ရဲ့တိုင်းပြည်ကို အခြားတစ်နိုင်ငံက လာရောက်တိုက်ခိုက်ခြင်းကို ခံကြရပါတယ်။ သူတို့နှစ်ဦးလည်း ဘုရင့်အမိန့်အရ အခြားသော ယောကျ်ားများနဲ့အတူ စစ်တိုင်ဖို့ရာ ထွက်ကြရပါတော့တယ်။ သူတို့ကိုယ်စီပိုင် မြင်းများကို စီးနင်းလျက် စစ်မြေပြင်ကို ထွက်ခဲ့ကြပါတယ်။ ရန်သူများနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့အခါ ရန်သူများဘက်က အားသာသဖြင့် မြင်းပိုင်ရှင်၂ဦးလုံးပင် အရေးနိမ့်ကာ ထိခိုက်ဒဏ်ရာရကြပါတယ်။ စစ်ပွဲအလယ်မှာ မြင်းပေါ်က ကိုယ်စီကိုယ်ငှ ပြုတ်ကျခဲ့ကြပါတော့တယ်။ အဲဒီ့အခါမှာ ကြင်နာတတ်သူမြင်းပိုင်ရှင်ရဲ့မြင်းဟာ သခင်ဖြစ်သူကို ခါးလည်မှခါးပတ်ကိုကိုက်ချီလျက် စခန်းရှိရာဆီ အပြေးနှင်လာခဲ့ပါတော့တယ်။ ရက်စက်ကြမ်းတမ်းသူရဲ့မြင်းကတော့ သူ့ရဲ့မြင်းပိုင်ရှင် မြင်းပေါ်က ပြုတ်ကျသွားတဲ့အခါမှ ပြန်လည်ပြီး မြင်းဆီအရောက်သွားကာ စခန်းသို့ပြန်ရန်ကြိုးစားသော်လည်း မြင်းမှာ မိမိပိုင်ရှင်ဖြစ်သူမှာမိမိကို ရိုက်နှက်ကန်ကြောက်တော့မယ်ဟု အထင်ရောက်လျက် ပိုင်ရှင်ကို အကပ်မခံဘဲ ထွက်ပြေးပါတော့တယ်။ နောက်ဆုံးမှာတော့ ရန်သူလက်ချက်ဖြင့် ရက်စက်သူမြင်းပိုင်ရှင်မှာ အသက်သေဆုံးသွားရပါတော့တယ်။ ဒီပုံပြင်လေးမှာလည်း လူမပြောနဲ့ တိရိစ္ဆာန်တောင်မှ ရက်စက်သူနဲ့ ကြင်နာသူအပေါ် တုံ့ပြန်ပုံခြင်းမတူဘူးဆိုတာကို ပြသသွားတာဖြစ်ပါတယ်။ အကြင်နာတရားထားရင် ကိုယ့်ရဲ့အကြင်နာတရားကိုတိရိစ္ဆာန်တောင်မှ နားလည်တယ်ဆိုတဲ့သဘောပါပဲ။
နောက်တစ်ပုံမာန်တက်သောမြင်း ကျန်းမာသန်စွမ်းတဲ့မြင်းတစ်ကောင်ဟာ သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သန်မာဖြတ်လတ်မှုကို မာန်တက်၊ဂုဏ်ယူနေပါတယ်။ အဲဒီ့အချိန်မှာ မြည်းတစ်ကောင်ကို ဝန်စည်စလွယ်တွေလေးလံစွာ ပင်ပန်းဆင်းရဲကြီးစွာသယ်နေရတာကိုတွေ့လိုက်ရပါတယ်။ မာန်တက်နေတဲ့မြင်းဟာ သူ့ရဲ့လှပတဲ့ဝန်စည်စလွယ်တွေအတွက် ဂုဏ်ယူပြီး တဖက်က ညစ်ပေနေတဲ့မြည်းကို ရှုတ်ချအပြစ်တင်လိုက်ပါတယ်။ “နှေးကွေးလေးလံလွန်းလို့ အဲဒီလိုဖြစ်နေတာ၊ ငါ့အရှေ့ကနေဖယ်” ဆိုပြီး မတူမတန်ပြောဆိုလိုက်ပါတယ်။ အလေးအပင်သယ်ပိုးထားရတဲ့မြည်းဟာ သည်းခံပြီး ရှေ့ကိုသာဆက်လျှောက်သွားလိုက်ပါတယ်။ ကာလအတန်ကြာတဲ့အခါမှာတော့ အရင်က လှပသန့်ရှင်းပြီးကျန်းမာသန်စွမ်းတဲ့မြင်းဟာ သူမတူမတန်ဆက်ဆံခဲ့တဲ့မြည်းကို ပြန်လည်တွေ့ဆုံခဲ့ပြန်ပါတယ်။ အဲဒီ့အခါမှာတော့ သူ့ရဲ့ကျန်းမာသန်စွမ်းကြံ့ခိုင်မှုကို မာန်တက်ခဲ့တဲ့မြင်းဟာ လယ်သမားတစ်ယောက်ထံမှာ အရောင်းစားခံလိုက်ရတာမို့ ရွံ့တွေပေလူးညစ်ပတ်နေပြီး နွားချေးလှည်းတစ်စီးကို ဆွဲလာတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီ့အခါမှာ သူရှုံ့ချခဲ့တဲ့မြည်းဟာ မြင်းကိုကြည့်ပြီး “အိုမာနကြီးတဲ့ မိတ်ဆွေကြီး ဘယ်လိုများဖြစ်ရတာလဲ၊ ဒီလိုအဖြစ်မျိုးရောက်မယ်လို့ သင့်ကိုယ်သင်မထင်မိခဲ့ဖူးမဟုတ်လား” လို့ ပြောလိုက်ပါတော့တယ်။ ဘဝမှာလည်းအဲဒီ့အတိုင်းပါပဲ။ ကိုယ်က ကောင်းစားနေတဲ့အချိန်မှာ နိမ့်ကျသူ့ကို တွဲခေါ်သင့်ပါတယ်။ အမြဲတမ်းကောင်းစားနေမယ်လို့ ပြောလို့မရသလို၊ နိမ့်ကျနေသူဟာလည်း အမြဲနိမ့်ကျနေမယ်လို သတ်မှတ်လို့မရနိုင်ပါဘူး။ အဲဒီ့အတွက် ဘယ်တော့မဆို လူတိုင်းကို အထင်မသေးဘဲ မျှတစွာဆက်ဆံတတ်ဖို့နဲ့ ကိုယ့်ရောက်ရှိနေတဲ့နေရာဟာ အမြဲမရှိနိုင်ဘူးလို့ နှလုံးသွင်းသင့်ကြောင်း သင်ခန်းစာပေးထားတာပဲဖြစ်ပါတယ်။
နောက်တစ်ပုံဘဝရဲ့အခက်အခဲတွေဆိုတာ တွန်းအားပါ။ တစ်ခါက ငါးတစ်ကောင်ဟာ ရေထဲကနေ ခုန်ထွက်ပြီး ကမ်းပေါ်သောင်တင်သွားပါတယ်။ ကမ်းကနေ ရေထဲပြန်ရောက်ဖို့ သဲတွေနဲ့လူးပေနေပြီး ရေထဲပြန်ဆင်းဖို့ရာအခက်တွေ့နေပါတော့တယ်။ အဲဒီ့လို သေလုမြောပါးနဲ့ မိန်းနေတဲ့အချိန်မှာပဲ ပုရွတ်ဆိတ်အနီတွေစီတန်းရောက်လာပြီး ငါးကို အသေကောင်အမှတ်နဲ့ကိုက်ခဲကြပါတော့တယ်။ အဲဒီ့အခါကျမှ ငါးဟာ လူးလိမ့်အောင် နာကျင်နေရပြီး သဲထဲကနေ ရေရှိရာဆီ တရွေ့ရွေ့သွားရပါတယ်။ “ရေထဲရောက်မှ ငါ့နာကျင်မှုတွေသက်သာမှာ” ဆိုတဲ့အတွေးနဲ့ လူးလိမ့်နေရာကနေ နာကျင်လွန်းတဲ့အခါ ဖျတ်ဖျတ်လူးလိုက်၊ မောလာတဲ့အခါ နားလိုက်နဲ့ ပုရွက်ဆိတ်တွေရဲ့ကိုက်ခဲမှုက လွတ်မြောက်အောင် ကြိုးစားပါတော့တယ်။ အဲဒီလိုတရွေ့ရွေ့နဲ့ နာကျင်မှုဒဏ်ကို မခံစားနိုင်တဲ့အတွက် ကြိုးစားလာလိုက်တာ ကမ်းပေါ်ကနေ ရေစပ်ကို အရောက်မှာတော့ အားထည့်ခုန်လိုက်တဲ့အခါ ရေထဲကို ပြန်လည်ရောက်ရှိသွားပါတော့တယ်။ ဘဝမှာလည်း အဲဒီသဘောပါပဲ။ အခုချိန်မှာ အရမ်းကို ပင်ပန်းခက်ခဲကြပ်တည်းနေတယ်ဆိုတဲ့အခါ ရေနည်းငါးကို ပုရွတ်ဆိတ်တွေ ဝိုင်းခဲနေတယ်လို့သဘောထားကြည့်လိုက်ပါ။ အဲဒီလိုခက်ခဲကြပ်တည်းမှုကနေ သင်ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ရုန်းထွက်နိုင်ဖို့လိုပါတယ်။ နောက်ဆုံးအချိန်မှာတောင် အားကုန်ကြိုးစားကြည့်ခြင်းက အလကားမဖြစ်စေပါဘူး။ လက်တလောကြုံနေရတဲ့ နာကျင်မှု ပင်ပန်းဆင်းရဲမှုတွေကပဲ သင့်ကို ပန်းတိုင်ရောက်အောင် တွန်းပို့နိုင်တယ်ဆိုတာမမေ့လိုက်ပါနဲ့နော်။ နာကျင်မှု၊ ခက်ခဲမှုတွေသာမရှိရင် သင်ရုန်းထွက်ဖို့ကြိုးစားမိမှာမဟုတ်ပါဘူး။
နောက်တစ်ပုံအဘိုးအိုနဲ့မြေးငယ် သားဖြစ်သူနဲ့ချွေးမဖြစ်သူတို့ဟာ အဖေအိုကြီးတစ်ယောက်တည်းကျန်ခဲ့တဲ့အတွက် တစ်အိမ်ထဲနေပြီး ပြုစုစောင့်ရှောက်ထားကြပါတယ်။ ဒါပေမယ့် အမြဲလို အဖေအိုကြီးရဲ့ ဝေယျာသစ္စတွေပြုလုပ်ပေးရတာကို ငြူစူသလို၊ ငြိုငြင်အပြစ်တင်တတ်ကြပါတယ်။ အဖိုးကို အမြဲလိုငြိုငြင်နေပြီး အိမ်ရဲ့မီးဖိုခန်းထဲမှာသာ ဖြစ်သလိုပစ်ထားကြပါတယ်။ ထမင်းစားတဲ့အခါမှာလည်း မြေခွက်နဲ့သာထည့်ကျွေးလေ့ရှိပါတယ်။ အဲဒီလို အဖေအိုကြီးအပေါ်ပြုမူပြောဆိုသမျှကို သားဖြစ်သူရဲ့သား ၊ အဖိုးအိုရဲ့မြေးဖြစ်သူက အမြဲလို ကြားနေမြင်နေလေ့ရှိပါတယ်။ တစ်နေ့တော့ အဖိုးအိုရဲ့ မြေအိုးထမင်းခွက်ဟာ အဖိုးအိုရဲ့ တုန်ယင်နေတဲ့လက်ကနေ လွတ်ကျပြီး ကွဲသွားခဲ့ပါတယ်။ အဲဒီ့အခါ အဖိုးအိုကို သားနဲ့ချွေးမဖြစ်သူတို့က ဆူပူကြပါတယ်။ နောက်ထပ်မြေခွက်ဆိုရင် ကျကွဲမှာစိုးရိမ်တာကြောင့် သစ်သားခါက်နဲ့သာ အဖိုးအိုကို တမင်းကျွေးပါတော့တယ်။ အဖိုးအိုရဲ့မြေးဖြစ်သူဟာ အဲဒီ့အဖြစ်အပျက်ကိုမြင်တာမို့ မြေးဖြစ်သူဟာ သစ်သားခါက်ကလေးတွေလုပ်နေပါတော့တယ်။ အဲဒါကိုမြင်တဲ့အဖိုးဖြစ်သူက “မြေးရေ ဘာတွေလုပ်နေတာလဲ” လို့မေးလိုက်ပါတယ်။ မြေးဖြစ်သူက “ဖိုးဖိုးလိုမျိုး ထမင်းစားရင် မြေအိုးခါက်ကွဲမှာစိုးလို့၊ ဖေဖေနဲ့မေမေအသက်ကြီးလာရင် ထမင်းထည့်ကျွေးဖို့ သစ်သားခွက်လုပ်နေတာ”လို့ပြောလိုက်ပါတော့တယ်။ အဲဒီ့စကားကိုကြားတဲ့အခါမှ သားဖြစ်သူနဲ့ချွေးမဖြစ်သူတို့ဟာ အဖေအိုကြီးကို သူတို့ပြုမူမိတာမှားပြီလို့နောင်တရပြီး အိမ်ဦးခန်းမျာပြန်ထားကာ၊ သေချာပြုစုစောင့်ရှောက်ဖို့ သံဝေဂရပါတော့တယ်။ တနည်းအားဖြင့်တော့ ဝဋ်ဆိုတာ အချိန်မနှေးပြန်ပြီးလည်တတ်တယ်ဆိုတဲ့ သင်ခန်းစာပေးထားတာြဖစ်ပါတယ်။
နောက်တစ်ပုံခြင်္သေ့နဲ့တောဝက် တခါတုန်းက တောအုပ်တစ်ခုရဲ့အအုပ်တစ်ခုရဲ့အလယ်က စမ်းရေအိုင်တစ်ခုမှာ ခြင်္သေ့တစ်ကောင်နဲ့တောဝက်တစ်ကောင် ရေသောက်ဆင်းလာရင်း ဆုံတွေ့ကြပါတယ်။ ခြင်္သေ့က “ သူသာလျှင် တော်ဘုရင်မို့ အရင်ရေဆင်းသောက်သင့်တယ်” လို့ ပြောပါတယ်။ တောဝက်ကလည်း “သူ့ကို ဦးစားပေးသင့်ကြောင်း” ပြန်ပြောပါတယ်။ အဲဒီ့နေရာမှာတင် “သူအရင်ဆင်းသောက်သင့်တယ်၊ ငါအရင်ဆင်းသောက်သင့်တယ်” နဲ့ ငြင်းခုံရင်း မကြာခင်ရန်ဖြစ်ကိုက်ခဲတော့မယ့်အခြေအနေဖြစ်လာပါတယ်။ သူတို့အချင်းချင်းရန်စောင်နေတာနဲ့တင် ဘေးပတ်ဝန်းကျင်ကို သတိမထားမိကြပါဘူး။ အဲဒီ့အချိန်မှာပဲ လင်းတ တစ်ကောင်ဟာ ခြင်္သေ့နဲ့တောဝက်တို့ ရန်ဖြစ်ကိုက်ဖြတ်တဲ့အခါ ရှုံးနိမ့်သေဆုံးသွားမယ့်အကောင်ကို စားဖို့ရာ သူတို့အနီးဝန်းကျင်က သစ်ပင်ပေါ်မှာတင် အဆင်သင့်စောင့်ဆိုင်းနေပါတယ်။ အဲဒီ့အခါကျမှ ခြင်္သေ့နဲ့တောဝက်တို့ဟာ သံဝေဂရပါတော့တယ်။ ဘာမှမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ ရန်ဖြစ်ခြင်းဟာ အခြားသော မလိုသူတွေအတွက် အခွင့်ကောင်းဖြစ်စေပါတယ်။ အဲဒါကြောင့် တခါတရံမှာ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေအတွက်နဲ့ အချင်းချင်းနားလည်မှုယူလိုက်တာအကောင်းဆုံးပါပဲဆိုတဲ့မက်ဆေ့လေးပေးရင်းမျှဝေပေးလိုက်ရပါတယ်။