မတူညီတဲ့လူတိုင်းက ယူတတ်ရင် သင့်အတွက်သင်ခန်းစာတွေချည်းပါပဲ

ဘဝမှာ လူပေါင်းစုံနဲ့ အကျင့်စရိုက်ပေါင်းစုံကို ရင်ဆိုင်ကြရမှာပါ။ အဲဒီလိုရင်ဆိုင်ရတဲ့အခါ ပြဿနာပေါင်းစုံလည်း ကြုံရပြန်တာပါပဲ။ အကျင့်ကောင်းတဲ့သူ ၊ အကျင့်မကောင်းတဲ့သူ၊ ကူညီတတ်သူ၊ ဒုက္ခပေးတတ်သူ၊ ကိုယ့်ကို ချောက်တွန်းတတ်သူ၊ ကိုယ့်ဆီက အကူအညီသာယူပြီး ပေါ်မလာဇာတ်ခင်းတတ်သူ၊ စသဖြင့်ပေါ့။ ကိုယ့်မှာစိတ်ရင်းအတိုင်းဆက်ဆံလိုက်ပြီးမှ ပြဿနာပေါင်းစုံနဲ့ကြုံတဲ့အထိ ကိုယ့်ပြန်ဒုက္ခပေးသွားတဲ့လူတော့ ရှိမှာပါပဲ။


ကိုယ့်စိတ်နဲ့ ကိုယ်တောင် တခါတလေ ရန်ဖြစ်ရတဲ့အခိုက်အတန့်ရှိသေးတာဆိုတော့ အခြားသူတွေနဲ့ ကိုယ့်စိတ်အဆင်မပြေတာကတော့ ဖြစ်တတ်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် ကိုယ့်က စိတ်ရင်းမှန်နဲ့ ပေါင်းသင်းဆက်ဆံလိုက်ပေမယ့် ကိုယ့်ကို စိတ်ထားမမှန်ဆက်ဆံတတ်သူများနဲ့ကြုံရတဲ့အခါမှာတော့ နာကျင်မိတာပေါ့လေ။ နာကျင်မယ်၊ စိတ်တိုမယ်၊ ဒေါသထွက်မယ်၊ စိတ်ဆင်းရဲမယ်၊ သောကရောက်မယ် စတဲ့ခံစားချက်ပေါင်းစုံကို ခံစားရမှာ အမှန်ပါပဲ။
ခံစားချက်တွေထဲမှာပါ မြောပါနေရင် တချို့အရာတွေကို ကျွန်တော်တို့မမြင်နိုင်တော့ပြန်ပါဘူး။ လူပဲ….စိတ်ခံစားချက်ကတော့ရှိမှာအမှန်မို့ ခံစားချက်ကို ခံစားလို့ရပါတယ်။ ခံစားချက်တွေအတိုင်း ခံစားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ရမယ့်အပိုင်းတွေကိုတော့ မေ့ထားလို့ မဖြစ်ပါဘူး။ သင့်အနားကလူတွေကို ပြန်သုံးသပ်မယ်၊ သင့်ကိုယ်သင်ပြန်သုံးသပ်မယ် စသည်ဖြင့်ပေါ့။
အဲဒီ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖို့ကျတော့ “ငါဘာများမှားနေသလဲ….” “ငါ့အမှားဘာရှိသလဲ…ဒီပြဿနာတွေက ငါ့ကြောင့်ဖြစ်ရတာလား၊ ငါဘာလုပ်မိသလဲ” စတဲ့အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းမြင်လာအောင် သုံးသပ်ကြည့်ရမှာပါ။ ကိုယ်ကျမှ အမှားလုံးဝမရှိဘူးဆိုတဲ့အတွေးမျိုးမဟုတ်ဘဲ ကိုယ့်အမှားကိုကိုယ်တိုင်မြင်လာအောင် ကြည့်ရမှာဖြစ်ပါတယ်။ အဲဒါမှ ကိုယ့်ရဲ့အမှားကိုမြင်လာပြီး ကိုယ်တိုင်ပြုပြင်ဖို့ စဉ်းစားနိုင်လာမှာဖြစ်ပါတယ်။

ကိုယ့်အနားကလူတွေကို ပြန်သုံးသပ်တဲ့အခါမှာလည်း “ကိုယ့်ကို ပြဿနာတွေချည်းပေးလာတဲ့သူလား….” “ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူလား….” “ကိုယ့်ကို ဟန်ဆောင်ပန်ဆောင်နဲ့ ဆက်ဆံတတ်တဲ့သူလား” “ကိုယ့်အတွက် အဆိပ်အတောက်လိုလူလား၊ ကိုယ်ခွင့်လွှတ်ကြည့်ပေမယ့် အခါခါ ကိုယ့်ကိုယ်လိမ်ညာနေတဲ့သူလား” ဆိုတာမျိုးကို အမှန်အတိုင်းမြင်အောင် သုံးသပ်တတ်ဖို့လိုပါတယ်။
လူဆိုတာမျိုးက အတ္တအနည်းနဲ့အများတော့ ရှိကြတာချည်းပါပဲ။ အဲဒီ့မှာ ကိုယ့်ကို အမြဲလို ဒုက္ခပေးမှန်းမသိ ပေးတတ်တဲ့အဆိပ်အတောက်လိုလူတွေများနေတယ်ဆိုရင်တော့ ထိုလူတွေက ကိုယ့်ကိုဒီထက့်ဆိုးဝါးစွာဒုက္ခမပေးနိုင်ခင် ရှောင်နိုင်မှဖြစ်ပါလိမ့်မယ်။ “ကိုယ့်ဘဝအတွက် အဆိပ်အတောက်လိုလူတွေကို ကိုယ့်ဘဝထဲက ဖယ်ထုတ်လိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိခြင်းသာဖြစ်ပါတယ်” ကိုယ့်အတွက်တော့ အနည်းအများပြန်ကြည့်ကြတာချည်းပါပဲ။ ကိုယ့်အတွက်ချည်းကြည့်ပြီး အခြားသူကို ဒုက္ခရောက်စေတာမျိုး မဖြစ်ရင် ရပါပြီ။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကြောင့်သာ ပြဿနာဖြစ်ရတယ်၊ ကိုယ့်အပြုအမူကြောင့် ၊ ကိုယ့်အကျင့်စရိုက်ကြောင့်ဆိုရင်တော့ ကိုယ်ကိုယ်ကိုယ်ပြုပြင်ဖို့ စတင်စဉ်းစားရမှာပါပဲ။ ကိုယ့်အမှားတွေကို ကိုယ်တိုင်သိနေရုံနဲ့မရပါဘူး၊ တကယ်ကြိုးစားပြင်မှ အမှန်များလာတဲ့လူဖြစ်နိုင်တာပါ။
ကိုယ့်အမှားတွေဆီကနေ သင်ခန်းစာယူပါ၊ ပြန်တွေးပါ၊ သုံးသပ်ကြည့်ပါ၊ သင်ခန်းစာမှတ်သားပါ။ အမှားတွေဆီက ရတဲ့သင်ခန်းစာက ကိုယ့်ဘဝအတွက်လည်း အတွေ့အကြုံကောင်းတွေပါပဲ။
အဲဒီလိုပါပဲ ကိုယ့်ဘေးက လူတွေက အဆိပ်အတောက်လိုလူတွေဆိုရင် သူတို့ကို ကိုယ်ရှောင်ရမှာမှန်သလို ထိုလူတွေကို ဘေးကနေကြည့်နေရင်း ထိုလူတွေရဲ့အမှားတွေကို သင်ခန်းစာယူရမှာဖြစ်ပါတယ်။

Sam Levenson ပြောသလိုမျိုးပေါ့ “You must learn from the mistakes of others. You can’t possibly live long enough to make them all yourself.” တဲ့ အခြားလူတွေရဲ့အမှားတွေကိုကြည့်ပြီး သုံးသပ်လေ့လာသင်ခန်းစာယူရမယ်လေ မဟုတ်ရင် အမှားတွေကိုလိုက်လုပ်ကြည့်နေဖို့က အမှားမဆုံးတော့တာမို့ ကိုယ့်အသက်တောင် အဲလောက်ရှည်မယ်မထင်လို့လေ။ အမှားတွေတိုင်းသာ လိုက်မှားကြည့်ပြီး သင်ခန်းစာယူနေမယ်ဆိုရင် သင်သေသွားတဲ့အချိန်ထိတောင် အမှားတွေက ဆုံးမှာမှမဟုတ်တာ။ အဲဒီ့အတွက် သင့်အနားမှာ သင်ပတ်ဝန်းကျင်မှာ အမျိုးမျိုးအဖုံဖုံမှားနေကြတဲ့လူတွေကို ရှောင်ကျဉ်ပါ၊ အဝေးကနေကြည့်ပြီး အမှားတွေကို သင်ခန်းစာယူပါ ။ ကိုယ်မမှားနိုင်အောင် သတိထားပါ။ ဥပမာ။ သင့်ပတ်ဝန်းကျင်မှာ အရက်ကိုစွဲလမ်းစွာသောက်ရင်း အိမ်မှာသောင်းကျန်းတတ်တဲ့အိမ်ထောင်ဦးစီးမျိုးတွေကိုတွေ့ရင် နှာခေါင်းရှုံ့မယ့်အစား အရက်သောက်တာက ဒီလိုမျိုးဖြစ်တတ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေများလာစေပါလား……လို့တွေးပြီး သင်ခန်းစာယူပါ။ နှစ်လုံးထီသုံးလုံးထီထိုးရင်း စီးပွားပျက်သွားတဲ့လူတွေကိုတွေ့ရင် လောင်းကစားဟာ မတည်မြဲပါလား ကိုယ့်အလှည့်ကျမလုပ်ဘူးလို့ သင်ခန်းစာယူကြည့်ပါ။

တကျက်ကျက်ရန်ဖြစ်နေတဲ့အိမ်ထောင်တစ်ခုမှာ သားသမီးတွေစိတ်ဆင်းရဲတာမြင်ရင် ကိုယ့်သားသမီးအလှည့်ကျ အဲဒီလိုမခံစားရအောင် ဆင်ခြင်ရမယ်လို့ သင်ခန်းစာယူကြည့်ပါ။ မသန်စွမ်းပေးမယ့် ဈေးလည်ရောင်းနေတဲ့သူမျိုးတွေ့ရင် ပင်ပန်းပေမယ့် ရိုးသားစွာရှာစားတဲ့သူကို လေးစားအတုယူကြည့်ပါ။ စသဖြင့် သင့်ပတ်ဝန်းကျင်က မတူတဲ့လူတွေနဲ့တင် သင့်ဘဝအတွက် သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်။ သင်ခန်းစာယူ၊ ကိုယ်တကယ်ရှောင်သင့်တာကိုရှောင်၊ ကိုယ်တကယ်လုပ်သင့်တာကိုလုပ်ပြီး နေထိုင်မယ်ဆိုရင် ကိုယ့်ကို ပြဿနာပေးလာတဲ့လူတွေ၊ ကိုယ့်ကိုဒုက္ခလာပေးတဲ့လူတွေအတွက်ကိုလည်း အများကြီး ထိုင်စိတ်ညစ်မနေနိုင်တော့ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ထက်အများကြီး ဆိုးဝါးတဲ့သူတွေကို မြင်လာပြီး ကိုယ်ဘာလုပ်နိုင်သလဲ စဉ်းစားနိုင်လာပါလိမ့်မယ်။ “Smart people learn from their mistake. Wise people learn from other people mistake” ဆိုသလို ကိုယ့်အမှားကေနသင်ခန်းစာလည်း ယူ၊ အခြားလူတွေရဲ့အမှားတွေကနေလည်း သင်ခန်းစာယူလိုက်ပါနော်။ ကိုယ့်ဘေးက မှားယွင်းနေတဲ့လူတွေကြောင့် စိတ်ညစ်နေရင်း ခံစားချက်တွေထဲမှာပဲ မနေထိုင်ပါနဲ့။ ကိုယ့်ဘေးက အဆိပ်အတောက်လိုလူတွေကိုရှောင်ပါ၊ သူတို့ထံက ရတဲ့သင်ခန်းစာနဲ့ ဘဝကို မမှားအောင် ရှေ့ဆက်ပါလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။